အပိုင်း ၁၁၉
Viewers 929

အခန်း (၁၁၉)

သူ တကယ် နာမကျန်း ဖြစ်နေတာလား

 

စုယန်ယန် ဒီစုံတွဲကို ခွေးဆွဲမှာကို သူ့မျက်လုံးတွေဖြင့် မြင်ရမယ့် အချိန်ကို စောင့်မျှော်နေကြောင်း ဝန်မခံပေမယ့် ဝန်ခံရပေမည်။

 

ဝမ်းနည်းစရာ ကောင်းတာက သူမရဲ့ အစီအစဉ်တွေက အပြောင်းအလဲတွေကို လိုက်မမီနိုင်ခဲ့ဘူး။ သူမ မနက်စာ စားပြီးတာနဲ့ သူမ ဖုန်းသံမြည်လာသည်။

 

“ယန်ယန် နင် အခု အားလား”

 

“အစ်ကိုကျွင်းရှန့်” စုယန်ယန် အနည်းငယ် အံ့အားသင့်သွားသည်။

 

“ဘာကိစ္စရှိလို့လဲ”

 

“ဒီမှာ ကိစ္စတချို့ ဖြစ်ပျက်သွားတယ်၊ အဲ့တာက နျဉ်ချီလွေ့နဲ့ သက်ဆိုင်နေတယ်”

 

“နျဉ်ချီလွေ့လား” စုယန်ယန်သည် တုန်ချမ်း အင်တာတိန်းမန့်မှာ ဒီလူနဲ့ တွေ့ခဲ့မိကာ သူမနှင့် စကားအနည်းငယ် များခဲ့တယ် ဆိုတာကို ပြန်အမှတ်ရ လိုက်သည်။

 

“သူက ဘာဖြစ်တာလဲ။ သူ ဆေးစစ်ဖို့ သွားခဲ့တာလား”

 

“ဟုတ်တယ်၊ သူ မနေ့က ဆေးစစ်ဖို့ သွားခဲ့တယ်၊ ဆေးစစ်ချက် ရလဒ်က သူ့ခန္ဓာကိုယ်မှာ တစ်ခုခု မှားနေတယ်လို့ ဆိုတယ်၊ အဲ့တာက ပြဿနာ အသေးအမွှားလေးတော့ မဟုတ်ဘူး။ ယန်ယန် နင်က တကယ့်ကို တန်ခိုးရှင်ပဲ”

 

စုယန်ယန်က သူ့ကို နျဉ်ချီလွေ့ရဲ့ အထောက်အထား အစစ်အမှန်ကို သတိပေးပြီးနောက် ရှားကျွင်းရှန့်သည် အနည်းငယ် စိတ်မသက်မသာ ဖြစ်ခဲ့ရသည်။

 

ရက်အနည်းငယ် ကြာအောင် တုံ့ဆိုင်းနေပြီးနောက် နျဉ်ချီလွေ့ကို ဆေးစစ်ရန် မတိုက်တွန်းပဲ မနေနိုင်တော့ပေ။

 

မထင်မှတ်ပဲ တစ်စုံတစ်ယောက်က သူ့ထက် ခြေတစ်လှမ်း ပိုစောသွားသည်။

 

ထိုနေ့ရက်ပြီးနေက် နျဉ်ချီလွေ့ရဲ့ ကိုယ်စားလှယ်ကလည်း စိုးရိမ်ခဲ့မိသည်။ အဆုံး၌ သူသည် အဆိုးဝါးဆုံး ကိစ္စများ ဖြစ်နိုင်ချေ သိပ်မရှိဘူးလို့ ယုံကြည်ရအောင် သူက နျဉ်ချီလွေ့ရဲ့ ခန္ဓာကိုယ် တစ်ခုလုံး ကျန်းမာရေး အခြေအနေကို စစ်ဆေးရန် သူ့ကို ဆေးရုံသို့ ပြတ်ပြတ်သားသား ဆွဲခေါ်သွားခဲ့သည်။

 

ဒီကျန်းမာရေး စစ်ဆေးမှုက ကြီးမားတဲ့ ပြဿနာ တစ်ရပ်ကို တွေ့ရှိခဲ့ရသည်။ ကျန်းမာရေး စစ်ဆေးချက်ကို လက်ခံ ရရှိသောအခါ နျဉ်ချီလွေ့က အံ့အားသင့် သွားမိသည်။ ခဏလောက် အံ့သြတုန်လှုပ် ပြီးနောက် ဆေးရုံက စုယန်ယန်နဲ့ ပူးပေါင်းပြီး သူ့ကို လှည့်စားခဲ့တာလား လို့တောင် အတွေးများမိသည်။

 

သူ့ကိုယ်စားလှယ်က ဒီစစ်ဆေးချက်ကို မြင်ပြီး အရမ်း ထိတ်လန့်သွားကာ နျဉ်ချီလွေ့အတွက် ဆေးရုံတက်ပြီး ကုသခြင်း လုပ်ငန်းစဉ်တွေကို တတ်နိုင်သမျှ အမြန်ဆုံး စီစဉ်ခဲ့သည်။

 

ဒီအကြောင်းကို ကုမ္ပဏီအား ဘယ်လို ပြောရမှန်း မသိခင်မှာပင် နျဉ်ချီလွေ့ရဲ့ လက်ထောက်နဲ့ သက်တော်စောင့်တွေက နျဉ်ကော်ပိုရေးရှင်းရဲ့ အထွေထွေ မန်နေဂျာဖြစ်တဲ့ သူ့အစ်ကိုကြီး နျဉ်စစ်ယွမ်ကို အကြောင်းကြားခဲ့ပြီး ဖြစ်သည်။

 

