အပိုင်း ၁၆၄
Viewers 931

အခန်း (၁၆၄)

သူ့ရဲ့ အနာဂတ်ဇနီးသည်ကို ကြွားဝါနေတာပဲ

 

တကယ်တော့ ကုရှောက်ယန်မှာ ဓာတ်မတည့်မှုကြောင့် နှာခေါင်း အမြှေးရောင်ရမ်းတာကို စုယန်ယန်၏ စူးစမ်းလေ့လာမှု ကောင်းတဲ့ အကျင့်ကြောင့် သတိပြုမိမှာ မဟုတ်ပါဘူး။ သူမ အရင်ဘဝတုန်းက ဟောက်ချန်ဟွမ်း၏ အနားမှာ ရှိနေစဉ်က လူတချို့က ကု‌ရှောက်ယန်မှာ ဓာတ်မတည့်မှုကြောင့် နှာခေါင်းအတွင်း အမြှေးပါး ရောင်ရမ်းတတ်ကြောင်းကို အမှတ်တမဲ့ ကြားသိခဲ့ရလို့ပါပဲ။

 

သူမ၏ အမြင်အရတော့ ဟောက်ချန်ဟွမ်းကို ကောင်းကောင်း ဆက်ဆံသူတိုင်းသည် သူမအတွက် မိတ်ဆွေ သူငယ်ချင်းပင် ဖြစ်သည်။

 

စုယန်ယန်သည် ကုရှောက်ယန်ကို မိတ်ဆွေအဖြစ် မှတ်ယူထားသောကြောင့် ဒီလိုမျိုး အသေးအမွှား ကိစ္စလေးကို အာရုံစိုက်ပေးတာက အကြောင်းကိစ္စ ကြီးကြီးမားမား မဟုတ်ပါဘူး။

  

 

ကုရှောက်ယန်ကို ပြန်လွှတ်ပြီးနောက် စနစ်ထံမှ သတိပေးချက်ဟာ စုယန်ယန်၏ စိတ်ထဲတွင် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

 

[အမျိုးသမီး ဇာတ်လိုက်ရဲ့ ရွှေလက်ချောင်း ၅ ရာခိုင်နှုန်း သိမ်းပိုက် နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါတယ်။ မင်းရဲ့ လက်ရှိ တိုးတက်မှုဟာ ဆယ်ရာခိုင်နှုန်း ဖြစ်ပါတယ်။ ကျေးဇူးပြု၍ အမျိုးသမီး ဇာတ်လိုက်ရဲ့ ရွှေလက်ချောင်းတွေကို အမြန်ဆုံး ဖမ်းဆုပ်နိုင်ဖို့ ဇွဲရှိရှိနဲ့ ဆက်လက် ကြိုးစားပေးပြီး အမျိုးသမီး ဇာတ်လိုက်ရဲ့ ကံကြမ္မာကို ပြောင်းလဲလိုက်ပါ။]

 

စုယန်ယန်သည် သူမ၏ လှမ်းလက်စ ခြေလှမ်းတွေကို ရပ်တန့်လိုက်ပြီး အံ့အားသင့်စွာ မေးလိုက်သည်။

 

 “၅ ရာခိုင်နှုန်းပဲလား။ ဘာဖြစ်လို့လဲ”

 

မကြာသေးမီက သူမ၏ တိုက်ရိုက် ထုတ်လွှင့်မှုမှာ ဝမ်ကျင့်ဖျင်ကို အနိုင်ပိုင်းခဲ့ပြီး ဟောက်ရှောက်ဖုန်းကိုလည်း ရိုက်နှက်ခဲ့သေးသည်။ သူမ အလွန်ကြိုးပမ်း အားထုတ်ခဲ့ပြီးနောက် သူမသည် ၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

 

[စမ်းသပ် စစ်ဆေးမှုများ၏ ရလဒ်အရ အမျိုးသမီး ဇာတ်လိုက်အတွက် အစောပိုင်း ကာလများတွင် အလွန် အရေးပါသော အထောက်အပံ့ဖြစ်သည့် နျဉ်ချီလွေ့သည် မူလဇာတ်ကြောင်းမှ သွေဖီသွားကြောင်း တွေ့ရှိခဲ့ရသည်။ ဒါက အဓိကဇာတ်လိုက်များရဲ့ နောက်ပိုင်း ဇာတ်ကွက်များ၏ ဖွံ့ဖြိုးတိုးတက်မှု အပေါ် သွယ်ဝိုက်၍ အကျိုးသက်ရောက်မှု ရှိစေသောကြောင့် host ရဲ့ တိုးတက်မှု ဇယားမှာ ၅ ရာခိုင်နှုန်း တိုးလာခဲ့ခြင်း ဖြစ်သည်။]

 

 “မူလဇာတ်ကြောင်းကနေ သွေဖီသွားတာလား...”

