အပိုင်း ၁၆၉
Viewers 887

အခန်း (၁၆၉)

ရှင် ဒီနေ့ အရမ်းချောနေတယ်

 

အဘိုးချိန်သည်လည်း သူမ၏ အတွေးအမြင်များကို သိမြင်နေပြီး တိုးတိုးဖွဖွလေး နှာခေါင်းရှုံ့သံ ပြုလိုက်မိပြီး ကူကယ်ရာမဲ့စွာ ဆူပူလိုက်လေသည်။

 

“မင်းက သိပ်အလားအလာ ကောင်းတာပဲ”

 

“သမီးအဘိုး၊ အဖေ၊ အစ်ကို၊ ဦးလေးနဲ့ အနာဂတ် ခင်ပွန်းလောင်း အကုန်လုံးက အရမ်းအံ့သြစရာ ကောင်းလောက်အောင် ထူးချွန်လွန်းတော့ သမီးလည်း ဒီလောက်တော့ ထူးချွန်သင့်တယ်လေ”

 

သူမ အစကနေ အဆုံးထိ လိုချင်ခဲ့တာက သူမ မိသားစုလေး လုံခြုံပျော်ရွှင်နေဖို့ပါပဲ။

 

“သမီး တစ်သက်လုံး အဘိုးတို့ကိုပဲ အားကိုးနေမှာ ဟုတ်ပြီလား။ အဘိုးတို့က သမီးကို မလိုချင်ဘူး ဆိုရင်တောင် သမီးကို လုံးဝ မဖယ်ထုတ်နိုင်ဘူး”

 

အဘိုးချိန်သည် သူမကို မျက်စောင်း ရွယ်လိုက်သည်။

 

 “စကားပြောတာကို ချွေတာထား၊ ချွေတာထား။ သမီးမှာ သမီးရဲ့ကိုယ်ပိုင် အစီအစဉ် ရှိပြီးသားမို့ သမီး ဘာလုပ်နေတယ်ဆိုတာ သမီးသိနေသ‌ရွေ့ အဘိုး သမီးကို မေးခွန်းထပ် ထုတ်မှာ မဟုတ်ဘူး”

 

စုယန်ယန်ရဲ့ နှလုံးသားသည် အဘိုးအိုရဲ့ သည်းခံမှုနှင့် သူမအပေါ် ထားရှိသည့် ချစ်ခြင်းမေတ္တာကို ခံစားလိုက်ရသဖြင့် နွေးထွေးသွားခဲ့သည်။

 

စုယန်ယန်သည် ထိုအရာများကို အဘိုးဖြစ်သူအား ပထမဆုံးအကြိမ် ပြသလိုက်သည့်တိုင် အလွန်အမင်း အံ့အားသင့် သွားသော်လည်း သူမ ဒီအကြောင်းနဲ့ ပတ်သက်ပြီး နောက်ထပ် စကားများကို ပြောဆိုလိုခြင်း မရှိကြောင်း ပြောဆိုခဲ့ပြီးနောက် သူမကို နားလည်ပေးဖို့ ရွေးချယ်ကာ နောက်ထပ် မေးခွန်းများကို ထပ်မမေးတော့ပေ။

 

 

တကယ်တော့၊ အဘိုးချိန်သည် သုတေသန အဖွဲ့အစည်းမှ လူများကို စိတ်ကျေနပ်စေမည့် ဖြစ်နိုင်ခြေရှိသော ရှင်းလင်းချက် တစ်ခုကို စဉ်းစားထားပြီးသား ဖြစ်လေသည်။

 

အဘိုးချိန်သည် အဓိကပြဿနာကို သူ ဖြေရှင်းဖို့ အဆင်သင့် ပြင်ဆင်ပြီးပြီ ဆိုတော့ သူမကို ထပ်ပြီး မဆွဲထားတော့ပေ။ သူက “ဒီည ဆယ်နာရီမထိုးခင် ပြန်လာရမယ်” လို့ တွန့်တိုစွာ ပြောလိုက်သည်။

 

