အစွန့်ပစ်ခံရသည့် စစ်တုရင်အပိုင်းအစလေး
ဝမ်ကျင့်ဖျင်သည်
လွန်ခဲ့သော ရက်အနည်းငယ်က တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကြောင့် စိတ်ပင်ပန်းနေပြီ
ဖြစ်သည်။ နျဉ်ချီလွေ့သည် အခု သူမမှာရှိသော တစ်ခုတည်းသော အသက်ကယ်မြက် ဖြစ်နိုင်တယ် ဆိုတာ
သိထားသော်လည်း သူမစိတ်ထဲမှာ မကျေနပ်မှုများ တိုးပွားလာနေဆဲ ဖြစ်သည်။
သူမ၏
စကားသံတွင် စိတ်မရှည်သည့် အရိပ်အယောင် ပါဝင်လာခဲ့သည်။
“ညီမလည်း
ဒီနှစ်ရက်အတွင်းမှ အားလပ်နေတာ။ အစ်ကိုချီလွေ့၊ အခု ရှင် ဘယ်ဆေးရုံမှာ တက်နေတာလဲ။ ညီမ
အစ်ကိုကို လူနာသတင်းမေး လာလို့ ရမလား”
အကယ်၍
ပုံမှန်အချိန်တွေဆိုရင် ဝမ်ကျင့်ဖျင်က သူနှင့်တွေ့ရန် အစပြုခဲ့မယ်ဆိုရင် နျဉ်ချီလွေ့သည်
စိတ်အား ထက်သန် နေပေလိမ့်မည်။ သူသည် သူမအတွက် အမျိုးမျိုးသော ကိစ္စရပ်တို့ကို စီစဉ်ပေးရန်
အစပြုကာ သူမကို လူကိုယ်တိုင် သွားရောက် ကြိုဆိုလာရန် တစ်ယောက်ယောက်ကိုပင် စေလွှတ်ပေးခဲ့မည်
ဖြစ်သည်။
သတင်းထောက်များကို
သတင်းယူရန် အခွင့်အရေးပေးပြီး သတင်းစာ ခေါင်းကြီးပိုင်းတွင် ပေါ်လာလိမ့်မည် ဖြစ်သည်။
သို့ရာတွင်
ဒီတစ်ခါမှာတော့ သူ့အစ်ကိုဖြစ်သူ သူ့ကို ဒီကိစ္စနှင့် ပတ်သက်ပြီး သေသေချာချာ ပြောခဲ့သောကြောင့်
အနည်းငယ် စိတ်ရှုပ်ထွေး နေသေးသည်။
ဝမ်ကျင့်ဖျင်၏
စကားကို ကြားလိုက်ရသော အခါတွင် ရုတ်တရက် စိတ်မသက်မသာ ဖြစ်သလို ခံစားလိုက်ရပြီး သူမ၏
ကမ်းလှမ်းချက်ကို မစဉ်းစားပဲ ငြင်းပယ် လိုက်သည်။
“မေ့လိုက်ပါ၊ ဆေးရုံက အနံ့ပြင်းပြီး လူရှုပ်တယ်။
မင်း ဒီကိုလာဖို့ သိပ်အဆင်မပြေဘူး”
နျဉ်ချီလွေ့က
ဒီလို ပြောလိုက်ပေမယ့် သူ့စိတ်မှာတော့ မျှော်လင့်ချက် အနည်းငယ် ကျန်ရှိနေသေးသည်။ အကယ်၍
ဝမ်ကျင့်ဖျင်သာ သူ့ကို အမှန်တကယ် ဂရုစိုက်တယ်ဆိုရင် ဒီအဆင်မပြေမှုတွေကို သူမ ဂရုမစိုက်ပဲ
သူ့ဆီ လာလည်လိမ့်မယ်လို့ တွေးနေမိသည်။
သို့သော်
သူမသည် ချိုသာ စကားလုံးများဖြင့် သူ့ကို နှစ်သိမ့်ရန် ကြိုးစားခဲ့ပါက…
နျဉ်ချီလွေ့၏
