အပိုင်း ၁၉၅
Viewers 897

အခန်း (၁၉၅)

 ကွဲပြားခြားနားသော အာဟာရဓာတ်

 

“ဒါက အန်တီချင်အတွက်၊ ဒါကတော့ ဦးလေးချိန် အတွက်ပါ” စုယန်ယန်သည် စွပ်ပြုတ် ပန်းကန်များအား ထိုနည်းအတိုင်း ဖြန့်ဝေပေးခဲ့သည်။

 

တခြားသူတွေက သူတို့၏ ရှေ့မှ စွပ်ပြုတ်ပန်းကန်တွေကို အကြည့်စူးစူးဖြင့် စိုက်ကြည့် နေကြပြီ။

 

ဒီလို အခြေအနေမျိုးကို ပထမဆုံး တွေ့ကြုံရသည့် ချိန်ကျွင်းဟောင်သည် သူ့ရှေ့မှ စွပ်ပြုတ်ပန်းကန်ကို သံသယစိတ်နှင့် ကြည့်ပြီးနောက် သူ့ဇနီးလေး၏ စွပ်ပြုတ် ပန်းကန်ကိုလည်း ကြည့်လိုက်မိသည်။

 

“ဒီစွပ်ပြုတ်တွေက ဘာဖြစ်လို့ မတူတာလဲ”

 

“ဒါက ဆေးဖက်ဝင် အပင်တွေနဲ့ ချက်ပြုတ်ထားတဲ့ ဆေးဖက်ဝင် စွပ်ပြုတ်ပါ။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေ လိုအပ်တဲ့ အာဟာရ ဓာတ်တွေက ကွဲပြားခြားနားတော့ သဘာဝအတိုင်းပဲ စွပ်ပြုတ်တွေကပါ ကွဲပြားခြားနား ပါလိမ့်မယ်”

 

ချိန်ကျွင်းဟောင်က ဒီအကြောင်းကို သိပ်မသိဘူး၊ ဒီတော့ သူ သံသယဖြစ်စွာ မေးမြန်းလိုက်သည်။

 

“ဒီလောက် အတိအကျလုပ်ဖို့ လိုအပ်လို့လား”

 

“ဒါပေါ့၊ သမီးက ဦးလေးချိန်ကို လိမ်စရာလား”

 

ချိန်ကျွင်းဟောင်က ဘာမှမပြောတော့ပဲ ခေါင်းညိတ် လိုက်သည်။

 

ဆန့်ကျင်ဖက် အနေနှင့် ဒီကာလအတွင်း သူ့မြေးမလေးက ချင်ရွှယ်ရူ၏ ခန္ဓာကိုယ်ကို အာဟာရ ဖြည့်တင်း ပေးနေသည်ဟု ထင်နေသည့် အဘိုးချိန်သည် သူတို့နှစ်ယောက်၏ စွပ်ပြုတ် ပန်းကန်တွေကို တစ်ချက် ခိုးကြည့်လိုက်ကာ ဒီစွပ်ပြုတ်များ၏ အကျိုးသက်ရောက်မှုများကို အနည်းနှင့် အများဆိုသလို ခန့်မှန်းနိုင်ခဲ့သည်။ သူက ခေါင်းကို အနည်းငယ်ငုံ့ကာ သူ့မျက်နှာပေါ်ရှိ အပြုံးကို ဖုံးကွယ်လိုက်သည်။

 

ချိန်ရှုချင်နှင့် တခြား လူတွေကပါ အနည်းငယ် ခန့်မှန်းနိုင်ခဲ့ကြပြီး လေထုကို သက်သောင့်သက်သာ ဖြစ်စေရန် အပြုံး‌များဖြင့် စကားဆိုကြသည်။

 

“စွပ်ပြုတ်တွေ တူ မတူ ဆိုတာ သိပ်အရေးမကြီးပါဘူး။ အရသာ ကောင်းလား မကောင်းဘူးလား ဆိုတာက အဓိက အချက်ပဲ။ ပြောရရင် ယန်ယန်က ယေဘုယျအားဖြင့် ချက်ပြုတ်လေ့ ရှိပေမယ့် ဒီနေ့ နင့်ကျေးဇူးကြောင့် ငါတို့ ဒီညစာကို ခမ်းခမ်းနားနား စားခွင့်ကြုံလိုက်တာပဲ။ အခုတော့ အရင်စားပြီး နောက်မှ တခြား အကြောင်းတွေ ပြောရအောင်။ ဒီလိုမျိုး ဟင်းအမျိုးအမည်တွေ အများကြီး ခင်းကျင်းထားတာ ခဏကြာရင် အရသာ မကောင်းပဲ နေလိမ့်မယ်”

 

