အပိုင်း ၆၃
Viewers 967

အခန်း(၆၃) - ထိမ်းမြားလက်ထပ်ရန် စီစဥ်ထားသောခွေးငယ်လေး

 

သွမ်းသွမ်းသည် “သင်းကွပ်” ဟူသော စကားလုံးကို ထပ်မံကြားလိုက်ရသောအခါတွင် ဟောက်ချန်ဟွမ်းအား လှည့်၍ တီးတိုးမာန်ဖီပြခဲ့သည်။ ထို့နောက် သူနောက်ကျောခိုင်းကာ ကြမ်းခင်းပေါ်ထိုင်ချရင်း သူဖက်သို့ တင်ပါးလှည့်လိုက်သည်။

 

အကျင့်မကောင်းတဲ့ ခွေးဒယ်ဒီကြီး၊ သူသည် အမွှေးများပြောင်သွားမှာကို ခံနိုင်ရည် ရှိသော်လည်း သင်းကွပ်တယ်ဆိုတာက သူ့ရဲ့နောက်ဆုံးစည်းဖြစ်သည်။

 

စုယန်ယန်သည် ခဏလောက် ကြက်သေ သေသွားခဲ့သည်။ သူမခွေးလေးအတွက် မိတ်လိုက်ရာသီ ရောက်ခါနီးနေပြီဆိုတာကို မြန်မြန်သိလိုက်ရတယ်... ဒါပေမယ့် သင်းကွပ်ဖို့က...

 

စုယန်ယန်သည် အားတင်းပြုံးပြလိုက်ပြီး စကားဆိုလိုက်သည်။ “ကျွန်မတို့သွမ်းသွမ်းက လက်ထပ်ဖို့ စီစဥ်ထားပြီးတဲ့ ခွေးလေးတစ်ကောင်ပါ။ အကယ်၍ ရှင် သူ့ကို သင်းကွပ်ပေးလိုက်မယ်ဆိုရင် သူ သေချာပေါက် မပျော်ရွှင်နိုင်ဘူးလေ။”

 

သွမ်းသွမ်းသည် စုယန်ယန် ပြောလိုက်တာကို ကြားလိုက်ပုံရပြီး သူ့ရဲ့ အမွှေးထူခန္ဓာကိုယ်လေးက အနည်းငယ် လှုပ်ရွသွားခဲ့သည်။

 

ဒီအကြောင်းအရာနှင့် ပတ်သက်ပြီး အလွန်သိချင်နေမိသော်လည်း အခြားမည်သူမျှ သူ သိချင်တာကို သတိမပြုမီဟုထင်ကာ လျစ်လျူရှုဟန်ဆောင်ခဲ့သည်။

 

“လက်ထပ်ဖို့စီစဥ်ထားတာလား။”

 

“ဟုတ်တယ်၊ ကျွန်မသူငယ်ချင်းရဲ့ ခွေးလေးနဲ့လေ၊ သူလည်း ကော်ဂီခွေးလေးပဲ။ သူက သွမ်းသွမ်းထက် ရက်အနည်းငယ် ငယ်တယ်။ သူတို့နှစ်ယောက်က ငယ်ချစ်ဦးတွေလို့ မှတ်ယူလို့ ရတယ်။”

 

ဟောက်ချန်ဟွမ်းသည် ငယ်ချစ်ဦးဟူသော စကားလုံးကြောင့် အနည်းငယ် စိတ်ဆိုးသွားခဲ့သည်။ သွမ်းသွမ်းနဲ့ တခြားလူရဲ့ခွေးက ငယ်ချစ်ဦးတွေဆိုရင် စုယန်ယန်နဲ့ သူကလည်း...

