အပိုင်း ၁၆၈
Viewers 1k

 

အခန်း (၁၆၈)

သူမ ဘေးကင်းစေမယ့် နည်းလမ်း တစ်ခုတည်းသာ ရွေးချယ်မည်

 

အထူးသဖြင့် ကြက်ဥဌာပနာမုန့်နှင့် ကိတ်တွေကို မုန့်ဖုတ်သော အခါတွင် သူတို့၏ မွှေးရနံ့ဟာ အတော်လေး ပြင်းထန်သည်။ သူတို့ မွှေးရနံ့မှာ ဆယ်မိုင်အကွာသို့ ပျံ့နှံ့ရောက်ရှိ သွားနိုင်သည်ဟု ဆိုလျှင်ပင် ချဲ့ကားပြောဆိုရာ မရောက်ပေ။

 

 

ချိုမြိန်သော အစားအ‌သောက်များကို မကြိုက်နှစ်သက်ကြသည့် အမျိုးသား အချို့ကသာ စားချင်စိတ်ကို ထိန်းသိမ်းနိုင်ကြသည်။ ဒီမွှေးရနံ့က အရမ်းမွှေးတယ်လို့ ထင်ကြပေမယ့် ရှက်စရာ ကောင်းလောက်အောင် ဣန္ဒြေမမဲ့သွားစေပါဘူး။

 

 

အခြားတစ်ဖက်တွင်မူ ချိန်ရှုချင်နဲ့ ချင်ရွှယ်ရူတို့ကတော့ အမျိုးသားများလောက် ငြိမ်သက်ခြင်း မရှိပေ။ သူတို့သည် အမွှေးရနံ့‌ နောက်သို့ လိုက်ပါကာ မီးဖိုချောင်ထဲသို့ ရောက်ရှိလာပြီး စိတ်အား ထက်သန်စွာ မေးမြန်းလိုက်ကြသည်။

 

“ယန်ယန်၊ သမီး ဘာအရသာရှိတဲ့ အစားအသောက်တွေ ချက်ပြုတ်နေတာလဲ။ ဘာဖြစ်လို့ ဒီလောက် မွှေးနေရတာလဲ။ မကြာခင် ချက်လို့ပြီးတော့မှာလား”

 

“ပြီးသွားပါပြီ။ ဒါတွေကို ကြက်ဥဌာပနာမုန့်လို့ ခေါ်တယ်။ ဒီမှာ ပူတုန်းလေး အရင် စားကြည့်လိုက်။ ကြက်ဥဌာပနာမုန့်ရဲ့ အပြင်လွှာက အေးသွားရင် ကြွပ်ကြွပ်လေး ဖြစ်တော့မှာ မဟုတ်ဘူး။  အမေ့အတွက် သမီး ကိတ်မုန့် အကြီးကြီး လုပ်ပေးထားတယ်၊ ပြီးကျမှ အဲ့တာကို သမီး ထုတ်လာပေးမယ်နော်”

 

ချိန်ရှုချင်သည် စုယန်ယန်ထံမှ ကြက်ဥဌာပနာမုန့် န်းကန်ကို ယူကာ ချင်ရွှယ်ရူထံသို့ ဝမ်းသာအားရ ယူသွားခဲ့သည်။

 

သူမ မီးဖိုချောင်ထဲက ထွက်လာသည်နှင့် သူမ ပါးစပ်ထဲသို့ မုန့်တစ်ခုလောက် မထည့်ပဲ မနေနိုင်ခဲ့ဘူး။ မုန့် အရသာက သူမ မျက်နှာပေါ်မှာ ကြည်နူး ပျော်ရွှင်နေသည့် အရိပ်အယောင် တစ်ခုကို ဖြစ်ပေါ်လာစေခဲ့သည်။

 

 “အရမ်းအရသာရှိတာပဲ။ ယန်ယန့်မှာ ဒီလို အရည်အချင်းမျိုး ရှိတယ် ဆိုတာက အစောကတည်းက ငါသိခဲ့ရင် သူ့ကို စောစောစီးစီး လေ့လာဖို့ ခွင့်ပြုခဲ့မှာပဲ”

 