ချိန်ရှုချင်နဲ့ ကျန်တဲ့လူတွေက အဘိုးချိန်ပြောတဲ့ စကားကို ကြားပြီး “ညအိပ်မနေနဲ့” လို့ ထပ်ပြောလိုက်သည်။

 

“မနမ်းရဘူး”

 

“သမီးရဲ့လက်ကို ကိုင်ခွင့်ပေးတာက လွဲလို့ တခြား ဘာမှလုပ်ခွင့်မပေးရဘူး”

 

စုယန်ယန် “...” အဖေတို့၊ အမေတို့ အရမ်း အတွေးလွန်နေပြီ။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်ရဲ့ နီမြန်းနေသော နားရွက်တစ်စုံကို တစ်ချက် လှမ်းကြည့်လိုက်ပြီး ဘာဖြစ်ခဲ့တယ် ဆိုတာကို မှန်းဆနိုင်သဖြင့် မျက်ခုံးပင့် လိုက်မိသည်။

 

“စောင့်ရတာ ကြာပြီလား။ တောင်းပန်ပါတယ်နော်၊ ကျွန်မ နည်းနည်း နောက်ကျသွားတယ်”

 

စုယန်ယန်သည် ‌ဟောက်ချန်ဟွမ်းကို တစ်ချက် လှမ်းကြည့်လိုက်မိပြီး သူမ၏ မျက်ဝန်းများ တလက်လက် တောက်ပသွားပြီး သူ့ကို ပွေ့ဖက်ဖို့ ချက်ချင်း ရှေ့သို့ လှမ်းလာခဲ့သည်။

 

တကယ်တော့ သူမသည် သူမ၏ တစ်ကိုယ်လုံးကို ဟောက်ချန်ဟွမ်း ခန္ဓာကိုယ်ပေါ်မှာ လူသားအရွယ်အစား အသုံးအဆောင်အဖြစ် အမြဲတမ်း ကပ်တွယ်နေရန် ဆန္ဒရှိသည်။

 

ဝမ်းနည်းစရာမှာ ဟောက်ချန်ဟွမ်းသည် သူမ၏ ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ဖို့ အခက်အခဲအချို့ကို ရင်ဆိုင်ဖြေရှင်းရပေဦးမည်။

 

ဒီလို အတွေးတွေ တွေးလိုက်မိသည်နှင့် စုယန်ယန်၏ အမြန်လက်ထပ်လိုသော စိတ်ဆန္ဒဟာ ပိုတိုးလာခဲ့သည်။

 

သူမတို့ လက်ထပ် ထိမ်းမြားပြီးသည်နှင့် သူမသည် ဟောက်ချန်ဟွမ်း နေထိုင်ရာအိမ်သို့ တရားဝင် ပြောင်းရွှေ့ နေနိုင်မည်ဖြစ်ပြီး သူမသည် သူ့အတွက် ကုသမှုကို ချက်ချင်း စတင်နိုင်မည် ဖြစ်သည်။

 

“အဆင်ပြေပါတယ်၊ ကိုယ်တို့လည်း အခုမှ ရောက်လာတာပါ”

 

 ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ အေးစက်နေသော လက်များကို ဆုပ်ကိုင်ထားရင်း မျက်မှောင်ကြုတ် လိုက်မိသည်။

 

 “အပြင်ဖက်မှာ အေးတယ်။ ကားပေါ် တက်ရအောင်”

 

“ကောင်းပါပြီရှင်”

 

နှစ်ယောက်သား ကားပေါ် ရောက်သည်နှင့် စုယန်ယန်သည် ထုပ်ပိုး ထည့်ထားသည့် ကိတ်နှင့် ကြက်ဥဌာပနာမုန့်များကို ထုတ်ယူလိုက်သည်။

 

“ဒါလေးတွေက ကျွန်မ လုပ်ထားတဲ့ ကိတ်မုန့်လေးတွေနဲ့ ကြက်ဥ ဌာပနာမုန့်တွေပဲ။ ရှင် စမ်းစားကြည့်ပြီး ကြိုက် မကြိုက် ကျွန်မ ပြန်ပြောပေးပါဦး။ အိုး... ဟုတ်သားပဲ။ ဒီမှာ ပဲနို့နည်းနည်းလည်း ကျန်သေးတယ်၊ ပဲနို့လေးတွေက နည်းနည်း ပူနေသေးတယ်။ ရှင့်ရဲ့ခန္ဓာကိုယ်ကို နွေးထွေးသွားစေဖို့ နည်းနည်းလောက် သောက်လိုက်ပါဦး”