 

“မင်းသူငယ်ချင်းက အမျိုးသားလား။”

 

စုယန်ယန်သည် ထိုမေးခွန်းနောက်ကွယ်မှ ကွယ်ဝှက်ထားသော ဟောက်ချန်ဟွမ်း၏ သဝန်တိုမှုတွေကို မြင်လိုက်ရပြီး သူမမျက်နှာပေါ်တွင် အပြုံးခပ်ဖျော့ဖျော့လေး ပေါ်လာခဲ့သည်။ “အဲ့တာ မိန်းကလေးပါ။ သူမက ကျွန်မရဲ့ အချစ်ဆုံးသူငယ်ချင်း ဖြစ်ပြီးတော့ ဒီနှစ်ရက်အတွင်း နိုင်ငံခြားကနေ ပြန်လာလိမ့်မယ်။ သူမက ကျွန်မတို့ လာမယ့်လမှာ ကျင်းပမယ့် မင်္ဂလာပွဲကျရင် ကျွန်မရဲ့ သတို့သမီးအရံ လုပ်လိမ့်မယ်။”

 

စုယန်ယန်၏ မိန်းကလေး သူငယ်ချင်းဖြစ်တယ် ဆိုတာကို ကြားလိုက်ရတာနဲ့ ဟောက်ချန်ဟွမ်းရဲ့ အန္တရာယ်ရှိသော သတိပေးချက်မှာ ချက်ချင်းပျောက်ကွယ်သွားသည်။ “ဒါဆို သူမ ဘယ်တော့ ပြန်လာမှာလဲ။ ဒီခွေးလေးက အခုပဲ...”

 

“ဒီနှစ်ရက်အတွင်း ပြန်လာမှာပဲလေ။ သူမ ပြန်ရောက်တဲ့အခါကျရင် ကျွန်မ ရှင်နဲ့ မိတ်ဆက်ပေးမယ်။ သွမ်းသွမ်းနဲ့ကတော့...” ခွေးငယ်လေးကိုကြည့်ရင်း စုယန်ယန်၏ မျက်နှာ‌ပေါ်တွင် အဓိပ္ပါယ်ရှိသော အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ “ဒီနှစ်ရက်လောက်ကိုတောင် မစောင့်နိုင်ပဲ ဆက်လက်ဆိုးသွမ်းနေဦးမယ်ဆိုရင် ကျွန်မတို့ သူ့ကို သင်းကွပ်ပေးလိုက်ကြတာပေါ့။ အဲ့ဒီအခါကျရင် သူ့ရဲ့ပန်းပွင့်လို သတို့သမီးလောင်းလေးက သူ့ကို ဆက်လိုချင်သေးလား ဆိုတာကို ကျွန်မတို့ တွေ့ကြမှာပေါ့။”

 

သွမ်းသွမ်း “!!!” သေချာတာပေါ့။ သူ့မှာ ပထွေးတစ်ယောက် ရှိသွားတာနဲ့ မိထွေးတစ်ယောက်ကိုပါ ပိုင်ဆိုင်သွားပြီ။ ငါလေးက သူမရဲ့ အချစ်ဆုံး ကလေးလေး မဟုတ်တော့ဘူးလား။ သူမ ဘယ်လိုလုပ်ရက်ရတာလဲ။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်က သူမရဲ့ အမွှေးလုံး ကလေးလေးကို စနောက်ကျီစယ်နေတာကို ကြားလိုက်ရသောအခါတွင် သူ့ရဲ့ ဖတ်မရနိုင်သော မျက်နှာအမူအရာက မှုန်မှိုင်းသွားခဲ့သည်။ သူက အသံအက်အက်ဖြင့် စကားဆိုလိုက်သည်။ “ဒါဆိုရင် ငါ့ရဲ့ ပန်းပွင့်လေးလို သတို့သမီးလောင်းကရော ဘယ်လိုထင်လဲ။”

 

“ဟမ်...”

 

“မင်း ကိုယ့်ကို တာဝန်မယူပဲ နေမှာလား။”

 

စုယန်ယန်က အနည်းငယ် ထိတ်လန့်သွားမိပြီးနောက် သူမသည် ဟောက်ချန်ဟွမ်းရဲ့ ဆိုလိုတာကို တွေးလိုက်မိသည်...

