အပိုင်း ၆၁
Viewers 1k

အခန်း(၆၁) - ကိုးဆယ့်ကိုးယောက်မြောက် ချစ်သူကောင်မလေး

 

ယန်ကျင်းယို၏ မျက်နှာအမူအရာဟာ တောင့်တင်းလာသည်။ “နေ့လည်က ဟိုတယ်ကနေ အထူးဟင်းလျာ မှာယူခဲ့တာလေ။ ငါ သိပ်မကြာခင်ကမှ စားပြီးသွားတော့ အဲ့ဒီအနံ့က ကျန်နေသေးတာ ဖြစ်နိုင်တယ်။”

 

“သာမာန်ဟင်းလျာတစ်ပွဲလား။ မင်း အလုပ်လုပ်နေချိန်ဆို အာဟာရဓာတ် ပြည့်ဝစွာ ပါဝင်တဲ့ အသင့်စားအစားအသောက်တွေကိုပဲ စားတာ မဟုတ်ဘူးလား။ မင်း ဘာလို့ ရုတ်တရတ်ကြီး တစ်ယောက်တည်း ဟင်းမှာစားတာလဲ။”

 

“ငါ့စားသောက်နှုန်းကို ပြန်လည်ဖြည့်စွက်နေတာ” ယန်ကျင်းယို့သည် အကြောင်းပြချက် မလုံလောက်ဘူးလို့ ထင်ကာ ခဏလောက် တွန့်ဆုတ်ပြီးနောက် “ငါ့ရဲ့ ကိုးဆယ့်ကိုးယောက်မြောက် ချစ်သူကောင်မလေးနဲ့ အောင်ပွဲခံမလို့လေ” လို့ အလျင်အမြန် ထပ်ပေါင်းပြောဆိုလိုက်သည်။

 

ယန်ကျင်းယို့က ဒါကိုပြောပြီးတာနဲ့ နျဥ်ချီလွေ့ထံမှ မထီမဲ့မြင်ပြုတဲ့ အကြည့်ကို ချက်ချင်း လက်ခံရရှိလိုက်သည်။ “ပလေးဘွိုင်း”

 

“ပလေးဘွိုင်းလား” ယန်ကျင်းယို့သည် သူကြားလိုက်ရသော အသုံးအနှုန်းကြောင့် မပျော်မရွှင် ဖြစ်သွားသည်။ “ညီငယ်လေး အေးအေးဆေးဆေး လမ်းမခွဲတဲ့လူမျိုးကိုပဲ ပလေးဘွိုင်းလို့ ခေါ်တာ။ မင်းအစ်ကိုကြီးက ငါ့ဆက်ဆံရေးတိုင်း အစရော အဆုံးရော ကောင်းတယ်။ ပျော်ပျော်ရွှင်ရွှင် တွေ့ဆုံတယ်၊ ပျော်ပျော်ရွှင်ရွှင် ခွဲခွာတယ် - ဒါက ငါ့ခံယူချက်ပဲ။ အများဆုံးကတော့ ငါ့ကို ကလူကျီစယ်တာ တော်တယ်လို့ ယူဆရလိမ့်မယ်။ ကိုယ့်ကိုယ်ကို ပညာတတ်တယ်လို့ ယူဆထားတယ်။”

 

နျဥ်ချီလွေ့က သူ့မျက်လုံးတွေကို လှိမ့်လိုက်ပြီး သူ့ငြင်းဆိုချက်ကို လှောင်ပြောင်လိုက်သည်။

 

ဒါကို မြင်တော့ ယန်ကျင်းယို့သည် စကားခေါင်းစဥ်ကို ပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။ “ဒါနဲ့ပြောရရင် မင်းရဲ့ အနာဂတ်ချစ်သူကောင်မလေးနဲ့ ဘာဖြစ်လာလို့လဲ။ မင်းက ဒေါသတွေ ဖြေဖျောက်ဖို ငါ့ဆီကို လာခဲ့တာလား။”

 

