အပိုင်း ၇၆
Viewers 1k

အခန်း (၇၆) - မင်း သူမကို ချစ်တယ်ဆိုရင် သူမအတွက် ပုစွန်အခွံနွှာပေးလိုက်ပါ

 

အစားအသောက်အတွက် အနူးအညွတ် နှိမ်ချတောင်းပန်နေသော အစ်ကိုကြီးစုသည် သူ့ညီမဖြစ်သူကို စိတ်မပျော်ရွှင်စွာ ကြည့်ပြီး သူ့စိတ်ထဲတွင် တိတ်တဆိတ် ငိုကြွေးရန် မှတစ်ပါး အခြားအခွင့်မရှိပေ။

 

စုယန်ယန်က သူ့ကို မျက်စောင်းတစ်ချက် စွေကြည့်ပြီးနောက် ဟောက်ချန်ဟွမ်း ကျောက်ပုစွန်ကို နှစ်သက် သဘောကျလား ဆိုတာကို သိရဖို့ သူမအကြည့်တွေကို ဟောက်ချန်ဟွမ်းထံသို့ ပြန်ပို့လိုက်သည်။

 

သူမခေါင်းကို မလှည့်ခင်မှာပင် နူးညံ့နေသည့် ကျောက်ပုစွန် အသားတစ်ခုဟာ သူမပါးစပ်ဘေးသို့ ရောက်လာခဲ့သည်။

 

“ဟင်...” စုယန်ယန်က အံ့အားသင့်စွာဖြင့် သူမခေါင်းကို လှည့်ကြည့် လိုက်ချိန်တွင် ဟောက်ချန်ဟွမ်းရဲ့ နူးညံ့သိမ်မွေ့ပြီး ရွှင်မြူးနေသည့် အကြည့်များဖြင့် ဆုံတွေ့လိုက်ရသည်။

 

ခဏလောက် ကြောင်သွားပြီးနောက် စုယန်ယန်သည် အမြန်တုံ့ပြန် လိုက်နိုင်သည်။ သူမမျက်နှာက ရွှင်မြူးတက်ကြွနေကာ သူမပါးစပ်ကို ဖွင့်ဟ၍ ကျောက်ပုစွန်အသားကို စားသုံးလိုက်သည်။

 

သူမရဲ့ နူးညံ့နေသော နှုတ်ခမ်းသားများသည် ဟောက်ချန်ဟွမ်းရဲ့ သွယ်လျသော လက်ချောင်းများနှင့် ပွတ်တိုက်မိသွားကာ သူ့မျက်ဝန်းများအား နက်မှောင်သွားစေသည်။ သူ့မျက်ဝန်းနက်များ၏ အနက်ရှိုင်းဆုံး အပိုင်းတွင် ထိန်းချုပ်လိုသည့် လိုအင်ဆန္ဒများကို သည်းခံထားသော အရိပ်အယောင် တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

 

ဒါပေါ့၊ ဒီလို ရင်းနှီးကျွမ်းဝင်စွာ ကျွေးမွေးလိုက်သည့် မြင်ကွင်းကို ဆန့်ကျင်ဖက်တွင် ထိုင်နေသည့် လူသုံးဦး၏ အကြည့်တွေကနေ မလွတ်မြောက် သွားခဲ့ပါဘူး။

 

“...” သူတို့ ဆုံးရှုံးသွားသလိုမျိုး ခံစားလိုက်ရသည်။

 

စုယန်ယန်က ဟောက်ချန်ဟွမ်း ကျွေးလိုက်သည့် ကျောက်ပုစွန်အသားကို စားပြီးသည့် အခါတွင် ရုတ်တရက် တစ်စုံတစ်ခုကို တွေးမိကာ ရယ်မောလိုက်သည်။

 

“ဘာဖြစ်လို့လဲ”

 

“ဘာမှ မဟုတ်ပါဘူး။ ကျွန်မ အရင်က ကြားဖူးတဲ့ စကားတစ်ခွန်းကို ပြန်အမှတ်ရသွားလို့ပါ”

 

“ဘာစကားတစ်ခွန်းကိုလဲ”

 

“ပုစွန်တွေက စားရခက်တဲ့ အစားအသောက် တစ်မျိုးဖြစ်ပြီး အင်တာနက်မှာ တစ်စုံတစ်ယောက်က ပြောဖူးတယ် - မင်းရဲ့ တစ်သက်တာ ပျော်ရွှင်မှုကို အမျိုးသား တစ်ယောက်ထံမှာ မအပ်နှင်းခင်မှာ ထိုအမျိုးသားက သင့်အတွက် ပုစွန်အခွံနွှာပေးဖို့ ဆန္ဒရှိ မရှိကို အရင်ကြည့်သင့်တယ်တဲ့”