“ဟုတ်ပါ့၊ ဒါပေမယ့် နင့်မှာ သူမကို အဲ့လိုလုပ်ခွင့်ပြုဖို့ တကယ်ပဲ ဆန္ဒရှိရဲ့လား။ ယန်ယန်ရဲ့ ဟင်းချက် လက်ရာက သူမ ဘာကိုပဲချက်ချက် ငါ့ကို ခံတွင်းစေတယ်။ ဒီရက်ပိုင်းမှာ ငါ့ရဲ့ကိုယ် အလေးချိန်က မကျသွားတဲ့အပြင် ဆက်တိုက် တက်လာခဲ့တယ်။ ဒီလို ဆက်ဖြစ်နေရင် ငါ အိမ်ကိုတောင် ပြန်ချင်စိတ်ရှိမှာ မဟုတ်တော့ဘူး”

 

“ဒါဆိုရင်လည်း နင် အိမ်ကို မြန်မြန် မပြန်နဲ့ပေါ့။ ဒီမှာ ရက်နည်းနည်းလောက် ထပ်နေပါဦး။ အိမ်မှာလည်း လုပ်စရာ ဘာမှထွေထွေထူးထူး ရှိတာမှ မဟုတ်တာ၊ ယန်ယန်က ဒီကြားထဲ နင့်ကျန်းမာရေး အတွက် အထောက်အထူ ဖြစ်စေမယ့် ဟင်းလျာတွေ ချက်ကျွေးဖို့ ပြင်ဆင်နေတယ်”

 

ချင်ရွှယ်ရူသည် သူမရဲ့ ဝမ်းဗိုက်ကို မသိစိတ်အရ ထိလိုက်မိကာ ဘာမှမပြောပဲ ပြုံးလိုက်မိသည်။

 

စုယန်ယန်သည် ပိုကြီးသော ကိတ်မုန့်ပေါ်တွင် ခရင်မ် အနှစ်များဖြင့် အလှဆင်ပြီးနောက် အန်တီလီကို ထုတ်ယူ ခိုင်းလိုက်သည်။ စုယန်ယန်သည် သူမတို့ မိသားစုအတွက် အချိန်ကြာမြင့်စွာ အလုပ် လုပ်ပေးခဲ့သော အစေခံဟောင်း အချို့ကို ကျန်ရှိနေသေးသော ကြက်ဥဌာပနာမုန့် အချို့ကို ဝေငှပေးခဲ့သည်။

 

သူမကိုယ်တိုင်ကမူ လတ်လတ်ဆတ်ဆတ် ကြိတ်ကာ ကျိုထားသည့် ပဲနို့ပူပူလေးကို မထည့်သိုခင် ကြက်ဥဌာပနာမုန့် အချို့နဲ့ ကိတ်သေးသေးလေးတွေကို စက္ကူပုံးလေးထဲသို့ ဂရုတစိုက်ထည့်ကာ သေသေချာချာ ထုပ်ပိုးလိုက်သည်။

 

စုယန်ယန်သည် မီးဖိုချောင်ထဲမှ ထွက်လာသည့် အချိန်တွင် သူမအဘိုးဖြစ်သူနှင့် တွေ့လိုက်ရသည်။

 

“သမီး ဟောက်မိသားစုက အဲဒီကောင်လေးနဲ့ သွားတွေ့မလို့လား”

 

“ဟုတ်တယ်၊ အဘိုး”

 

“ဟမ့်...” အဘိုးချိန်က အေးစက်စွာ နှာခေါင်း ရှုံ့လိုက်ပြီး သူ့ရဲ့ မကျေနပ်စိတ်ကို ထုတ်ဖော်ပြီးမှသာ စီးပွားအကြောင်းကို စတင်ပြောဆိုခဲ့သည်။

 

“သမီး အဘိုးကို အကူအညီ တောင်းထားတဲ့ကိစ္စ အဘိုး လုပ်ပြီးသွားပြီ”

 

“ကျေးဇူးပါ၊ အဘိုး။ အဘိုးက အကောင်းဆုံးပဲ ဆိုတာ သမီးသိတယ်။ အဘိုး လုပ်ချင်စိတ် ရှိသရွေ့ အရာအားလုံးကို လုပ်နိုင်စွမ်းရှိတယ်”

 

အဘိုးချိန်သည် အလွန် ချီးကျူး ခံနေရသော်လည်း သူ့မျက်နှာဟာ မှုန်ကုပ်ကုပ် ဖြစ်နေတုန်းပင်။ “ငါ့ကို မြှောက်ပင့်မနေနဲ့။ သုတေသန အဖွဲ့အစည်းကို ဒီကိစ္စရဲ့ နောက်ဆုံး ပြောရေးဆိုရေး ရှိသူအဖြစ် ထားရှိဖို့ တကယ်ပဲ ဆုံးဖြတ်ထားတာလား။ ဒီအရာတွေကို ဖယ်ထုတ်လိုက်တာက မင်းအတွက် ရရှိမယ့် အကျိုးကျေးဇူးတွေ လျော့ပါးသွားစေနိုင်တယ်...”

