အမူအရာ ကင်းမဲ့နေသော အမျိုးသား သုံးယောက်ကြားက ဓားမြှောင်လို
အကြည့်တွေ အသီးသီး ထွက်အံကျ လာခဲ့သည်။ သူတို့ မျက်ဝန်းများမှ စူးရှတောက်လောင်နေသော
မီးတောက်များက ဘေးဘီကို ထိတ်လန့် သွားစေခဲ့သည်။
အဆုံး၌ စုယန်ယန်သည် တိတ်ဆိတ်နေမှုကို ပထမဆုံး ဖြိုခွင်းခဲ့သည်။
သူမက မတ်တပ်ရပ်ပြီး ဟောက်ချန်ဟွမ်းကို ရွှင်မြူးစွာ နှုတ်ဆက်လိုက်သည်။
“ရှင် ညစာစားဖို့ အချိန်ကိုက် ရောက်လာတာပဲ။ အထဲကို ဝင်ခဲ့လေ”
စုယန်ယန်သည် သူမလက်ကို ဆန့်ထုတ်ပြီး မည်သည့်စကားမှ မဆိုပဲ
သူ့ပခုံးကို ညှစ်လိုက်သည်။
ထိုဆုပ်ကိုင်မှုသည် တိုတောင်းသော အထိအတွေ့တစ်ခု ဖြစ်သော်လည်း
သူနှင့် မသက်ဆိုင်ခဲ့သော နွေးထွေးမှုနှင့် နူးညံ့မှုတို့ကို ခံစားရစေကာ ဟောက်ချန်ဟွမ်းသည်
သူ့နှလုံးသားထဲတွင် ထူးထူးခြားခြား ပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။
စုယန်ယန်က ဟောက်ချန်ဟွမ်းကို သူမဘေးတွင် ထိုင်ဖို့ ဘီးတပ်ကုလားထိုင်ကို
တွန်းလာပေးကာ အန်တီလီအား သွမ်းသွမ်းကို ဘေးဘက်တွင် ခွေးစာကျွေးဖို့ ခိုင်းစေလိုက်သည်။
သွမ်းသွမ်းသည် အလွန်မပျော်ရွှင်ပေ။ သူလေးက မထွက်သွားခင်မှာ
သူ့ပိုင်ရှင်ဖြစ်သူအား သူ့ခွေးဖေဖေကိုကျ အရသာရှိသော ဟင်းလျာများကို ကျွေးမွေးပြီး သူ့ကျတော့
အေးစက်သည့် ခွေးစာများကိုသာ ကျွေးမွေးသည့်အတွက် ဝမ်းနည်းအပြည့်ဖြင့် ဆူညံစွာ စကားပြောခဲ့သည်။
သူမက သူလေးရဲ့ နုနယ်လှတဲ့ နှလုံးသားလေးကို ကြေကွဲစေခဲ့သည်။ လုံလောက်ပါပြီ၊ ဒီကလေးလေးက
သူ့ရဲ့ ခွေးဖေဖေရှေ့တွင် မျက်နှာသာရမှုကို ဆုံးရှုံးသွားခဲ့သည်။
စုယန်ယန်က ဟောက်ချန်ဟွမ်းရဲ့ ဘီးတပ် ကုလားထိုင်အား စားပွဲအမြင့်နှင့်
လိုက်လျောညီထွေမှု ရှိအောင် ချိန်ညှိပေးရာတွင် ကျွမ်းကျင်လိမ္မာခဲ့ပြီး သူ့ကို ဦးတည်လာသည့်
မနာလိုမှု လှိုင်းလုံးများကို အမှတ်မထင် လှုံ့ဆောင်နိုင်ခဲ့သည်။
ချိန်ရှုချင်သည် သူမ မျက်လုံးများထဲတွင် ဒီအသေးစိတ် အချက်အလက်များအား
သတိပြုမိသည်။ သူမ မျက်လုံးများထဲတွင် အလင်းတစ်ခု ဖြတ်ပြေးသွားသော်လည်း သူမသည် ထိုအကြောင်းအား
ဘာမှ မပြောခဲ့ပေ။