နျဉ်စစ်ယွမ်သည် သူ့ညီငယ်လေး နာမကျန်း ဖြစ်နေတာကို သိလိုက်ရ‌တော့ ကုမ္ပဏီ အလုပ်တွေကို ‌ဘေးဖယ်ထားပြီး ဆေးရုံသို့ အလျင်အမြန် ပြေးသွားသည်။ သူသည် နျဉ်ချီလွေ့ရဲ့ ကိုယ်စားလှယ်ထံမှ အကြောင်းအရာ အပြည့်အစုံကို သိရှိခဲ့ပြီး ရှားကျွင်းရှန့်ဆီကို ချက်ချင်း ဖုန်းခေါ်ဆိုခဲ့သည်။

 

“ဒါဆို သူက ညီမနဲ့ တွေ့ချင်လို့ အစ်ကိုကနေ တစ်ဆင့် ဆက်သွယ်ခဲ့တာပေါ့”

 

ရှားကျွင်းရှန့်က စုယန်ယန်က နျဉ်မိသားစုနဲ့ မတွေ့ချင်ဘူးလို့ တွေးပြီး အလျင်စလို ပြောသည်။

 

“ညီမလေး သူ့ကို မတွေ့ချင်ဘူးဆိုရင် အစ်ကို ညီမလေးအစား ငြင်းလိုက်မယ်လေ”

 

“အဲ့လိုလုပ်ဖို့ မလိုအပ်ပါဘူး”

 

စုယန်ယန်က ရှားကျွင်းရှန့်ကို တားမြစ်ကာ ခပ်ဖွဖွ ပြုံးလိုက်သည်။

 

“နျဉ်ချီလွေ့က ညီမတို့ ကုမ္ပဏီရဲ့ အရေးပါတဲ့ အဓိက အဆိုရှင် တစ်ယောက်လည်း ဖြစ်တယ်။ ကုမ္ပဏီပိုင်ရှင် တစ်ယောက် အနေနဲ့ အခု သူ နာမကျန်း ဖြစ်နေချိန်မှာ သွားမကြည့်ရင် မကောင်းတတ်ဘူးလေ”

 

ဒါ အမှန်ပဲ။ စုယန်ယန် ထိုနေ့က ကုမ္ပဏီသို့ လာရောက် လည်ပတ်ပြီးနောက် သူမရဲ့ မိသားစုဟာ ထိုကုမ္ပဏီကို သူမနာမည်ဖြင့် လွှဲပြောင်းပေးခဲ့ပြီး အခုအချိန်မှာ သူမက ထိုကုမ္ပဏီရဲ့ နောက်ကွယ်မှ သူဌေးဖြစ်လာခဲ့သည်။

 

ရှားကျွင်းရှန့်က သူမ ဒီလို ပြောလိုက်တော့ သက်ပြင်းမော တစ်ချက် ချလိုက်မိသည်။

 

“ဒါဆို အစ်ကို ညီမလေးကို အခု လာကြိုလိုက်မယ်”

 

“ကောင်းပါပြီ”

 

စုယန်ယန်နဲ့ ရှားကျွင်းရှန့်တို့ ဆေးရုံသို့ ရောက်သော အခါတွင် နျဉ်ချီလွေ့က သူ့ကျောက်ကပ် ပျက်စီးနေကြောင်းကို မယုံကြည်နိုင်သေးပဲ သူ့အစ်ကိုကြီးနှင့် ဆေးရုံခန်းထဲတွင် အငြင်းပွားနေဆဲ ဖြစ်သည်။

 

“အစ်ကိုကြီး၊ ကျွန်တော် တကယ် နာမကျန်း ဖြစ်နေတာ မဟုတ်ဘူး။ ဆေးရုံတိုင်းက ဒီလိုပါပဲ၊ သူတို့ ပိုက်ဆံရှာဖို့ အတွက် ကျွန်တော် နေကောင်းရင်တောင် သူတို့က ကျွန်တော့်ကို နေမကောင်းဘူးလို့ပဲ ပြောကြလိမ့်မယ်။ ကျွန်တော့် ခန္ဓာကိုယ် အကြောင်း ကျွန်တော်ပဲ သိတယ်၊ ဘာရောဂါ ဝေဒနာမှ မခံစားရပါဘူး၊ ဒါက ဘယ်လိုလုပ်ပြီး ဒီလောက် ပြင်းထန်တဲ့ရောဂါ ရပါ့မလဲ”

 

နျဉ်စစ်ယွမ်သည် သူ့ရဲ့ ငတုံးညီလေးကို စိတ်ပျက်သည့် အကြည့် တစ်ချက်ပေးပြီး ဒေါသတကြီး ပြောလိုက်သည်။

 

“မင်း မသက်မသာဖြစ်တဲ့အချိန်ကျ အရမ်းနောက်ကျ သွားလိမ့်မယ်”

 

နျဉ်ချီလွေ့သည် သူ့ကို မယုံကြည်တာကို မြင်လိုက်ရတော့ သူ့မျက်နှာဟာ မည်းမှောင် သွားခဲ့သည်။ သူက မကျေမနပ် ရေရွတ်နေခဲ့သည်။

 

“ဒါက အတုအယောင်ပဲ ဖြစ်ရမယ်။ ကျွန်တော်က နာမကျန်း မဖြစ်တော့ ဒီနေရာမှာ နေစရာ မလိုဘူး။ ကျွန်တော် အိမ်ကို အခုချက်ချင်း ပြန်ချင်တယ်။ အစ်ကိုကြီး ကျွန်တော့်ကို အိမ်ပြန်ခွင့် မပြုဘူးဆိုရင် ကျွန်တော် အမေ့ကို အစ်ကိုကြီးက ကျွန်တော့်ကို အနိုင်ကျင့်နေတယ်လို့ တိုင်ပြောရလိမ့်မယ်”

***