 

[နျဉ်ချီလွေ့သည် အမျိုးသမီး ဇာတ်လိုက်ရဲ့ အထောက်အပံ့ မဟုတ်တော့ပါ။ အခု သူဟာ အမျိုးသမီး ဇာတ်လိုက်နဲ့ ဖုန်းဖြင့် စကားပြောဆိုပြီးနောက်တွင် သူမကို ဘလော့ခ်ခဲ့သည်။]

 

နျဉ်ချီလွေ့က သူမကို ဘလော့ခ် လိုက်တာလား။ သူမကို ဘလော့ခ်လိုက်တာက ဒီခွေးကောင်လေးဟာ သူ့သခင်ဟောင်းဖြစ်တဲ့ ဝမ်ကျင့်ဖျင်၏ မျက်နှာ အစစ်အမှန်ကို မြင်တွေ့သွားတာက လွဲလို့ တခြား အကြောင်းအရင်းကို မတွေးတောနိုင်ခဲ့ဘူး။

 

“ငါ သူ့ကို ကုသဖို့ အချိန်အများကြီး ပေးခဲ့ရတာ အလကားတော့ မဖြစ်ဘူးပဲ။ ကံကောင်းစွာပဲ သူ့ပြန်လမ်းကို သူရှာတွေ့ခဲ့တယ်။ မဟုတ်ရင် ငါ ဘယ်လောက်ပဲ အရည်အချင်း ရှိပါစေ သူ့ဦးနှောက်ကိုတော့ ကုသပေးနိုင်မှာ မဟုတ်ဘူး”

 

 စုယန်ယန်သည် လေးလေးနက်နက် သက်ပြင်းချကာ တေးသွားတစ်ခုကို ရွှင်မြူးစွာ ညည်းဆိုရင်း အိမ်ထဲသို့ ပြန်ဝင်လာခဲ့သည်။

 

 

သူမဟာ စိတ်သဘောထား ကောင်းမွန်မြင့်မြတ်တဲ့ လူတစ်ဦး မဟုတ်ပေ။

 

ဟောက်ချန်ဟွမ်းသည် သူ့ရှေ့က ဟင်းပွဲတွေက ထွက်လာသော အငွေ့အသက်များကို ရလိုက်တာနဲ့ ဒီဟင်းပွဲတွေက သူကြိုက်နှစ်သက်သည့် အရသာအတိုင်း ပြင်ဆင်ချက်ပြုတ် ပေးထားမှန်း ချက်ချင်း သိလိုက်သည်။

 

သူ့ဘေးဘီကို တစ်ချက် လှမ်းကြည့်လိုက်တော့ ယုကျစ်ယန်နှင့် တခြားသူများက တံတွေး ခိုးမျိုနေကြတဲ့ သေးငယ်သော လှုပ်ရှားမှုတွေကို သတိပြုမိလိုက်သည်။

 

“မွှေးကြိုင်နေတာပဲ မဟုတ်လား”

 

သုံးယောက်သားဟာ ကြက်သေ သေသွားခဲ့ပြီး တစ်ယောက်ကို တစ်ယောက် ထုံပေပေ ကြည့်နေမိသည့် အချိန်တွင် ယုကျစ်ယန်က မျှော်လင့်တကြီး ပြန်ဖြေလိုက်သည်။

 

“ဟုတ်ပါတယ်၊ မွှေးကြိုင်နေတာပဲ”

 

ဟောက်ချန်ဟွမ်းက လေးနက်စွာ ခေါင်းညိတ် လိုက်သည်။ “ဟုတ်တယ်” ဒီဟင်းပွဲတွေက မွှေးကြိုင်နေတယ်လို့ ပြောရင်တောင် သူ့ကို တစ်ကိုက်လေးတောင် မပေးနိုင်ပါဘူး။ ဒါတွေ အားလုံးက သူ့အတွက်ပဲ။

 

ဒါ အကုန်ပဲလား။ ယုကျစ်ယန်၏ ခေါင်းပေါ်တွင် မေးခွန်း အမှတ်အသားလေး အများအပြား ရှိနေခဲ့သည်။ ဒီအခြေအနေက သူ ထင်ထားသလို မဟုတ်ဘူးလေ။

 

‌ဟောက်ချန်ဟွမ်းသည် ယုကျစ်ယန်၏ မရနိုင်မည့် အရာကို တောင်းတနေသော အကြည့်ကို ခံစားချက်မဲ့စွာ ကြည့်ပြီး သူ့အတွက် ဟင်းပွဲတွေကို စတင် စားသောက်ခဲ့သည်။

 