တွက်ချက်ထားသည့် အတွေးများကို မသိသော ဝမ်ကျင့်ဖျင်သည် သက်ပြင်း တစ်ချက်ချကာ ဝမ်းနည်းဟန်
ဆောင်ကာ တောင်းပန် လာခဲ့သည်။
“ကောင်းပါပြီ၊
ဒါဆိုရင်လည်း အစ်ကို နေပြန်ကောင်းတဲ့ အချိန်မှ ကျွန်မတို့ ဆုံကြတာပေါ့”
နျဉ်ချီလွေ့၏
နှလုံးသားဟာ အေးခဲသွားသည်။ သူက အနည်းငယ် မျက်မှောင်ကြုတ် သွားပြီး ဆက်ပြောလိုက်သည်။
“ဒါဆိုရင်
မင်း အချိန်အကြာကြီး စောင့်ရလိမ့်မယ်”
“အချိန်အကြာကြီးလား”
ဝမ်ကျင့်ဖျင်သည် သူ၏ တုံ့ပြန်ပြောဆိုသည့် စကားကြောင့်
ထိတ်လန့် သွားသည်။
“သိပ်မပြင်းထန်ဘူးလို့
အစ်ကို ပြောခဲ့တာ မဟုတ်ဘူးလား”
“ဒါက
သိပ်မပြင်းထန်ပေမယ့် ကုသဖို့က ပိုခက်ခဲတဲ့အတွက် အချိန်အနည်းငယ် ကြာမြင့်လိမ့်မယ်”
“...
ဘယ်လောက်ကြာမှာလဲ”
“အနည်းဆုံး
တစ်နှစ်၊ နှစ်နှစ်လောက်ပေါ့”
“အဲ့တာဆို
အရမ်းကြာတာပေါ့”
ဝမ်ကျင့်ဖျင်ရဲ့ မျက်နှာဟာ ရုတ်တရက် ပြောင်းလဲ သွားသည်။
“ဒါဆို အစ်ကိုချီလွေ့၊ ဒီကာလအတွင်း အစ်ကိုရဲ့ အလုပ်ကိုရော
ဘယ်လိုလုပ်မလဲ”
နျဉ်ချီလွေ့၏
မျက်လုံးတို့က အန္တရာယ်ကြီးစွာ ကျဉ်းမြောင်း သွားခဲ့သည်။ သူ့အစ်ကိုက ဒါကို မှန်ကန်စွာ
ထောက်ပြ နိုင်ခဲ့သလို၊ သူက ရူးမိုက်နေပေမယ့် မျှော်လင့်ချက် ကင်းမဲ့နေသည့် လူမိုက်မျိုး
မဟုတ်ပေ။
သူက
နာမကျန်း ဖြစ်နေပေမယ့် ဒီအမျိုးသမီးက ကုသဖို့ တစ်နှစ်၊ နှစ်နှစ်လောက် ကြာမြင့်သည့်
မည်သည့် ရောဂါဝေဒနာမျိုးကို သူ ခံစားနေရတာလဲ ဆိုတာကို ဂရုတစိုက် မေးမြန်းခြင်း မရှိခဲ့ပေ။
သူမသည် သူ၏ လက်ရှိ အခြေအနေ သို့မဟုတ် ကုသမှု လုပ်ငန်းစဉ်တွင် သူ ခံစားရမည့် နာကျင်မှုကို
ဂရုမစိုက်သည်မှာ သိသာ ထင်ရှားပါသည်။ သူမ သူ့ရဲ့ နာမကျန်းမှုနဲ့ ပတ်သက်ပြီး တစ်ခုတည်းသော
စိုးရိမ်ပူပန်မှုဟာ သူ ဖျော်ဖြေရေး နယ်ပယ်တွင် ဆက်လက် အလုပ်လုပ်နိုင်ခြင်း ရှိ မရှိကိုပင်
ဖြစ်သည်။
ခဏအကြာမှာတော့
နျဉ်ချီလွေ့သည် သူနှင့် စကားပြောဆိုနေသော သူဟာ သူ့အသိ မိတ်ဆွေနှင့် စကားပြောဆိုနေတာ
မဟုတ်ပဲ သူ၏ အထက်လူကြီးနှင့် စကားပြောဆို နေတာလားဟုပင် အနည်းငယ် သံသယဝင်မိသည်။
