အပိုင်း ၁၆၁
Viewers 1k

အခန်း (၁၆၁)

ငါက အချစ်ရူးတစ်ယောက်ပါလား

 

နျဉ်ချီလွေ့သည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ သော်လည်း ဝမ်ကျင့်ဖျင်ထံမှ မည်သည့် တုံ့ပြန်မှုကိုမှ မရရှိခဲ့ပေ။ သူ့မျက်လုံးထဲမှ အေးစက်မှုက ပိုမိုပြင်းထန် လာခဲ့သည်။

 

 “ငါ့အကြောင်းကို ခဏထားလိုက်ပါဦး။ မင်းရော ဘယ်လိုလဲ။ မင်းရဲ့အလုပ်အကိုင်က အဆင်ပြေရဲ့လား”

 

သူ့မေးခွန်းက ဝမ်ကျင့်ဖျင်၏ အပျက်သဘော‌ ဆောင်နေသည့် ခံစားချက်များထဲမှ အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့သည်။ ဝမ်ကျင့်ဖျင်သည် သူမ၏ စိတ်ခံစားချက်များကို ထိန်းချုပ်ရန် အတင်းအကြပ် ဖိအားပေးကာ - “ငါ့အလုပ်အကိုင်က သိပ်တော့ အဆင်မပြေဘူး” လို့ ပူပင်သောက ဟန်ဖြင့် စကားဆိုသည်။

 

နျဉ်ချီလွေ့သည် သူမ တုံ့ပြန်ပြောဆိုသည့် စကားကို ကြားလိုက်သည်နှင့် တစ်ပြိုင်နက် သူ့မျက်ခုံးတွေ အသာပင့် သွားမိသည်။ သူက အေးဆေး တည်ငြိမ်စွာဖြင့် မေးမြန်းလိုက်သည်။

 

“တစ်ခုခု ဖြစ်လို့လား။

 

“တကယ်တော့ ပြဿနာ ကြီးကြီးမားမားတော့ မဟုတ်ပါဘူး။ ငါနဲ့ တိုက်ရိုက် ထုတ်လွှင့်မှု ပလက်ဖောင်းတူ အစားအသောက်ကဏ္ဍ တင်ဆက်တာချင်းလည်း တူတဲ့ တိုက်ရိုက် ထုတ်လွှင့်သူ တစ်ယောက်က ငါ့ရဲ့ ဟင်းချက်နည်းတွေကို ပုံတူကူး ယူခဲ့တယ်။ ငါ သူမကို အရမ်း အရှက်ရစေဖို့ မရည်ရွယ်ခဲ့ပေမယ့် ငါ့ရဲ့ ဟင်းချက်နည်း မူပိုင်ခွင့်ကို ချိုးဖောက်တဲ့ သူမရဲ့ အပြုအမူကို ရပ်တန်စေဖို့ ငါ ပို့စ်တစ်ခု တင်လိုက်မိတယ်။ အဲဒီတင်ဆက်သူမှာ နောက်ခံ ကောင်းကောင်း ရှိလိမ့်မယ်လို့ ငါ မထင်ထားခဲ့ဘူး၊ ဒါ့ကြောင့် သူမအစား ငါ့ကို ဝေဖန် အပြစ်တင်တာကို ခံနေရတယ်။ အခု အင်တာနက် အသုံးပြုသူ အများစုက ငါ့ကို တိုက်ခိုက် နေခဲ့ကြပြီး အဲ့အထဲမှာ စွမ်းရည်မျိုးစုံ ထုတ်ဖော်နိုင်တဲ့ အစီအစဉ်ကပါ ပါဝင်နေခဲ့တယ်...”

 

 

ဝမ်ကျင့်ဖျင်သည် ဤစကားများကို ခိုကိုးရာမဲ့စွာ ပြောဆိုခဲ့ပြီး အခြား အချိန်များတွင် ဆိုလျှင် နျဉ်ချီလွေ့က သူမအား ချက်ချင်း စာနာသိတတ်စွာ နှစ်သိမ့် ပေးနေခဲ့မှာ ဖြစ်သည်။

 

သို့သော်လည်း ဒီနေ့မှာတော့ နျဉ်ချီလွေ့ဟာ ခဏတာမျှ တိတ်ဆိတ်နေခဲ့ပြီး အသံတိုးတိုးဖြင့် မေးမြန်းလိုက်သည်။

 

“ဟောက်ရှောက်ဖုန်းကရော ဒီအကြောင်းကို သိလား”

