စုယန်ယန်သည် သူမမိသားစုပိုင် ဖျော်ဖြေရေးကုမ္ပဏီတစ်ဝိုက်
လှည့်ပတ်ကြည့်ရှုခဲ့သည်။ ကုမ္ပဏီ၏ လက်ရှိလည်ပတ်နေသော လုပ်ငန်းဆောင်တာများကို အကြမ်းဖျင်း
နားလည်သဘောပေါက်သွားပြီးနောက် သူမသည် ကုမ္ပဏီမှပြန်ရန် အဆင်သင့်ဖြစ်နေသည်။
ရှားကျွင်းရှန့်သည် သူမကို ကုမ္ပဏီဆင်ဝင်အောက်အထိ လိုက်ပို့ပေးသည့်အချိန်တွင်
ဖုန်းတစ်ကော လက်ခံရရှိခဲ့သည်။
“ဘာလဲ။ တစ်ယောက်ယောက်ကို ပြောင်းလဲဖို့ တောင်းဆိုချက်တစ်ခု
ရှိတာလား။ ဘယ်သူ့ကိုလဲ။”
“ဝမ်ကျင့်ဖျင်လား။ သူမက ငါတို့ကုမ္ပဏီရဲ့ အနုပညာရှင်လား။
အကယ်၍ မဟုတ်ဘူးဆိုရင် သူမကို ထုတ်ပယ်လိုက်ပေါ့။ ဘာပဲဖြစ်ဖြစ် ဒါက အစပဲရှိသေးတယ်။ လူအနည်းစုအတွက်
ဒါက ကြီးမားတဲ့ ပြဿနာ မဖြစ်သင့်ဘူး။”
“ခဏနေဦး...” စုယန်ယန်က ဖုန်း၏ အခြားတစ်ဖက်မှ လူနှင့် ရှားကျွင်းရှန့်တို့၏
စကားပြောဆိုမှုကို မနေနိုင်ပဲ ကြားဖြတ်လိုက်သည်။
ရှားကျွင်းရှန့်သည် ခဏလောက် အေးခဲသွားပြီး သူမကို စိတ်ရှုပ်ထွေးစွာ
လှည့်ကြည့်လိုက်သည်။ “ဘာဖြစ်လို့လဲ။”
“တစ်ယောက်ယောက်က ဝမ်ကျင့်ဖျင်ကို ထုတ်ပယ်ချင်နေတာလား။ ဘယ်သူကလဲ။”
“အမ်...” ရှားကျွင်းရှန်းသည် ခဏလောက် တုံ့ဆိုင်းသွားပြီးကာ
တစ်ဖက်လူအား စုယန်ယန်၏ မေးခွန်းကို ထပ်ခါတလဲလဲ ပြောလိုက်သည်။
အစပိုင်းမှာတော့ ထိုလူက ထုတ်ဖော်ဖို့ ဆန္ဒမရှိပေမယ့် နောက်ပိုင်းမှာတော့
သူက ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောခဲ့သည်။ “အဲ့တာက ဒုဥက္ကဌပါ။ သူက ဟောက်မိသားစုရဲ့
ညွှန်ကြားချက်လို့ ပြောပါတယ်။”
“ဟောက်မိသားစုလား” စုယန်ယန်က အံ့အားသင့်သွားသည်။
ဟောက်ရှောက်ဖုန်းနဲ့ ဝမ်ကျင့်ဖျင်တို့သည် သူတို့ရဲ့ ချစ်စကြင်စ
အချိန်ကို ရောက်ရှိနေကြပြီး သူက ဖေးဖကူညီတတ်သော လက်တွဲဖောက်တစ်ယောက်အဖြစ် သရုပ်ဆောင်ရန်
ပို၍စိတ်အားထက်သန်မှု မရှိတော့ပါ။ သူက သေချာပေါက် သူမကို ရသစုံ အစီအစဥ်မှ နုတ်ထွက်ခွင့်ပြုမှာ
မဟုတ်ဘူး။
ဟောက်ရှောက်ဖုန်း၏ မိဘများသည် ထိုသို့သော အသေးအမွှား ကိစ္စများကို
စိတ်ဝင်စားမယ့်ပုံမပေါ်ပေ။ တစ်ခုတည်းသော ရှင်းလင်းချက်မှာ...
