အပိုင်း ၁၆၃
Viewers 949

အခန်း (၁၆၃)

သခင်မလေးက နတ်သမီးတစ်ပါးပါပဲ

 

“အဲ့တာက တစ်ကိုယ်လုံးကို နွေးထွေး သွားစေတာလား”

 

 နျဉ်ချီလွေ့ရဲ့ အာရုံစိုက်မှုက နည်းနည်းလေး လွဲနေသည်။ သူက ယန်ကျင်းယို့ကို လှောင်ပြုံးလေးဖြင့် တစ်ချက်ကြည့်ကာ စကားဆိုလိုက်သည်။

 

 “ဒါဆို အဲ့တာက တကယ် မင်းကိုယ်တိုင်ပဲ။ မဟုတ်ရင်၊ မင်း ဘယ်လိုလုပ်ပြီး ဒီလောက် ရှင်းရှင်းလင်းလင်း သိနိုင်မှာလဲ”

 

ယန်ကျင်းယို့, “…”

 

သူတို့နှစ်ဦးသား စကားပြောနေစဉ်မှာပဲ နျဉ်ချီလွေ့၏ အေးဂျင့်ဟာ ရုတ်တရက် တံခါးဖွင့်ကာ အခန်းထဲသို့ ဝင်ရောက်လာပြီး သူ့လက်ထဲတွင် အလွန်လေးလံသော ထမင်းဗူး နှစ်ဗူးကို သယ်ဆောင်လာခဲ့သည်။

 

“ချီလွေ့၊ မင်းရဲ့ညစာ ရောက်လာပြီ”

 

“အချိန်က အရမ်း နောက်ကျနေပြီ၊ မင်း အခုထိ မစားရသေးဘူးလား”

 

 ယန်ကျင်းယို့က မျက်မှောင်ကြုတ်ပြီး နျဉ်ချီလွေ့ အနားသို့ အေးဂျင့်က ပို့ပေးနိုင်ရန် အေးဂျင့်အတွက် လမ်းဖယ် ပေးလိုက်သည်။

 

နျဉ်ချီလွေ့၏ အေးဂျင့်သည် စားပွဲကို ကျွမ်းကျင်စွာဖြင့် ချလိုက်သည်။ သူက ထမင်းဗူးကိုဖွင့်ပြီး စွပ်ပြုတ်၊ ဆန်ပြုတ်နှင့် ငါးဟင်းလျာတို့ကို ထုတ်ယူလိုက်သည်။

 

ထမင်းဗူးကို ဖွင့်လိုက်သည်နှင့် ထမင်းဗူးအတွင်းမှ အစားအစာတို့၏ မွှေးရနံ့ဟာ တစ်ခန်းလုံး ပျံ့နှံ့သွားခဲ့သည်။

 

နျဉ်ချီလွေ့သည် စိတ်မသက်မသာဖြင့် “အနံ့က အရသာရှိမယ့်ပုံပဲ” လို့ မပီမပြင် ရေရွတ်လိုက်သည်။

 

တစ်ဖက်တွင်မူ ယန်ကျင်းယို့က လုံးဝ ထိတ်လန့် သွားသည်။ သူက စားပွဲပေါ်ရှိ ဟင်းလျာသုံးမျိုးကို တစ်ချက် ကြည့်တာနဲ့ မှတ်မိခဲ့ပြီး အထူးသဖြင့် ငါးဟင်းလျာက သူ့အာရုံမှ စွဲမြဲနေခဲ့သည်။

 

သူက တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်သောအခါတွင် အခြားကြည့်ရှုသူများ နည်းတူ ကွန်ပလိန်း တက်ခဲ့ပြီး ဒီငါးဟင်းလျာကို မည်သည့် ကံကောင်းသည့် လူနာက မြည်းစမ်းရမလဲ ဆိုတာကို မသိခဲ့ပေ။

 

အခုတော့ သူ့မျက်စိရှေ့မှာပင် သူ့သူငယ်ချင်း၏ စားပွဲပေါ်မှာ ဒီငါးဟင်းလျာက ပေါ်ထွက်လာခဲ့သည်။

 

“ဒါက... ဒါက...”