 

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက တဖျတ်ဖျတ် လှုပ်ခတ်ကာ သူသည် ပန်းကန်ထဲမှ ကျောက်ပုစွန်များကို တိတ်တဆိတ် ကောက်ယူပြီး အခွံနွှာလိုက်သည်။ ဆယ်စက္ကန့် အတွင်းမှာပင် စုယန်ယန်၏ ပန်းကန်လုံးထဲတွင် နောက်ထပ် ကျောက်ပုစွန်အသားတစ်ခု ထပ်မံပေါ်လာခဲ့သည်။

 

“တစ်သက်လုံး”

 

“ဘာကိုလဲ”

 

“အကယ်၍ မင်းက အဲ့တာကို သဘောကျရင် ကိုယ် မင်းအတွက် တစ်သက်လုံး လုပ်ပေးမယ်”

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို လျင်မြန်စွာ သဘောပေါက် နားလည်လိုက်သည်။ သူမ အဲ့တာကို ကြိုက်နှစ်သက်သရွေ့ သူက တစ်သက်လုံး သူမအတွက် ကျောက်ပုစွန်ကို အခွံခွာပေးလိမ့်မည်။

 

သူမရဲ့ ကြွေလိုမျက်နှာသည် ရုတ်တရက် နီမြန်းလာပြီး ပန်းကန်လုံးထဲတွင် ရှိသော ကျောက်ပုစွန်အသားကို တိတ်တဆိတ် ခေါင်းငုံကာ ယူစားလိုက်သည်။

 

ကျောက်ပုစွန် အသားသည် အရသာကောင်းမွန်သော စွပ်ပြုတ်ကို ကောင်းမွန်စွာ စုပ်ယူနိုင်ပြီး အစပ်အရသာ ရှိသော်လည်း စုယန်ယန်သည် သူမပါးစပ်ထဲတွင် ချိုမြိန်သော အရသာကိုသာ ခံစားရသည်။

 

ထမင်းစားစားပွဲ၏ တစ်ဖက်ခြမ်းတွင် ထိုင်နေသော မစ်စတာစုနှင့် အစ်ကိုကြီးစုတို့သည် ဒီဖလှယ်မှု တစ်ခုလုံးကို မျက်မြင်တွေ့ခဲ့ရပြီး ပြောစရာ စကားလုံးများ ပျောက်ရှသွားခဲ့သည်။ ဒီခွေးကောင်က ငါ့သမီး(ညီမ)ကို ဆွဲ‌ဆောင်ဖို့ ချိုမြိန်တဲ့ စကားလုံးတွေကို အသုံးပြုသည့် နေရာတွင် ကျွမ်းကျင်လိမ္မာသည်။ သူက သားရဲတစ်ကောင်ပဲ၊ အမှိုက်ကောင်ပဲ။

 

သားအဖ နှစ်ယောက်စလုံး မတုံ့ပြန်နိုင်ခင်မှာပင် ချိန်ရှုချင်က သူမ ပန်းကန်လုံးကို မစ်စတာစုရှေ့သို့ တွန်းပို့လိုက်သည်။

 

အနှစ်နှစ်ဆယ်ကျော် ဇနီးမောင်နှံဖြစ်ခဲ့သော မစ်စတာစုသည် သူမ၏ ဆိုလိုသည့် အရိပ်အမြွက်ကို ချက်ချင်း နားလည်ခဲ့သည်။ သူက ဒေါသကို ‌နောက်ပို့ကာ ဇနီးသည်၏ ဘေးတွင် မတ်မတ်ထိုင်ကာ သူမအတွက် ကျောက်ပုစွန်ကို အခွံနွှာပေးခဲ့သည်။

 

သူသည် ဟောက်ချန်ဟွမ်းနှင့် ယှဉ်ပြိုင်ရန်ပင် စိတ်ကူးရှိခဲ့ပြီး ကျောက်ပုစွန်ကို သေသေချာချာ အခွံနွှာပေးကာ ချိန်ရှုချင်အတွက် အချိန်တိုလေး အတွင်းမှာပင် ပန်းကန်လုံး တစ်ဝက် ဖြည့်ပေးလိုက်သည်။

 

အစ်ကိုကြီးစုသည် သူ့အဖေက သူ့ဘေးတွင် ထား၍ စွန့်ပယ်ထားသဖြင့် ပြောစရာစကား ကင်းမဲ့စွာ ကြည့်နေခဲ့သည်။ သူ့အပြင် ဒီထမင်းစားပွဲမှာ ထိုင်နေတဲ့ ကျန်လူတွေက တစ်ယောက်ကို တစ်ယောက် အခွံနွှာပေးရင်း အလုပ်ရှုပ်နေကြသည်။ ဟုတ်တယ်၊ တစ်ကိုယ်တည်းဖြစ်နေလို့ လူတိုင်းက သူ့ကို အနိုင်ကျင့်နေကြတာပဲ။ တစ်ကိုယ်ရေ ခွေးတစ်ကောင်မှာရော လူ့အခွင့်အရေး မရနိုင်ဘူးလား။