“လူစုံပြီဆိုတော့ သမီးတို့ စစားကြတာပေါ့။ ဒီနေ့ ချက်ပြုတ်ထားတဲ့
ဟင်းလျာ အနည်းငယ်က ပိုပြီး အရသာရှိတယ်။ ဒါတွေကို အမေတို့ ကြိုက်မလားလို့ စမ်းစားကြည့်လေ။
အကယ်၍ အမေတို့ အရသာမတွေ့ဘူးဆိုရင် သမီး ပြန်ပြင်ပေးမယ်”
စုယန်ယန်သည် ထမင်းစားပွဲရှိ လူတိုင်းကို ပြောဆိုနေတာ ဖြစ်သော်လည်း
ဟောက်ချန်ဟွမ်းသည် သူမရဲ့ စကားတွေက သူ့တစ်ဦးတည်းကိုသာ ဦးတည် ပြောဆိုနေသည်ဟု ခံစားမိသည်။
ဟောက်ချန်ဟွမ်းသည် ဘေးဘက်တွင် ချထားသော သူ့လက်တွေကို အနည်းငယ်
တင်းကျပ်စွာ ဆုပ်ကိုင်ထားမိသည်။ နူးညံ့သော လက်တစ်စုံက သူ့လက်ချောင်းများကို ညင်သာစွာ
ခွဲထုတ်လိုက်ပြီး သူ့လက်ချောင်းများနှင့် ယှက်သွယ်ကာ ဆုပ်ကိုင်ထားခဲ့သည်။
စားပွဲတစ်ဖက်ရှိ လူသုံးဦးသည် သူတို့ရဲ့ သေးငယ်သော လှုပ်ရှားမှုများကို
သတိမပြုမိခဲ့ပေ။ စုယန်ယန် ပြောလိုက်သော စကားကို ကြားလိုက်ရတော့ သူတို့သည် တစ်ယောက်ကို
တစ်ယောက်ကြည့်ကာ ငါးကြင်းအသားပိုင်း တစ်ခုကို လှမ်းယူလိုက်ကြသည်။
အရင်တုန်းက အန်တီလီက သူတို့အတွက် ငါးဟင်းလျာကို ချက်ပြုတ်
ပြင်ဆင်ပေးဖူးပေမယ့် အများစုကတော့ ငါးပေါင်းဟင်းလျာသာ ဖြစ်သည်။ အရသာက ကောင်းမွန်ပေမယ့်
တစ်ခုခု လိုအပ်နေတယ်လို့ သူတို့ အမြဲတမ်း ခံစားရသည်။
စုယန်ယန် ချက်ပြုတ်ထားသော ငါးဟင်းလျာသည် ပထမဆုံး ကိုက်လိုက်သည့်
အချိန်တွင်ပင် အလွန် ကွဲပြားခြားနားသော အရသာကို ပေးစွမ်းခဲ့ပြီး သူတို့ရဲ့ အရသာခံ အာရုံများကို
လှုံ့ဆော်ပေးခဲ့သည်။
ချိန်ရှုချင်သည် များသောအားဖြင့် အနေတော် အရသာများသာ နှစ်သက်ခဲ့သည်။
သူမသည် ငါးဟင်းလျာကို ပထမဆုံး စားလိုက်သည့် အချိန်တွင် မျက်မှောင်ကြုတ် သွားမိပေမယ့်
သူမ ဒါကို မထွေးထုတ်ခဲ့ပေ။ သူမ သေသေချာချာ ဝါးစားလိုက်ပြီး နောက်ထပ် ငါးအသားတစ်တုံးကို
မကောက်ယူမီ ခဏရပ်တန့်လိုက်သည်။
မစ္စတာစုနဲ့ သူ့သားကတော့ သူမလောက် အာရုံမများဘူး။ သူတို့သည်
ဒီအစပ်ဟင်းလျာကို ချက်ချင်း နှစ်သက်သွားပြီး သူတို့ ပထမဆုံး ကိုက်စားပြီးနောက် သူတို့ရဲ့
မျက်လုံးတွေက တောက်ပလာကြသည်။
ထို့နောက် သူတို့သည် စုယန်ယန်၏ ရှင်းပြချက်ကို နားမထောင်တော့ပဲ