 

ယန်ကျင်းယို့သည် ထိုငါးဟင်းလျာကို အချိန်မ‌ရွေး စိတ်လွတ် သွားနိုင်သလို တုန်ရီနေသော လက်ချောင်းများဖြင့် လက်ညှိုး ထိုးနေခဲ့သည်။

 

နျဉ်ချီလွေ့ ထိတ်လန့် သွားသည်။

 

“မင်း ဘာဖြစ်နေတာလဲ။ မင်း တက် နေတာလား”

 

ယန်ကျင်းယို့သည် သူ့မျက်နှာကို သုတ်လိုက်ပြီး စားပွဲကို လက်ဖြင့် ပုတ်လိုက်သည်။

 

“မင်း ဒီဟင်းလျာတွေကို ဘယ်က ရလာတာလဲ”

 

“ငါ့အစ်ကိုက ငါ့ရဲ့ နာမကျန်းမှုအတွက် ဆရာဝန် တစ်ယောက် ရှာပေးခဲ့တယ်။ အဲဒီဆရာဝန်က ငါ့ကို ဒီဟင်းလျာတွေကို ပို့ပေးပြီး ငါ့ရဲ့ နာမကျန်းမှုကို ကုသနိုင်ဖို့ ဆေးဝါးဓာတ်စာကိုပါ တွဲဖက်စားသုံးပြီး ကုသရင် မြန်မြန် သက်သာလိမ့်မယ်လို့ ပြောတယ်”

 

ယန်ကျင်းယို့သည် ဒီစကားတွေကို ကြားလိုက်ရသောအခါ နောက်ဆုံး၌ မနေနိုင်တော့ပဲ “F*ck!”လို့ နှုတ်မှ လွတ်ခနဲ ထွက်သွားသည်။

 

အခု သူ့သူငယ်ချင်းကောင်းကို စိတ်အား တက်ကြွစေရန် သူ့အားနည်းချက်ကို ထုတ်ဖော်ပြသကာ တွန်းအားပေးခဲ့သည့် ကြိုးပမ်းမှုသည် တကယ့်ကို မိုက်မဲသည့် လုပ်ရပ်တစ်ခု ဖြစ်သည်။

 

သူမ၏ မည်သူမည်ဝါဖြစ်ကြောင်း ပေါ်ထွက်လုဆဲဆဲ ဖြစ်နေတာကို မသိသည့် စုယန်ယန်သည် အောက်ဖော်ပြပါ ဟင်းပွဲတွေကို ချက်ပြုတ်နေရင်း အလုပ်များနေခဲ့သည်။

 

သူမသည် ဟောက်ချန်ဟွမ်း၏ အကြိုက်အရသာကို ဦးစားပေး ထည့်သွင်း စဉ်းစားပြီး အတုံးသေးသေးလေးတွေ တုံးတာ ချက်ပြုတ်ထားသည့် ဝက်သားဟင်း၊ မာပိုတို့ဟူးဟင်းပွဲ၊ ဝက်နံရိုးကြော်နဲ့ စီချွမ်စတိုင် ဝက်ခြေထောက် စွပ်ပြုတ်တို့ကို ပြင်ဆင် ချက်ပြုတ်ခဲ့သည်။

 

ဒီဟင်းပွဲ အမျိုးအစားတွေဟာ အရသာ အတော်လေးပြင်းသည်။ သူမ ချက်ပြုတ်ပြီးတာနဲ့ မီးဖိုချောင်ထဲမှ ဟင်းပွဲရနံ့တွေဟာ တစ်စတစ်စ ပြန့်လွင့်သွားကာ လူတိုင်းကို နှာရည် ယိုစေခဲ့သည်။

 

စုယန်ယန် တစ်ယောက် ဟင်းပွဲများကို ပြင်ဆင် တည်ခင်းသောအခါမှာ မစ်စတာစုနဲ့ တခြားသူတွေက ဒီဆွဲဆောင်မှုရှိတဲ့ ဟင်းပွဲရနံ့တွေကြောင့် လည်တဆန့်ဆန့် ဖြစ်နေခဲ့ကြသည်။