အတုံးသေးသေးတွေ တုံးကာ ချက်ပြုတ်ထားသည့် ဝက်သားဟင်းသည် အစောပိုင်းတုန်းက စုယန်ယန် ချက်ပြုတ်ထားသော ငါးဟင်းလျာကဲ့သို့ပင် ဖြစ်ကာ ၎င်းတို့သည် လတ်ဆတ်သော ငါး၏ ပျော့ပျောင်းမှုမျိုး မရှိသော်လည်း ပေါင်းထားသော အသားသည် ပျော့ပျောင်းနေဆဲ ဖြစ်ပြီး စားချင်စဖွယ် ကောင်းသည်။

 

မာပိုတို့ဟူးသည် အလွန်နူးညံ့ပြီး တစ်ချက် ထိလိုက်ရုံဖြင့် ပဲ့ကြွေသွားကာ ဇွန်းဖြင့် ခပ်ကာ ပါးစပ်ထဲသို့ ထည့်လိုက်တာနဲ့ ဝါးစရာ မလိုအောင် နူးညံ့ပြီး တန်းမျိုချနိုင်သည်။

 

စပ်သည့် အရိပ်အယောင်တွေ ရောစွက်ပါဝင်နေသည့် ဝက်နံရိုးတွေကို လန်းဆန်းစေသော သခွားသီးများဖြင့် တွဲဖက်ထားသောကြောင့် လူတွေကို သူတို့ကို လျှာများကိုပင် မျိုချချင်လာစေသည်။

 

 နောက်ဆုံး၌ ဟောက်ချန်ဟွမ်းသည် ဝက်ခြေထောက် စွပ်ပြုတ်ကို သောက်လိုက်သည်။ ဝက်ခြေထောက်ထဲက အဆီတွေက စွပ်ပြုတ်ထဲကို ပျော်ဝင်သွားခဲ့ပြီး မွှေးရနံ့ကို ချိုမြိန်သွားစေကာ အရသာကို ထူးကဲသွားစေသည်။

 

ဟောက်ချန်ဟွမ်းသည် ဒီဟင်းပွဲတွေကို တစ်ပွဲပြီး တစ်ပွဲ မြည်းစမ်း ကြည့်ပြီးနောက် တစ်စုံတစ်ခုကို တွေးမိသွားပုံရပြီး သူတို့သုံးယောက်ကို တစ်ချက် လှမ်းကြည့်ပြီး မေးလိုက်သည်။

 

“မင်းတို့ ညစာ စားပြီးကြပြီလား”

 

“ဟုတ်ကဲ့…”

 

 “မင်းတို့ ဘာစားခဲ့ကြတာလဲ”

 

 ဟောက်ချန်ဟွမ်းသည် ဒီနေ့ ပုံမှန်နှင့်မတူ စကားအများကြီး ပြောနေသောကြောင့် ဒါက သူတို့သုံးယောက်အဖို့ အနည်းငယ် ထူးဆန်းနေသလို ခံစားရစေသည်။

 

“အာဟာရပျော်ရည်”

 

“အာဟာရပျော်ရည်”

 

“ကျွန်တော်ကတော့ ချွမ်ယွင် စားသောက်ဆိုင်ကနေ မှာစားခဲ့တာ”

 

ချွမ်ယွင် စားသောက်ဆိုင်သည် မြို့တွင်းရှိ နာမည်ကျော်ကြားသော အဆင့်မြင့် စားသောက်ဆိုင် တစ်ခု ဖြစ်သည်။

 

ယုကျစ်ယန်နှင့် ကုရှောက်ယန်တို့က သူ့ဘာသာသူ တစ်ယောက်တည်း စားသောက်ခဲ့သော သစ္စာဖောက်ကို ဒေါသတကြီး စိုက်ကြည့်နေစဉ် ဟောက်ချန်ဟွမ်း၏ စိတ်အားထက်သန်စွာ မေးလိုက်တာကို ကြားလိုက်ရသည်။

 

“အဲဒီက ဟင်းပွဲတွေက ယန်ယန်ရဲ့ လက်ရာလောက် ကောင်းလား”

 

“… မကောင်းပါဘူး”

 

ဟောက်ချန်ဟွမ်းက စိတ်ကျေနပ်စွာ “အင်း...” ဟု ပြန်ဖြေပြီး ဆက်လက် စားသောက်နေခဲ့သည်။

 

နောက်ဆုံး၌ သူတို့ သုံးယောက်သားသည် သူတို့၏ သခင်လေးက သူ့အနာဂတ် ဇနီးသည်အတွက် ကြွားဝါတာမှန်း သဘောပေါက် လိုက်သည်။ “...” ဘယ်လောက်တောင် ကလေးဆန်လိုက်လဲ။

 ***