အပိုင်း ၁၂၀
Viewers 892

အခန်း (၁၂၀)

ဆေးစစ်ဆေးချက်ရလဒ်

 

နျဉ်စစ်ယွမ်က သူ့ကို မယုံနိုင်စွာ ရယ်မော လိုက်မိသည်။

 

“မင်း အခု အသက် ဘယ်လောက် ရှိနေပြီလဲ။ ဒီအသက်အရွယ်ပဲ ရောက်နေပြီ အဖေ၊ အမေတို့ကို တိုင်ပြောချင် နေတုန်းလား။ ဒါ့ကြောင့် လူတွေက မင်းက နို့စို့ကလေးလိုပဲ လာပြောတာ အံ့သြစရာ မဟုတ်ဘူး”

 

နျဉ်ချီလွေ့ရဲ့ မျက်နှာဟာ ထိုစကားများကြောင့် ချက်ချင်း မည်းမှောင်သွားသည်။

 

 “ဘယ်သူ ပြောတာလဲ။ ကျွန်တော် သူ့ကို မြေပေါ်ရောက်အောင် မထိုးနိုင်ရင် ကျွန်တော့်ကို ကြိုက်သလိုပြော”

 

“မင်းရဲ့ ခန္ဓာကိုယ် သေးသေးလေးနဲ့လား။ ပြီးမှ ကယ်ကြပါဦးလို့ မအော်နဲ့။ မင်း အရိုက်ခံရပြီးမှ ငါ့ဆီ ငိုယိုပြီး လာမတိုင်ရင်ပဲ ငါ ဝမ်းမြောက်မိလိမ့်မယ်”

 

“အစ်ကိုကြီး မင်း ကျွန်တော့်သွေးချင်း အစ်ကိုရော ဟုတ်ရဲ့လား”

 

“ဒါပေါ့၊ ငါက မင်းရဲ့ သွေးရင်းအစ်ကိုပဲ။ ငါက မင်းအစ်ကိုမို့ မင်း ဒုက္ခခံစား နေရတာကို မျက်နှာ မလွဲနိုင်ဘူး။ ဒီဆွေးနွေးမှုက ပြီးသွားပြီ။ မင်း သက်သာမှ ဆေးရုံက ဆင်းမလား၊ ဒါမှမဟုတ် အဖေ၊ အမေတို့ကို အခုချက်ချင်း ပြောပြီး သူတို့ကို  မင်းကို ပြုစုစောင့်ရှောက်ပေးဖို့ ဆေးရုံကို လာခိုင်းလိုက်မယ်။ မင်းမှာ ရွေးချယ်စရာ နှစ်မျိုးရှိတယ်၊ မင်းကြိုက်ရာကို ရွေးလိုက်”

 

နျဉ်ချီလွေ့ ဆို့နင့်သွားသည်။ သူ့အစ်ကိုကြီးအား မိဘတွေနဲ့ တိုင်ပြောမယ်လို့ ပြောပေမယ့် တကယ်တမ်းတော့ သူ သူတို့ကို မပြောရဲဘူး။

 

တကယ်လို့များ... နာမကျန်း ဖြစ်တာက အမှန်သာဆိုရင် သူ့ကိုချစ်တဲ့ မိဘတွေ ဘယ်‌လောက်တောင် ဝမ်းနည်း သွားလိမ့်မလဲ ဆိုတာကို သူ မတွေးနိုင်ဘူး။

 

နျဉ်စစ်ယွမ်သည် သူ့ညီလေးရဲ့ အခြေအနေကို မြင်သောအခါ သူ့ရင်ထဲ အနည်းငယ် နာကျင်သွားကာ သက်ပြင်း ချလိုက်မိသည်။

 

 “မင်း အရမ်း ကြောက်နေလို့လား၊ ဒါမှမဟုတ် မင်း စုမိသားစု သခင်မလေးရဲ့ အသိပေးတဲ့ စကားကို မယုံကြည်ချင်လို့လား”

 

“အစ်ကိုကြီး မင်း အကုန် သိနေတာလား” နျဉ်ချီလွေ့ လန့်သွားသည်။

 