ယန်ကျင်းယို့က ဤသို့ပြောလိုက်ပြီးသည်နှင့် သူက တစ်စုံတစ်ခုကို တွေးနေသည့်ပုံပင်။ သူက မျက်မှောင်အသာကြုတ်ပြီး လေးနက်သည့်အသံဖြင့် ပြောလိုက်သည်။ “ညီလေး အတွေ့အကြုံရှိတဲ့ လူတစ်ယောက်အနေနဲ့ မင်းကောင်မလေးက အပြစ်ကင်းတဲ့ယုန်လေးတစ်ကောင် မဟုတ်ဘူးလို့ ငါပြောနိုင်တယ်။ အကယ်၍ မင်းသာ ဂရုမစိုက်မိဘူးဆိုရင် သူက မင်းကို အသာလေး မျိုချလိုက်နိုင်တယ်။ မင်း သူမနဲ့ လေးနက်တဲ့ ဆက်ဆံရေး မတည်ဆောက်ခင် လက်လျော့လိုက်တာ ပိုကောင်းလိမ့်မယ်။”

 

အကယ်၍ အခြားအချိန်များတွင် ယန်ကျင်းယို့က သူ့အသည်းကျော်လေးအား ဒီလိုစကားမျိုးကို ပြောတာကြားရမည်ဆိုလျှင် သူ‌ ပေါက်ကွဲသွားပေလိမ့်မည်။

 

သို့ရာတွင် စုယန်ယန်ပြောလိုက်သည့် စကားများကြောင့် သူ စိတ်ထိခိုက်နေဆဲ ဖြစ်နေသောကြောင့် ထိုမှတ်ချက်ကို ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပါ။

 

“ဒါ သူမကြောင့် ဖြစ်နေတာ မဟုတ်ဘူး။ ဒါပေမယ့် ကျွန်တော် ဒီနေ့ အရမ်းစိတ်ပျက်စရာကောင်းတဲ့ လူတစ်ယောက်နဲ့ တွေ့ခဲ့တယ်။”

 

“အိုး...” ယန်ကျင်းယို့က သူ့မျက်ခုံးတွေကို ပင့်လိုက်မိပေမယ့် စိတ်ဝင်စားသွားသည်။ “ဘယ်သူကများ သခင်ငယ်လေးနျဥ်ကို မပျော်ရွှင်အောင် လုပ်လိုက်တာလဲ။ သူတို့က အသက်မရှင်ကြတော့ဘူးလား။”

 

“စိတ်ပျက်စရာကောင်းတဲ့ အမျိုးသမီးတစ်ယောက်ပဲ။ ငါတို့ တွေ့တွေ့ချင်းမှာပဲ သူမက ငါ့မှာ ရောဂါတစ်ခုရှိတယ်လို့ ပြောတယ်။”

 

“ဖူး...” ယန်ကျင်းယို့သည် ရယ်ချင်စိတ်ကို မနည်းမျိုသိပ်လိုက်ရသည်။ “မင်း နေမကောင်းဘူးလား။ ဘာရောဂါလဲ။”

 

“သူမ ပြောတာကတော့ ငါ့ကျောက်ကပ်မှာ ပြဿနာရှိတယ်တဲ့။”

 

“ကျောက်ကပ်လား”

 

နျဥ်ချီလွေ့၏ မျက်နှာဟာ ရုတ်တရတ် နီမြန်းသွားသည်။ “ကျောက်ကပ်ပြဿနာရှိတာ ဘယ်လိုဖြစ်နိုင်မှာလဲ။ ငါက မင်းနဲ့မတူဘူး၊ ပြီးတော့ ငါက အပတ်တိုင်း ရည်းစားကောင်မလေးတွေကိုလည်း မပြောင်းဘူးလေ။ အကယ်၍ ငါတို့မှာ ကျောက်ကပ်ပြဿနာ ရှိတယ်လို့ ပြောရရင်တောင် မင်းက ငါ့ထက် ပိုဖြစ်နိုင်ချေ များသေးတယ်။ ငါ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ...”