 

“ရှောက်ဖုန်းလား” ဝမ်ကျင့်ဖျင် ကြက်သေ သေသွားသည်။ ပုံမှန်အားဖြင့်ဆိုလျှင် သူက ဒီလို မေးခွန်းမျိုးကို မေးလေ့ မရှိပေ။

 

“သိပ်မကြာသေးခင်က ရှောက်ဖုန်း အရမ်း အလုပ်များနေခဲ့တယ်၊ ဒီလို အသေးအဖွဲ ကိစ္စမျိုးကြောင့် သူ့ကို ငါ မနှောင့်ယှက်ချင်ဘူး”

 

‘မင်း သူ့ကို အနှောင့်အယှက် မပေးချင်တာနဲ့ ငါ့ကို လာနှောင့်ယှက် နေရလား’ နျဉ်ချီလွေ့သည် ရုတ်တရက် ခါးသီးမှုကို ခံစားလိုက်ရသည်။

 

“အိုး...”

 

ဝမ်ကျင့်ဖျင်ဟာ အံ့အားသင့် သွားခဲ့သည်။ သူက “အိုး...” လို့ ပြောလိုက်တာလား။ ဒီလိုအချိန်မျိုးမှာ သူက စိတ်အားထက်သန်စွာ ပြုမူသင့်တာ မဟုတ်ဘူးလား။

 

ဝမ်ကျင့်ဖျင်၏ တုံ့ပြန်မှုကို မစောင့်ဆိုင်းပဲ နျဉ်ချီလွေ့က အေးဆေး တည်ငြိမ်စွာ မေးမြန်းလိုက်သည်။

 

 “သြော်... ဒါနဲ့ ဟောက်ရှောက်ဖုန်း သူက စေ့စပ်ကြောင်းလမ်း ထားတာ ဖျက်သိမ်းချင်တာကို စုမိသားစုက လက်မခံတာကြောင့် အများပြည်သူ ရှေ့မှောက်မှာ အတင်းအကြပ် ဖျက်သိမ်း လိုက်တယ်လို့ မင်း ငါ့ကို ပြောပြခဲ့တယ်နော်။ အဲ့တာက သူက မင်းကို ပြောပြတာလား၊ ဒါမှမဟုတ်၊ အဲ့တာကို မင်းကိုယ်တိုင်ပဲ ခန့်မှန်းပြောဆိုခဲ့တာလား”

 

“အစ်ကိုချီလွေ့၊ ဘာဖြစ်လို့ ရုတ်တရက်ကြီး ဒီအကြောင်းကို မေးနေတာလဲ။ တစ်ယောက်ယောက်က အစ်ကို့ကို တစ်ခုခု ပြောခဲ့လို့လား”

 

“ငါ့ကို တစ်ယောက်ယောက်က တစ်ခုခု ပြောခဲ့တယ်လို့ မင်း ဘယ်လိုလုပ်ပြီး ပြောနိုင်ရတာလဲ။ ငါက ဒီအကြောင်းကို စပ်စုလို့ မရဘူးလား”

 

“... ငါ အဲ့လို ဆိုလိုချင်တာ မဟုတ်ရပါဘူး”

 

“အဲ့တာဆို... ပြောပြလေ”

 

“သူက ငါ့ကို ပြောပြတာ၊ ပြီးတော့ ငါကိုယ်တိုင်လည်း ငါ့မျက်စိနဲ့ မြင်တွေ့ခဲ့တယ်”

 

“ဒါဆိုရင် စုမိန်းကလေးက မင်းကို အနိုင်ကျင့်ဖို့ မင်းရဲ့ကျောင်းကို ရောက်လာတယ်လို့ မင်း အရင်က ပြောဖူးတယ်နော်။ အဲ့တာက လူသိရှင်ကြား ဖြစ်ပျက်ခဲ့တာလား။ မင်းတို့အနားမှာ တစ်ယောက်ယောက် ရှိလား”

 

ဝမ်ကျင့်ဖျင်သည် နျဉ်ချီလွေ့က ရုတ်တရက် ဒီမေးခွန်းတွေကို ဘာဖြစ်လို့ မေးမြန်းနေမှန်း နားမလည်ပေမယ့် အဲ့တာက သူမ၏ အပြစ်ရှိသလို ခံစားချက်ကို မတားဆီးနိုင်ခဲ့ဘူး။

 

“သူမက ငါနဲ့ တစ်ယောက်တည်း သီးသန့်စကား ပြောချင်တယ်လို့ ပြောခဲ့တယ်၊ ဒါ့ကြောင့်...”