“ငါ့မှာ
ရွေးချယ်စရာ မရှိဘူးလေ။ ငါ နာမကျန်း ဖြစ်နေလို့ ငါ့အလုပ်ကို ရွှေ့ဆိုင်းထားဖို့ပဲ တတ်နိုင်တယ်။
ကုမ္ပဏီက ငါ့ကို ဘာပြဿနာမှ မရှာဘူး ဒါပေမယ့် နောက်တစ်နှစ်၊ နှစ်နှစ်အတွင်းမှာ ငါ ဖျော်ဖြေရေး
နယ်ပယ်ကနေ အနားယူ လိုက်ရမှာကို စိုးရိမ်မိတယ်”
နျဉ်ချီလွေ့က
ဒီစကားကို ပြောလိုက်တာနှင့် ဝမ်ကျင့်ဖျင်၏ စိတ်နှလုံးသား နစ်မွန်းသွားသည်။ ဖျော်ဖြေရေး
နယ်ပယ်သည် စွဲမက်ဖွယ် ကောင်းပုံ ရသော်လည်း တကယ်တမ်းတွင် အလွန် ကြိုတင် မပြောနိုင်သော
ကိစ္စရပ်များ ပေါ်ပေါက်လေ့ရှိသည်။
နျဉ်ချီလွေ့သည်
သူ့ကုမ္ပဏီ၏ အနှစ်သက်ဆုံး ပင်မ အနုပညာရှင် အသစ် တစ်ယောက်ဖြစ်ပြီး တောက်ပပြီး အလားအလာ
ကောင်းသော အနာဂတ်ကို ပိုင်ဆိုင်ထားပုံရသည်။ သို့သော် သူသည် နှစ်နှစ်နီးပါး ပျောက်ကွယ်
သွားပါက လူဘယ်လောက်များများက သူ့ကို မှတ်မိသိရှိ နိုင်ပါတော့မလဲ။
သူ့မှာ
လက်ရာမြောက်သော အောင်မြင်မှုတွေ မရှိခဲ့သလို သူ၏ ရုပ်ရည် အသွင်အပြင်ကလည်း ပရိသတ်များကို
တမ်းတမ်းစွဲ သဘောကျလောက်သည့် အထိ အားမကိုးရပေ။ ဒီကမ္ဘာကြီးက သူ ရှိရင်ဖြစ်ဖြစ် မရှိရင်ဖြစ်ဖြစ်
ဆက်လက် လည်ပတ်နေလိမ့်မည်။
နျဉ်ချီလွေ့က
နှစ်နှစ်လောက် လူမြင်ကွင်းကနေ ပျောက်ကွယ် သွားပြီး ပြန်လည် ပေါ်ထွက်လာပါက၊ ထိုအချိန်ကျ
သူ့ကို လူဘယ်လောက်များများက နှစ်သက် သဘောကျနေဦးမှာလဲ။
ဝမ်ကျင့်ဖျင်၏
အမြင်အရ နျဉ်ချီလွေ့သည် ယခုအခါတွင် သူ့ကုမ္ပဏီမှ စွန့်လွှတ် ခံလိုက်ရသည့် စစ်တုရင်
အပိုင်းအစတစ်ခု ဖြစ်လာခဲ့သည်။ ဒီအစွန့်ပစ်ခံရတဲ့ စစ်တုရင် အပိုင်းအစက သူမကို ကူညီပေးနိုင်ဦးမှာလား။
သူမ၏
ဆိုးရွားလှသော အလားအလာများကို တွေးတောရင်း ဝမ်ကျင့်ဖျင် မျက်နှာဟာ ဖြူရော်သွားခဲ့သည်။ သူမသည် ယခုအခါတွင်
နာမကျန်း ဖြစ်နေသော နျဉ်ချီလွေ့ကိုပင် မကျေမနပ် ဖြစ်မိသည်။ သူက ဘာဖြစ်လို့ တစ်နေ့နေ့
တစ်ချိန်ချိန်မှ နာမကျန်း မဖြစ်ရတာလဲ။
ဘာဖြစ်လို့
လူတိုင်းက သူမကို ဆန့်ကျင်နေရတာလဲ။ ဒီလို မဖြစ်သင့်ဘူး။
***