 

“မဟုတ်ဘူး၊ သမီးအတွက် အကျိုးကျေးဇူးတွေ ဘယ်လောက်ပဲ များပါစေ၊ အဲ့တာတွေကို ခံစားနိုင်ဖို့ သမီးတို့ မရှင်သန်နိုင်ဘူးဆိုရင် အဲ့တာက အဓိပ္ပါယ် မရှိနိုင်ဘူး။ ဒါတွေကို သမီး ဘယ်တုန်းကမှ လိုချင်စိတ် မဖြစ်ဖူးဘူး။ ဒါတွေက သုတေသန အဖွဲ့အစည်းအတွက် အသုံးဝင်တာ တကယ် ကောင်းတယ်။ အနည်းဆုံးတော့ သူတို့က ပြင်ပဖိအားတွေကို သက်သာရာ ရစေနိုင်တယ်။ ဒါ့အပြင်၊ အကျိုးခံစားခွင့်အချို့ကို ညှိုနှိုင်းဖို့ အဘိုးက သမီးကို ကူညီပေးခဲ့သေးတယ်လေ။ ရောင်းစျေးနဲ့ ပတ်သက်ပြီးတော့ အမြတ်ခွဲဝေမှုနဲ့ ဆိုင်တဲ့ ကိစ္စရပ်မှာ သမီး နည်းနည်းလောက် ပြောစရာရှိတယ်။ ဒါကို တစ်ယောက်တည်း အပိုင်မစီးချင်ဘူး၊ မိသားစုပိုင် ပိုက်ဆံတွေကို အသုံးမပြုဘူး ဆိုရင်တောင် သမီး ဘဝမှာ စားဝတ်နေရေးနဲ့ ပတ်သက်ပြီး စိတ်ပူစရာ မလိုဘူးလို့ သမီး ထင်တယ်”

 

ငွေကြေး သို့မဟုတ် ကျော်ကြားမှုသည် သူမအတွက် အရေး အကြီးဆုံးအရာ မဟုတ်ပေ။

 

စုယန်ယန်သည် အဘိုးဖြစ်သူအား ထိုတရုတ်ဆေးဖက်ဝင် အပင်များကို သုတေသနဌာနအား လက်လွှဲပေးဖို့ ရွေးချယ်ခဲ့ခြင်းမှာ သုတေသန အဖွဲ့အစည်းမှ သူမအဘိုးနဲ့ သူမအား ကျေးဇူးဆပ်ရန် မျှော်လင့် ထားသောကြောင့် ဖြစ်သည်။ ထို့အပြင် သူမတို့အတွက် ခိုလှုံရာ ရစေဖို့ပင် ဖြစ်လေသည်။

 

အနည်းဆုံးတော့ သူမရဲ့ အတိတ်ဘဝတုန်းကလို အဖြစ်အပျက်တွေ ထပ်ဖြစ်လာခဲ့ရင် သူတို့က သူမ မိသားစုကို အကာအကွယ် ပေးပြီး လုံခြုံအောင် စောင့်ရှောက် ပေးလိမ့်မည်။

 

ဒီကမ္ဘာပေါ်ရှိ လူတိုင်းသည် တစ်ကိုယ်ကောင်းဆန်သော သူများမဟုတ်သလို လူတိုင်းဟာ ကိုယ်ကျိုးမဖက်ကြပေ။

 

သူမ ပြုလုပ်သည့် အရာက လူတချို့ရဲ့ အကျိုးစီးပွားကို မလွဲမသွေ ထိခိုက်စေနိုင်တဲ့အခါ သူမကို ရန်မပြုစေဖို့ တစ်ခုတည်းသော နည်းလမ်းမှာ သူမဟာ သူတို့နဲ့အတူ ရေရှည်အကျိုးစီးပွား အတူ လုပ်ကိုင်ခွင့် ပြုပေးဖို့ပင် ဖြစ်သည်။

 

ဒီနည်းလမ်းဖြင့်သာ လူတိုင်းသည် သူမ ဘယ်လောက် ကောင်းမွန်ကြောင်းကို အမြဲ အမှတ်ရ ပေလိမ့်မည်။ တစ်စုံတစ်ဦးက သူမအပေါ် ရန်စနေချင်ရင်တောင် လူထောင်ပေါင်း များစွာ၏ ရန်သူ ဖြစ်လိုခြင်း ရှိ မရှိကို အရင် ပြန်စဉ်းစားသင့်သည်။

***