 

“အနားမှာ ဘယ်သူမှ မရှိဘူးလား”

 

“… ဟုတ်တယ်”

 

“ငါ သိပြီ”

 

 နျဉ်ချီလွေ့၏ မျက်လုံးထဲတွင် နွေးထွေးမှုများ လုံးဝ ပျောက်ကွယ် သွားခဲ့ပြီး သူ့နှလုံးသားထဲမှာ ကောက်ချက် ချခဲ့ပြီးပြီ ဖြစ်သည်။

 

ဝမ်ကျင့်ဖျင်သည် နျဉ်ချီလွေ့၏ မျက်နှာ အမူအရာကို မမြင်တွေ့ရသော်လည်း သူမသည် တစ်ခုခုတော့ မှားယွင်းနေပြီ ဖြစ်မှန်းကို သူ့အလိုလို ခံစားလိုက်မိသည်။ သူမသည် အကျိုးသင့် အကြောင်းသင့် ရှင်းလင်း၍ မပြနိုင်လောက်အောင် တုန်လှုပ်သွားပြီး “ချီလွေ့...” လို့ အသနားခံသည့် အသံဖြင့် ခေါ်လိုက်သည်။

 

“ငါ ဆေးကုဖို့ အချိန်ရောက်ပြီ။ ငါတို့ နောက်မှာ စကားဆက် ပြောကြရအောင်”

 

နျဉ်ချီလွေ့သည် ထိုသို့ပြောပြီးသည်နှင့် ဝမ်ကျင့်ဖျင်၏ တုံ့ပြန်မှုကို မစောင့်ပဲ ဖုန်းချလိုက်သည်။

 

ဝမ်ကျင့်ဖျင်သည် ဖုန်းကျသွားသော အသံကို နားထောင်ရင်း သူမ၏ အသိစိတ် ပြန်ကပ်ရန် အချိန် အတော်ကြာခဲ့သည်။ နျဉ်ချီလွေ့က သူမ ဖုန်းခေါ်တာကို အရင် ချလိုက်တာလား။

 

သူမ၏ ‌နောက်ဆုံး မျှော်လင့်ချက်က ပျက်သုဉ်း သွားသည်။ ဝမ်ကျင့်ဖျင်သည် သူမ၏ နှလုံးသားထဲမှ ဒေါသစိတ်များကို မထိန်းနိုင်‌တော့ပဲ သူမဘေးရှိ စားပွဲကို မှောက်လှန် လိုက်သည်။

 

“ပုံမှန်အားဖြင့်ဆို သူတို့က စကားကို ချိုချိုသာသာ ပြောတတ်ကြပေမယ့် အရေးကြီးတဲ့ အခိုက်အတန့်တွေမှာတော့ ဘယ်သူ့ကိုမှ ယုံကြည်လို့ မရဘူး”

 

ဝမ်ကျင့်ဖျင်သည် သူမ၏ ဒေါသစိတ်ကြောင့် သူမ လက်လှမ်းမီသမျှ အရာအားလုံးကို ပစ်ချခဲ့ပြီး သူမ မျက်နှာဟာ ရူးသွပ်နေဟန် ပုံပျက်ပန်းပျက် ဖြစ်နေခဲ့သည်။ နျဉ်ချီလွေ့နှင့် စကားပြောဆိုစဉ်က သူမ၏  နူးညံ့သိမ်မွေ့မှုဟာ အခုတော့ အရိပ်အယောင်တောင် မရှိတော့ပေ။

 

နျဉ်ချီလွေ့သည် ဖုန်းချလိုက်သည်။ သူ့နှလုံးသားက တစ်စုံတစ်ယောက်အတွက် နာကျင်ကိုက်ခဲခဲ့ပြီး သူမအတွက် တရားမျှတမှုကို ရှာဖွေပေးချင်ခဲ့ပေမယ့် အဆုံး၌ သူသည် အချစ်ရူး တစ်ယောက်သာ ဖြစ်ခဲ့လေသည်။

 

နျဉ်ချီလွေ့သည် မခံမရပ်နိုင် ခံစားလိုက်ရသဖြင့် ဆေးရုံခုတင်ကို လက်သီးဖြင့် ထိုးလိုက်ရာ အသံကျယ်ကျယ် ထွက်ပေါ်သွားခဲ့သည်။

***