 

“ကျွန်မ ရှင့်ဆီမှာ ကျွန်မရဲ့ ကလေးလေးကိုတောင် ချန်ထားခဲ့ပြီးပြီ။ ကျွန်မက ရှင့်ကို မလိုချင်ဘူးလို့ ရှင်ထင်လား။”

 

ဟောက်ချန်ဟွမ်း၏ စိတ်အခြေအနေသည် အနည်းငယ် တိုးတက်ကောင်းမွန်လာခဲ့သည်။ သူက ကော်ဂီခွေးငယ်လေးကို ကောက်ချီလိုက်ပြီး အေးစက်နေဆဲဖြစ်သော စကားလုံးများဖြင့် စုယန်ယန်ကို အခိုင်အမာ ပြောလိုက်သည်။ “ကိုယ် မနက်ဖြန် မင်းဆီကို လာတဲ့အခါကျရင် သူ့ကိုပါ ခေါ်လာခဲ့မယ်။”

 

စုယန်ယန်ရဲ့ မျက်လုံးလေးတွေက တောက်ပလာပြီး ကမန်းကတန်း ခေါင်းညိတ်လိုက်သည်။

 

ထို့နောက် သူမသည် မကြာသေးမီက တုန်ချမ်းမှာ ကြုံတွေ့ခဲ့ရသည့် ကိစ္စကို အမှတ်ရလိုက်ပြီး သူ့ကို တိုက်ရိုက်ပြောလိုက်သည်။ “ကျွန်မ ဒီနေ့ ဖျော်ဖြေရေး ကုမ္ပဏီကို သွားလည်ခဲ့တယ်။ ဝမ်ကျင့်ဖျင်ကို ရသစုံ အစီအစဥ်ကနေ ထုတ်ပယ်ဖို့ တစ်ယောက်ယောက်က အမိန့်ပေးခဲ့တယ်လို့ မတော်တဆ ကြားလိုက်ရတယ်။ အဲ့ဒီလူက... ရှင်မလား။”

 

ဟောက်ချန်ဟွမ်းက ဒီအမျိုးသမီးနှင့် ပတ်သတ်တဲ့ ကိစ္စကို တိတ်တဆိတ် ဖြေရှင်းဖို့ စီစဥ်ခဲ့ပေမယ့် စုယန်ယန်က ဒါကို မထင်မှတ်ပဲ သိရှိသွားခဲ့သည်။

 

“ဟုတ်တယ်၊ အဲ့တာ ကိုယ်ပဲ။” ဟောက်ချန်ဟွမ်းက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။ “ကိုယ်က မင်းရဲ့ထင်မြင်ယူဆချက်ကို မမေးမြန်းပဲ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ချက်ချလိုက်မိလို့ ‌တောင်းပန်ပါတယ်။”

 

“ရှင် ကျွန်မကို တောင်းပန်စရာ မလိုပါဘူး။ ရှင်က ကျွန်မရဲ့ သတို့သားလောင်း ဖြစ်ပြီးတော့ ကျွန်မရဲ့ အနာဂတ်ခင်ပွန်းလေ။ ရှင့်မှာ ကျွန်မကိုယ်စား ဆုံးဖြတ်ပိုင်ခွင့် ရှိပါတယ်။ တကယ်တော့ ကျွန်မ ဒီအကြောင်းကို ကြားလိုက်ရတော့ အတော်လေး ပျော်သွားတယ်။”

 

ဟောက်ချန်ဟွမ်းက သူ့လက်တွေကို မသိစိတ်မှ တင်းကြပ်စွာ ဆုပ်ကိုင်ထားမိပြီး သူမအပေါ် သူ့အကြည့်တွေက ပိုင်ဆိုင်လိုစိတ် ပြင်းပြလာသည်။

 

“ဒီကိစ္စကို ရှင်က ကျွန်မအတွက် လုပ်ပေးဖို့ ဆန္ဒရှိတယ်ဆိုတာက ရှင်က ကျွန်မကို ဂရုစိုက်ပြီး ကျွန်မကိုယ်စား တရားမျှတမှုကို ရှာဖွေပေးချင်တယ်လို့ ဆိုလိုတာပဲ။ ကျွန်မ ရှင့်ကို အပြစ်တင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဒါပေမယ့် အဲ့ဒီလူနှစ်ယောက်...” စုယန်ယန်က သူမနှုတ်ခမ်းလေးကို အသာကိုက်ကာ စိုးရိမ်ကြောင့်ကြသည့် အရိပ်အငွေ့များ ပါဝင်သည့် နူးညံ့သော အသံလေးဖြင့် တောင်းဆိုလိုက်သည်။ “သူတို့ကို ကျွန်မကိုယ်တိုင် ဖြေရှင်းချင်တယ်။ ကျွန်မ လုပ်လို့ရမလားဟင်။”