“အဲ့တာက အရေးပါလို့လား။ မင်း မစ်စုနဲ့ ဆက်ဆံရေး မကောင်းဘူးလား။ မင်းတို့ကြားမှာ ရန်ငြိုးတွေများ ရှိနေတာလား”

 

နျဉ်စစ်ယွမ်က သူ့ညီငယ်လေးကို မျက်ခုံးပင့် ကြည့်လိုက်သည်။

 

နျဉ်စစ်ယွမ်သည် သူ့ညီငယ်လေး ဘေးကင်းလုံခြုံမှု ရှိစေရန်အတွက် လက်ထောက် တစ်ယောက်နှင့် သက်တော်စောင့်ကို စီစဉ်ပေးခဲ့သည်။ နောက်တစ်ခုမှာ အခြားသူများနှင့် ပဋိပက္ခဖြစ်မှာနှင့် အခြားသူများကို မသိလိုက် မသိဘာသာ အပြစ်ရှာမိမှာကို စိုးရိမ်မိသောကြောင့် ဖြစ်သည်။

 

အရင်ကတော့ သူ့ညီငယ်လေးနှင့် မစ်စုတို့ကြား ပဋိပက္ခ ရှိတယ်လို့ သူ့လက်ထောက် ပြောတာကို မကြားဖူးဘူး။

 

နျဉ်ချီလွေ့သည် ဒီစကားတွေကို ကြားလိုက်ရတော့ ရုတ်တရက် အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ သူက မျက်နှာလွှဲကာ ပြောသည်။

 

 “ကျွန်တော် ထူးဆန်းတယ်လို့ ခံစားရလို့ပါ။ ကျွန်တော် သူမနဲ့ အဲ့တစ်ကြိမ်တည်း တွေ့ဖူးတာ။ သူမက ကျွန်တော့်အကြောင်း ဘယ်လိုလုပ်ပြီး သိနိုင်... အစောပိုင်းတုန်းက သူမက ဆေးရုံနဲ့ ပေါင်းကြံထားတာ ဖြစ်နိုင်တယ်...”

 

နျဉ်ချီလွေ့ ဤသို့ ပြောပြီးသည်နှင့် နျဉ်စစ်ယွမ်က ဆေးမှတ်တမ်းတွေကို သူ့ရှေ့ကို ပစ်ချလိုက်သည်။

 

“ဒါက…”

 

“ငါ မင်းရဲ့ ဓာတ်ခွဲခန်း နမူနာတွေကို ယူခဲ့ပြီး နောက်ထပ် စမ်းသပ် စစ်ဆေးဖို့ နာမည် ကျော်ကြားတဲ့ တခြား ဆေးရုံတွေကို ပို့လိုက်တယ်။ စစ်ဆေးမှု ရလဒ်တွေက မပြောင်းလဲဘူး”

 

 

“ဓာတ်ခွဲခန်းနမူနာလား။ အစ်ကို၊ မင်း ဘယ်တုန်းက...”

 

“ငါက နောက်ထပ် မစစ်ဆေးပဲ ဒီအစီရင်ခံစာ တစ်ခုတည်းကို အခြေခံပြီး မင်းရဲ့ နာမကျန်းမှုကို အတည်ပြုလိမ့်မယ်လို့ မင်း ထင်နေတာလား။ ဖြစ်နိုင်ရင် ဒါတွေက အမှန်တရား မဟုတ်ဖို့ တခြားသူတွေထက် ငါက ပိုမျှော်လင့်တယ်”

 

နျဉ်စစ်ယွမ်ရဲ့ စကားများသည် သူ့နှလုံးသား အတွင်းရှိ နောက်ဆုံး ကြိုးမျှင်လေးကို ဖျက်ဆီး ပစ်လိုက်သည်။ နျဉ်ချီလွေ့ရဲ့ မျက်လုံးထဲမှ အလင်းရောင်သည် တဖြည်းဖြည်း မှေးမှိန်သွားကာ သူ့တစ်ကိုယ်လုံး ရုတ်တရက် လျှောကျသွားခဲ့သည်။

 

ဒါကိုမြင်တော့ နျဉ်စစ်ယွမ်က သက်ပြင်း တစ်ချက်ချပြီး သူ့ညီငယ်လေးကို သိုင်းဖက်ကာ နှစ်သိမ့် ပေးလိုက်သည်။