 

“အိုး... မင်း စကားကို အဲ့လိုပြောမှ ဖြစ်မှာလား” ယန်ကျင်းယို့သည် အပ်တစ်ချောင်းဖြင့် အထိုးခံလိုက်ရသကဲ့သို့ ရုတ်ခြည်း မတ်တပ်ထရပ်လိုက်သည်။ သူက နျဥ်ချီလွေ့ကို မကျေမနပ် စိုက်ကြည့်နေသည်။

 

“ငါက မင်းကို ဥပမာတစ်ခုအနေနဲ့ ပြောလိုက်ရုံပါပဲ။ မင်း ဘာလို့ အရမ်းအထိမခံနိုင်ဖြစ်နေတာလဲ။”

 

“မင်း ဒီလိုဥပမာမျိုး ပေးမှာ ရမှာလား။ အကယ်၍ မင်းသာ သူများတွေက မင်းကို ကျောက်ကပ်အားနည်းတယ်လို့ပြောရင် ကြိုက်မှာလား။”

 

“ငါက ကျောက်ကပ်မှာ ပြဿနာရှိတယ်လို့ပဲ ပြောလိုက်တာလေ။ ကျောက်ကပ်အားနည်းတယ်လို့ တစ်ခွန်းမှာ မပြောလိုက်ပါဘူး။”

 

ယန်ကျင်းယို့သည် သူ့စကားများကြောင့် မွန်းကျပ်သွားသည်။

 

အခန်းထဲမှ လေထုသည် အတော်လေး ကိုးရိုးကားရားနိုင်သော်လည်း အဆုံး၌ ယန်ကျင်းယို့သည် တိတ်ဆိတ်မှုကို ချိုးဖျက်လိုက်သည်။ “အဲ့မိန်းမက ဒီလိုပြောလိုက်တယ်ဆိုရင် သူမ တော်တော်လေး လွန်သွားပြီ။”

 

နျဥ်ချီလွေ့သည် မိန်းမောတွေဝေနေရာမှ အသိပြန်ဝင်လာပုံရပြီး ပဲ့တင်သံလို စကားဆိုလာသည်။ “အဲ့တာ မဖြစ်နိုင်ဘူးမလား။ သူမက ငါ့မှာ ကျောက်ကပ်မှာ ပြဿနာရှိရုံတင်မကပဲ အမြန်ဆုံး ကုသမှုမခံယူဘူးဆိုရင် အသက်အန္တရာယ်ထိခိုင်စေနိုင်တယ်လို့ ပြောလိုက်သေးတယ်။ နားထောင်ကြည့်၊ ဒါက ဒီအတိုင်းပြောလိုက်တဲ့ စကားမျိုးနဲတူလား။”

 

နျဥ်ချီလွေ့ ပြောပြသည့် ဇာတ်လမ်းအလုံးစုံကို ကြားလိုက်ရသောအခါတွင် ယန်ကျင်းယို့၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက ခဏလောက်စဥ်းစားပြီး လေးလေးနက်နက် ပြောလိုက်သည်။ “သူမ ဒီလိုပြောလိုက်တယ်ဆိုကတည်းက မင်း ခန္ဓာကိုယ်ကျန်းမာရေး စစ်ဆေးကြည့်သင့်တယ်။”

 

နျဥ်ချီလွေ့ရဲ့မျက်ဝန်းအကြည့်တွေက အနည်းငယ် မှိန်ဖျော့သွားသည်။ “မင်း ဘယ်လိုပြောနိုင်တာလဲ...”

 

“ဒါကို အမှန်တရားလို့ မယုံကြည်ဘူးဆိုရင်တောင် ကျန်းမာရေး စစ်ဆေးကြည့်လိုက်တာက အကောင်းဆုံးပဲ။ ဘာပဲဖြစ်ဖြစ် ဒါက မင်းခန္ဓာကိုယ်နဲ့ ပတ်သတ်နေတယ်။ အဲ့တာက အမှန်ဖြစ်နေမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။”

 

ထိုစကားက နျဥ်ချီလွေ့ ဆက်ပြောမယ့်စကားတွေကို ရပ်တန့်သွားစေသည်။ အကယ်၍ အဲ့တာသာ အမှန်ဆိုရင်ရော။ ဒီကိစ္စက မဟုတ်ပါဘူးလို့ ဘယ်သူက အာမခံနိုင်မှာလဲ။

 

ဒါက အမှန်ဖြစ်နေလျှင်ကော၊ ဒါဆိုရင် သူ ဖြစ်နိုင်လိမ့်မယ်...

 

နျဥ်ချီလွေ့သည် ဒါကို ဝန်မခံချင်ပေမယ့် သူ့နှလုံးသားထဲတွင် တုန်လှုပ်ချောက်ချားနေသည့် ကြောက်ရွံ့မှုကို လျစ်လျူမရှုနိုင်ပေ။