စုယန်ယန်သည် တစ်ယောက်ယောက်က သူမနောက်ကွယ်တွင် သူမအစား ဒေါသဖြေဖျောက်ပေးဖို့
လုပ်နေတာကို တွေးမိရင်း သူမနှုတ်ခမ်းထောင့်စွန်းလေးများ တွန့်ကွေးသွားကာ ပြုံးလိုက်မိသည်။
“ကျွန်မ နားလည်ပြီ။ ကျွန်မ သူနဲ့စကားပြောလိုက်ပါ့မယ်။ အခုလတ်တလောတော့
သူမကို မထုတ်ပယ်လိုက်နဲ့ဦး။”
စုယန်ယန်က ရှားကျွင်းရှန့်နဲ့ ကုမ္ပဏီက သူမ ဆိုလိုတာကို နားလည်မှုလွဲသွားမှာ
စိုးရိမ်ပြီး ထပ်ပြောလိုက်သည်။ “သူမကို ရသစုံ အစီအစဥ်ကနေ ထုတ်ပယ်ဖို့ မလိုအပ်တဲ့အပြင်
သူမကို သိပ်ပြီးအာရုံစိုက်နေဖို့ မလိုအပ်ဘူး။ ကျွန်မတို့လူတွေကိုပဲ ဂရုစိုက်လိုက်ပါ။”
ရှားကျွင်းရှန့်သည် အရူးမဟုတ်ပေ။ သူက စုယန်ယန်ရဲ့ စကားများထဲမှ
ဆိုလိုရင်းကို နားလည်သဘောပေါက်သည်။
ဝမ်ကျင့်ဖျင်လို့ အမည်ရတဲ့ အမျိုးသမီးအတွက် သူတို့က ခက်ခဲအောင်
လုပ်ဖို့ မလိုအပ်ပေမယ့် သူမအတွက် အခွင့်အလမ်းပြတင်းပေါက်များကို မဖွင့်ပေးနိုင်ဘူး။
သူမ ဘယ်အဆင့်အထိ အောင်မြင်နိုင်မလဲ၊ သူမ ဘယ်လောက်အထိ သွားနိုင်မလဲဆိုတာက
အရေးမကြီးဘူး။
စုယန်ယန်သည် ရှားကျွင်းရှန့်နဲ့ ထိုကုမ္ပဏီရဲ့ ဒုဥက္ကဌတို့ကို
အခက်အခဲ မတွေ့စေချင်ခဲ့ပါ။ ထို့ကြောင့် သူမသည် ဟောက်ချန်ဟွမ်းကို အိမ်အပြန်လမ်းတွင်
ဗီဒီယိုဖုန်းခေါ်ဆိုမှုကို ပြုလုပ်ခဲ့သည်။
ဗီဒီယိုဖုန်းခေါ်ဆိုမှု ချိတ်ဆက်လိုက်သောအခါတွင် ဟောက်ချန်ဟွမ်းသည်
သွမ်းသွမ်းကို အစာကျွေးဖို့လုပ်ရင်း အလုပ်များနေခဲ့သည်။
ဟုတ်တယ်၊ သူက ခွေးငယ်လေးကို အစာစားဖို့ ချော့နေတယ်။
သူတို့နှစ်ဦး၏ ချစ်ခြင်းမေတ္တာကို ဖော်ညွှန်းသည့် ဒီကော်ဂီခွေးငယ်လေးသည်
ဟောက်အိမ်တော်သို့ ဝင်ရောက်လာကတည်းက ထူးကဲသော တော်ဝင်ပြုစုစောင့်ရှောက်ပေးမှုများ
ခံစားခဲ့ရသည်။
သူ့တွင် ခွေးတစ်ကောင်အတွက် လုံလောက်သည့် ဇိမ်ခံဗီလာတစ်လုံး
ရှိသည့်အပြင် သူ့ကိုယ်ပိုင်ဗီရိုနှင့် သန့်စင်ခန်းပါ ရှိလေသည်။
အရေးအကြီးဆုံးအချက်မှာ ဟောက်ချန်ဟွမ်းသည် သူလေးနှင့် ပတ်သက်သည့်