 

စုယန်ယန်သည် ဒီဟင်းလျာများကို စားပွဲဝိုင်း၌ မခင်းကျင်းမီ တစ်ခုချင်းစီ သီးသန့်ခွဲကာ ထမင်းဗူးထဲသို့ ထည့်ခဲ့သည်။

 

ထိုအချိန်တွင် စုယန်ယန် ဝက်ချိုချဉ်နဲ့ ခရမ်းချဉ်သီး ကြက်ဥမွှေကြော်တို့ကို တတ်နိုင်သမျှ မြန်မြန် ပြင်ဆင်ခဲ့သည်။

 

သူမ နောက်ဆုံးတစ်ကြိမ် ငါးဟင်းလျာကို ချက်ပြုတ် ပြင်ဆင်တုန်းက သူမ၏ မိသားစုက အများကြီး စားသောက်ခဲ့သည်။ သူတို့က ဒီငါးဟင်းလျာကို ကြိုက်နှစ်သက်တာ ဖြစ်နိုင်တယ်လို့ သူမ တွေးတောမိသည်။

 

အစပ်လွန်ကဲသော အစားအစာများကို စားသုံးခြင်းက လူကြီးတွေရဲ့ အစာခြေစနစ်ကို ဝန်ထုပ်ဝန်ပိုး ဖြစ်စေတာကြောင့် သူတို့အတွက် နောက်ထပ် ဟင်းလျာအချို့ကို ရွေးချယ် ပြင်ဆင်ခဲ့သည်။

 

အကုန်လုံး ချက်ပြုတ်ပြီးစီး သွားသည်နှင့် စုယန်ယန်သည် ထမင်းစားဖို့ကို အရင်မလုပ်ပဲ ထမင်းဗူးကို အရင်ပို့ပေး လိုက်သည်။

 

ကုရှောက်ယန်သည် ဟောက်ချန်ဟွမ်း အတွက် ထမင်းဗူး ယူဆောင်ပေးရန် ယာယီ တာဝန်ပေးတာ ခံခဲ့ရသည်။ စုယန်ယန်က သူ့ကို ထမင်းဗူးကို ကမ်းပေးပြီး သူ့အတွက် ရေနွေးပူ တစ်ဗူးကိုပါ ကမ်းပေးလိုက်သည်။

 

“ဒုက္ခခံပေးတဲ့အတွက် ကျေးဇူးပါပဲ။ ဒါက ပူဒီနာ ရေနွေးကြမ်းပါ။ ဒါကို အနည်းငယ် သောက်သုံးရင် နှာစေးတာကို သက်သာစေနိုင်ပါတယ်”

 

 

ကုရှောက်ယန်ဟာ ကြက်သေ သေသွားသည်။ သူက ဓာတ်မတည့်မှုကြောင့် နှာခေါင်းတွင်း အမြှေးရောင်ကာ နှာရည်ယိုတတ်ပေမယ့် ပုံမှန်အားဖြင့်တော့ အဆင်ပြေတာ များပါတယ်။ သို့ရာတွင် ရာသီဥတု အကူးအပြောင်းကြောင့် ဒါမှမဟုတ် ရာသီဥတု အေးတဲ့အခါမှာ အဆက်မပြတ် နှာချေပြီး နှာခေါင်း မသက်မသာ ဖြစ်တတ်သည်။

 

ယုကျစ်ယန်နှင့် တခြားသူတွေက ဒီအကြောင်းကို သိပေမယ့် စုယန်ယန်က ဒါကို သတိထားမိပြီး သူ့အတွက် ရေနွေးတစ်ဗူး အထူးတလည် ပြင်ဆင်ပေးလိမ့်မယ်လို့ သူ မမျှော်လင့်ထားခဲ့မိဘူး။

 

ငါတို့၏ အနာဂတ်သခင်မလေးဟာ နတ်သမီးလေး တစ်ပါးပါပဲ။

***