 

“မကြောက်ပါနဲ့။ အစ်ကိုတို့တွေ ဒါကို စောစောသိတော့ စောစော ကုသနိုင်မှာပါ။ အစ်ကိုတို့ မင်းကို ပျောက်ကင်းအောင် ကုသပေးမယ်လို့ အစ်ကို ကတိပေးတယ်။ ဒီကမ္ဘာပေါ်မှာ ဆရာဝန်တွေ အများကြီး ရှိတယ်၊ မင်းကို ပျောက်ကင်းအောင် ကုသပေးနိုင်မယ့် ဆရာဝန် မရှိဘူးဆိုတာကို အစ်ကို မယုံကြည်ဘူး”

 

 

နျဉ်စစ်ယွမ်သည် ခေတ္တ ရပ်တန့်သွားပြီး ပြောသည်။

 

 “ဒါ့အပြင် မစ်စုနဲ့ အဆက်အသွယ်ရဖို့ အစ်ကို တစ်စုံတစ်ယောက် အကူအညီ တောင်းထားတယ်။ သူမ ဒီကို သိပ်မကြာခင်မှာ ရောက်လာလိမ့်မယ်။ သူမက မင်းရဲ့ ပြဿနာကို ချက်ချင်း ပြောနိုင်တဲ့အတွက် သူမမှာ မင်းရဲ့ နာမကျန်းမှုကို ကုသပေးနိုင်တဲ့ ဖြေရှင်းနည်း တစ်ခု ရှိကောင်း ရှိနိုင်လိမ့်မယ်”

 

“ဘာလဲ။ အစ်ကို သူမကို ဆက်သွယ်ပေးဖို့ တစ်စုံတစ်ယောက်ကို ရှာခဲ့တာလား။ သူမက...”

 

နျဉ်ချီလွေ့ရဲ့ စကားမဆုံးခင်မှာပင် အခန်း အပြင်ဘက်မှ ချောင်းဟန့်သံကို ကြားလိုက်သည်။ “အဟမ်း... အဟမ်း... အဟမ်း...”

 

ညီအစ်ကို နှစ်ယောက် လန့်ဖျပ် သွားသည်။ နျဉ်စစ်ယွမ်၏ မျက်လုံးများသည် အန္တရာယ်ရှိစွာ ကျဉ်းမြောင်း သွားခဲ့ပြီး “အပြင်က ဘယ်သူလဲ။ အထဲဝင်လာပါ” ဟု မာပြတ်ပြတ် ဆိုသည်။

 

 

အပြင်ဘက်မှ အခန်းတံခါးကို ဖွင့်လိုက်သည်။ အခန်း အပြင်ဘက်မှာ ရပ်နေသည့် ရှားကျွင်းရှန့်နှင့် အနည်းငယ် ပြုံးယောင် သန်းနေသော နောက်ထပ် လူတစ်ဦးကိုပါ တွေ့လိုက်ရသည်။

 

နျဉ်ချီလွေ့သည် ရောက်ရှိလာသော လူ၏ အသွင်အပြင်ကို မြင်ပြီး ဆေးရုံခုတင်ပေါ်မှ ခုန်ဆင်းလုနီးပါး ဖြစ်သွားခဲ့သည်။

 

 “မင်း၊ မင်း၊ မင်း... မင်း ဘယ်တုန်းက ရောက်နေတာလဲ”

 

“ငါ ဒီကို သိပ်မကြာခင် ကတည်းက ရောက်နေတာ”

 

စုယန်ယန်သည် ခပ်ဖျော့ဖျော့ ပြုံးကာ အခန်းအထဲသို့ ဝင်လာသည်။ သူမသည် နျဉ်စစ်ယွမ်နှင့် တည်ငြိမ်စွာ လက်ဆွဲ နှုတ်ဆက်ပြီး သူမကိုယ်သူမ မိတ်ဆက် လိုက်သည်။

 

 “အကြီးဆုံး သခင်လေးနျဉ်၊ တွေ့ရတာ ဝမ်းသာပါတယ်၊ ကျွန်မက စုယန်ယန်ပါ”

***