သူတို့ရဲ့ ထမင်းစား တူများသည် ငါးဟင်းလျာဆီသို့ ဒုတိယအကြိမ်အဖြစ် သူ့အလိုလို ရောက်ရှိသွားခဲ့ကြသည်။
စုယန်ယန်သည် သူမမိသားစုက ငရုတ်သီး အရသာကို သိပ်မနှစ်သက်မှန်း
မြင်လိုက်ရ၍ အနည်းငယ် စိတ်သက်သာရာ ရသွားမိသည်။ ဟောက်ချန်ဟွမ်းသည် အခြားသူများကဲ့သို့
ဟင်းလျာကို မြည်းစမ်းပြီးနောက် ဆူညံသံ မထွက်လာခဲ့ပေ။ စုယန်ယန်သည် သူ့ပန်းကန်လုံးကို
ကောက်ကိုင်ကာ ငါးအသားတုံးများနှင့် လတ်ဆတ်ပြီး နူးညံ့သော ငါးဗိုက်သားကို ထည့်ပေးလိုက်ကာ
သူ့ရှေ့တွင် ချပေးလိုက်သည်။
“ငါးများများစား၊ ဒါ ရှင့်အတွက် ကောင်းတယ်”
ဟောက်ချန်ဟွမ်းက သူမကို နွေးထွေးစွာ ကြည့်ပြီး “ကောင်းပြီ”
ဟု အသံတိုးတိုးဖြင့် တုံ့ပြန်ပြောဆိုခဲ့သည်။
ဒီမြင်ကွင်းကို တွေ့လိုက်ရသည့် မစ်စတာစုနှင့် စုယုရွှမ်သည်
ချဉ်စူးလာသလို ခံစားလိုက်ရပြန်သည်။
“ဟမ့်...”
“ဟမ့်...”
စုယန်ယန်သည် ခေါင်းငုံ့ကာ သူမရဲ့ ပြုံးရယ်ချင်စိတ်ကို ဖုံးကွယ်ရန်
ကြိုးစားခဲ့သည်။ အရွယ်ရောက်ပြီး အမျိုးသားနှစ်ဦး၏ ကလေးဆန်သော မကျေနပ်ချက်ကို မသိချင်ယောင်
ဆောင်ကာ သူမရဲ့ ထမင်းစားတူဖြင့် ကျောက်ပုစွန် တစ်ကောင်ကို ယူကာ အခွံခွာလိုက်သည်။
ဟောက်ချန်ဟွမ်းက ငါးတစ်ပိုင်းကို စားပြီးပြီ။ သူ ခေါင်းမော့လိုက်သည့်
အခါတွင် စုယန်ယန်၏ တလက်လက် တောက်ပသော မျက်လုံးများဖြင့် ဆုံတွေ့လိုက်မိသည်။
“ကျွန်မ ဒီကျောက်ပုစွန်ကို မနေ့ကမှ အထူး မှာထားခဲ့တာ။ တစ်ရက်လောက်
ရေထဲမှာ ထားလိုက်တော့ သူတို့ရဲ့ ဝမ်းဗိုက်တွေထဲက ရွှံ့တွေ ထွက်သွားခဲ့တယ်။ အခုဆို သူတို့
ခန္ဓာကိုယ်ထဲမှာ အညစ်အကြေး နည်းနည်းလေးမှ မရှိတော့ဘူး။ သူတို့က အရမ်းချိုမြိန်ပြီး
အရသာရှိတယ်။ ရှင်...”
“အဟမ်း…”
စုယန်ယန် ပြောနေသည့် စကား မဆုံးခင်မှာပင် ချောင်းဆိုးသံ သုံးခုကို
ကြားလိုက်ရသည်။ သူမခေါင်းကို လှည့်ကြည့်လိုက်တော့ သူမရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည့်
လူသုံးယောက်ရဲ့ စူးရဲတောက်ပြောင်နေတဲ့ အကြည့်တွေကို တွေ့လိုက်ရသည်။ သူတို့သည် သူမလက်ထဲတွင်
ကိုင်ထားသော... ကျောက်ပုစွန်ကို စိုက်ကြည့်နေကြသည်။
“…”
***