 

နေ့လည်စာ ကောင်းကောင်း စားရမည်ဟု သူ ထင်ခဲ့သော်လည်း အပြန်အလှန် ချစ်ကြည်နူး ပြနေသည့် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ စုယုရွှမ်သည် တစ်ကိုယ်ရေ ခွေးတစ်ကောင်ဖြစ်၍ သူ့အမြီးကို ခြေထောက်ကြား ညှပ်ကာ ခွေးစာတွေ စားခဲ့ရလေသည်။ ထိုမျှသာမကပဲ ခွေးစာစားရန်လည်း တွန်းအားပေး ခံခဲ့ရသည်။ (၁) သူ့စိတ်ထဲတွင် နာကြည်းမှုများက ရုပ်ပိုင်းဆိုင်ရာ အရာဝတ္ထုအဖြစ်သို့ ပြောင်းလဲလုနီးပါး ဖြစ်နေခဲ့သည်။

 

စုယန်ယန်က အိမ်တွင် လူများများစားစား ရှိလိမ့်မယ်လို့ မမျှော်လင့်ထားပေမယ့် သူမဟာ လူတိုင်းအတွက် ဟင်းလျာများကို လုံလုံလောက်လောက် ချက်ပြုတ် ပြင်ဆင်ထားခဲ့သည်။ လူငါးယောက်စလုံး ဗိုက်ပြည့်လုနီးပါး ဖြစ်နေသော အခါတွင် သူမသည် မီးဖိုချောင်ထဲမှ သစ်ကြံပိုးခေါက် ဝက်ဗိုက်သား စွပ်ပြုတ်ကို ထုတ်ယူဖို့ အပြေးသွားခဲ့သည်။

 

“မေမေ ဒါကို မေမေနဲ့ ချန်ဟွမ်းတို့ များများ သောက်သင့်တယ်။ ဒီစွပ်ပြုတ်က အအေးဒဏ်ကို သက်သာစေဖို့ အထူးချက်ပြုတ် ပြင်ဆင်ထားတယ်။ ဒါကို သောက်ပြီးရင် ဒီဆောင်းတွင်းမှာ အမေရဲ့ လက်တွေ ခြေတွေ အေးတော့မှာ မဟုတ်ဘူး”

 

ဟောက်ချန်ဟွမ်းသည် သူ့ခြေထောက်တွေနဲ့ ခြေဖဝါးဟာ မသက်မသာဖြစ်ပြီး သူ့ခြေလက်တွေဟာ အထူးသဖြင့် ဆောင်းရာသီတွင် အမြဲတမ်း အေးစက်နေခဲ့သည်။ ခြေဖျားလက်ဖျား အေးစက်ခြင်းသည် သူ့အတွက် ပုံမှန်ဖြစ်ရိုးဖြစ်စဉ် တစ်ခုဖြစ်လေသည်။

 

ချိန်ရှုချင်သည်လည်း အလားတူပါပဲ။ ‌ဆောင်းရာသီ ရောက်တာနဲ့ သူမလက်တွေနဲ့ ခြေဖဝါးတွေမှာ အနွေးဓာတ် လုံးဝ မရှိတော့ဘူး။ စုယန်ယန်သည် မူလက သူမအတွက် အပိုချန်ထားဖို့ စီစဉ်ထားခဲ့တာ ဖြစ်သည်။

 

ကျန်းမာရေး ကောင်းမွန်သည့် အဖေနဲ့ အစ်ကိုကြီးကတော့ အာဟာရ လွန်ကဲစွာ စားသောက်ထားတာ ဖြစ်သည့်အတွက် မေ့ထားလို့ ရသည်။

 

မစ်စတာစုနှင့် အစ်ကိုကြီးစု “...” ဘာဖြစ်လို့လဲ။ သူတို့က ကျန်းမာ‌ရေး ကောင်းမွန်နေသည့် အတွက် လျစ်လျှူရှု ခံလိုက်ရတာလား။

 

(၁) ခွေးစာဟူသည် လူအများ ရှေ့မှောက်တွင် စုံတွဲများ ချစ်ကြည်နူး ပြနေတာကို မြင်တွေ့နေရသည်အား သုံးနှုန်းသော အွန်လိုင်း ဘန်းစကားဖြစ်သည်။

***