မည်သည့်ကိစ္စရပ်များတွင်မဆို အမြဲတမ်း အသင့်ရှိနေခြင်း ဖြစ်လေသည်။ သူသည် ဒီခွေးငယ်လေးကို
ပြုစုစောင့်ရှောက်ရန် မည်သူ့လက်ထဲမှ မအပ်သလို သူက ခွေးထိန်းတစ်ယောက်လိုပင် ဝန်ဆောင်မှု
ပေးလိုက်သေးသည်။
ကျိုးကျစ်ယန်နှင့် အခြားသူများက သူတို့ သခင်လေးသည် ဒီဝတုတ်တုတ်
ခွေးလေးအား သူ့သမီးလေးအဖြစ် မွေးမြူထားတယ်လို့ သံသယရှိကြသည်။
သွမ်းသွမ်း “...” ဘယ်သူ့ကို ဝတုတ်လို့ ခေါ်တာလဲ။
ဗီဒီယိုဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် တစ်ပြိုင်နက်
စုယန်ယန်သည် သူမရဲ့ ချစ်စရာ အမွှေးပွကလေးငယ်၏ မျက်နှာအား တွေ့လိုက်ရသည်။ စပျစ်သီးများကဲ့သို့
မျက်လုံးဝိုင်းဝိုင်းလေးများသည် သူမကို မြင်လိုက်သည်နှင့် အားကိုးရာ ရှာတွေ့သွားသည့်ဟန်
ပေါ်လာခဲ့သည်။ သူလေးရဲ့ မျက်နှာပေါ်တွင် ခါးသီးမှုများအပြည့်နှင့် စိတ်ထိခိုက်ခံစားနေသည့်ဟန်
တဝုတ်ဝုတ်အော်ဟစ်နေကာ ကြီးမားသည့် မကျေနပ်ချက်များ ရှိနေပုံရသည်။
စုယန်ယန်က သူလေးကို မိန်းမောတွေဝေစွာ ကြည့်လိုက်ပြီး ဘာတွေဖြစ်နေတာလဲဆိုတာကို
သူမ နားမလည်နိုင်ခဲ့ဘူး။ “သူ ဘာဖြစ်နေတာလဲ။ သူ့ကြည့်ရတာ အရမ်းပင်ပန်းဆင်းရဲနေသလို သရုပ်ဆောင်နေရတာလဲ။”
“သူ့ကို အစာခက်ခက်ခဲခဲကျွေးနေရပြီး အစာစားဖို့ ငြင်းပယ်နေတယ်။”
“မင်း ဘာလို့ ရုတ်တရတ်ကြီး ဆိုးသွမ်းပြီးတော့ ထိန်းကျောင်းရ
ခက်နေရတာလဲ။ မင်း မာမီကို သတိရလို့လား။”
“အဲ့လို မဟုတ်ဘူးထင်တယ်။” ဟောက်ချန်ဟွမ်းသည် တစ်ခါမှ ဒီလိုမျိုး
ကူကယ်ရာမဲ့ပြီး ရှက်ရွံ့နေတာမျိုး မတွေ့ခဲ့ဖူးဘူး။ “သူက အခု မိတ်လိုက်ရာသီဝင်လာတော့
နည်းနည်းလေး မငြိမ်သက်တော့ဘူး။ မနက်တုန်းက အိမ်အကူကို သူ့ကို သင်းကွပ်ဖို့အတွက် ခေါ်သွားသင့်လားလို့
ပေါ့ပေါ့ပါးပါး မေးလိုက်မိတယ်။ အဲ့တာကို သူကြားသွားပြီး မနက်ကတည်းကစပြီး ကိုယ့်ကို
လျစ်လျူရှုနေပြီး အစာစားဖို့ကိုပါ ငြင်းဆန်နေတာ…”