 

ဟောက်ချန်ဟွမ်းက ပဲနို့ကို လှမ်းယူလိုက်ပြီး ပဲနို့က သူ့လက်ထဲမှာ နွေးထွေးနေတော့ အရမ်း သက်တောင့်သက်သာ ရှိသလို ခံစားလိုက်ရသည်။

 

သို့သော်လည်း သူ့စိတ်ထဲ ပထမဆုံး ပေါ်လာသည့် အတွေးမှာ စုယန်ယန်လက်ထဲမှ ပဲနို့ကို ဆွဲယူသောက်ဖို့ မဟုတ်ပဲ စုယန်ယန်ရဲ့ လက်ကလေးကို ဆုပ်ကိုင်ထားလိုခြင်း ဖြစ်သည်။

 

ချက်ချင်း ဆိုသလိုပင် ကားပေါ်ရှိ မြင်ကွင်းသည် ပဲနို့ခွက်ကို ကိုင်ထားတာက စုယန်ယန်သာဖြစ်ပြီး ဟောက်ချန်ဟွမ်း၏ လက်တွေက စုယန်ယန် လက်ပေါ်မှာ အုပ်ကိုင်ထားသည်။

 

စုယန်ယန်၏ လက်ဖဝါးနှင့် လက်ဖမိုးမှ အပူများ တရှိန်းရှိန်း ထွက်ပေါ်လာပြီး စုယန်ယန်၏ အေးစက်နေသော လက်များဟာ လျင်မြန်စွာ ပူနွေးလာခဲ့သည်။

 

ကားမောင်းသူ ထိုင်ခုံမှ ယုကျစ်ယန်သည် နောက်ကြည့်မှန် မှတစ်ဆင့် အနောက်ဖက် ထိုင်ခုံတွင် ဖြစ်ပျက်နေသည့် အရာများကို လှမ်းမြင်ပြီး သူတို့၏ ချစ်ကြည်နူးနေမှုတွေကြောင့် သူ့  တစ်ကိုယ်ရေ ခွေးမျက်လုံးကို ကန်းလုနီးပါး ဖြစ်သွားစေသည်။

 

“မင်းရဲ့ ပုဝါက...” သူမရဲ့ လက်တွေကို သိမ်းထုပ် ခံထားရသည့် စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ နှင်းကဲ့သို့ ဖြူစွက်နေသည့် ပဝါလေးကို သတိပြုမိလိုက်သည်။

 

 

‘ဒါလေးက သူမတို့ စျေးဝယ်ထွက်တုန်းက သူမ သူ့အတွက် ရွေးထားပေးတဲ့ ပဝါလေး မဟုတ်လား’

 

“ကြည့်လို့ မကောင်းဘူးလား”

 

“မဟုတ်ဘူး၊ ကြည့်ကောင်းတယ်။ ရှင်နဲ့ အရမ်းလိုက်ဖက်တာပဲ။ ရှင် ဒီနေ့ အရမ်းချောနေတယ်”

 

“အင်း...” ဟောက်ချန်ဟွမ်း၏ မျက်လုံးများထဲတွင် ‌တောက်ပသော အလင်းတစ်ချက် လျင်မြန်စွာ ဖြတ်ပြေးသွားပြီး သူ့နားရွက်ဖျားတွေ သိသိသာသာ နီရဲလာခဲ့သည်။

 

ရှေ့က တစ်ကိုယ်ရေခွေးလေး ယုကျစ်ယန် “...” ဟေး.... ဟေး... ဟေး.... ကျေးဇူးပြုပြီး မင်းတို့နှစ်ယောက် ထိန်းသိမ်းပေးကြပါဦး၊ ငါ ဒီမှာ ရှိနေသေးတယ်လေ၊ ဒါက ခွေးတွေကို အနိုင်ကျင့်နေတာပဲ။

***