ချိန်ရှုချင်က ဒီလိုပြောတာကို ကြားပြီးနောက်မှာ လူတိုင်းက ချိန်ကျွင်းဟောင်တို့ စုံတွဲ၏ ရှေ့မှောက် စွပ်ပြုတ် ပန်းကန်တွေကို အာရုံစိုက်နေတာကို ရပ်တန့်လိုက်ပြီး စားသောက်ဖို့ အာရုံစိုက် လာကြသည်။

 

ချိန်ကျွင်း‌‌ဟောင်က လမ်းခရီးမှာ အများကြီး မစားသောက် ရသေးတာမို့ သူ ဒီအချိန်မှာ တကယ့်ကို ဗိုက်ဆာလောင် နေခဲ့သည်။

 

သူ့ရှေ့မှာ ခင်းကျင်းထားတဲ့ သူအကြိုက်ဆုံး ငါးဟင်းကို ကြည့်ကာ ဘာမှတွေးမနေပဲ တစ်ကိုက် ကိုက်စားလိုက်သည်။

 

နောက်တစ်စက္ကန့်မှာပင် ဖော်ပြ၍ မစွမ်းသာသော လှုံ့ဆော်မှုတစ်ခု သူ့လျှာမှတစ်ဆင့် သူ့ဦးခေါင်းဆီသို့ ပြေးဝင်လာခဲ့ပြီး သူ့တစ်မျက်နှာလုံး နီရဲသွားခဲ့သည်။

 

“ဒါ... ဒါ... ဒါက...”

 

သူ ဒီလိုဖြစ်နေတာကို ချင်ရွှယ်ရူက မြင်လိုက်တာနဲ့ သူ့အတွက် ရေအေးတစ်ခွက် အမြန်ငှဲ့ပေးလိုက်သည်။

 

ချိန်ကျွင်း‌ဟောင်သည် ရေအေးဖန်ခွက် တစ်ဝက်ခန့်ကို သောက်ပြီးနောက် စိတ်ငြိမ်သက် သွားကာ သူ့လျှာမှ ဝေဒနာကို သည်းခံရင်း မေးမြန်းလိုက်သည်။

 

 “ဒီငါး... ဘာဖြစ်လို့ ဒီငါးက အရမ်း စပ်ရတာလဲ”

 

ချင်ရွှယ်ရူသည် သူနှင့် အိမ်ထောင်ကျတာ နှစ်အ‌တော် ကြာခဲ့သော်လည်း ဒီလိုအရှက်တကွဲ အဖြစ်မျိုးကို ပထမဆုံး မြင်တွေ့ဖူးတာ ဖြစ်သည်။ သူမက မပြုံးပဲ မနေနိုင်တော့ပေ။

 

“အဲ့ဟင်းပွဲမှာ ငရုတ်သီးပါနေလို့”

 

“ငရုတ်သီးလား”

 

“ဟုတ်တယ်၊ သူတို့က ဒီအနီရောင်လေးတွေကို ပြောတာလေ၊ သူတို့က ဂျင်းထက် အများကြီး ပိုစပ်တယ်”

 

စုယန်ယန်က ပန်းကန်ပြားပေါ်ရှိ အနီရောင် ငရုတ်သီးများကို ညွှန်ပြရင်း ရှင်းပြလိုက်သည်။

 

 “သမီး အစ်ကိုကြီးနဲ့ အဖေက အစပ်ကြိုက်လို့ သမီး အစပ် ဟင်းလျာတွေကို ပိုလုပ်လိုက်တာ။ ဒီအရသာကို ဦးလေး မကြိုက်ဘူးဆိုရင် ဒီငါးချိုချဉ် ဟင်းလျာလည်း ရှိတယ်၊ သူက အရသာ ပေါ့ပေါ့ပါးပါးလေးပဲ”

 

ချိန်ကျွင်းဟောင်က သူမ ရှင်းပြတာကို ကြားတော့ အရမ်း စိတ်ရှုပ်သွားသလို မခံစားရတော့ပဲ ငါးချိုချဉ် ပန်းကန်ကို အရင်ဆုံး မြည်းစမ်း ကြည့်လိုက်တော့ အရသာက တကယ့်ကို ပေါ့ပေါးပါးပါးလေးပင်။

 

ဒီဟင်းပွဲက အရသာ ရှိပေမယ့် သူက အချိုတွေကို သိပ်မကြိုက်ဘူး။ ခဏတောက် တုံ့ဆိုင်းနေပြီးနောက် သူ့လက်တွေက ခရူးရှင်းငါးကြင်းအစပ် ဟင်းပွဲကိုသာ ရောက်သွားခဲ့သည်။

 

ဒီတစ်ခါမှာတော့ သူက စိတ်ပိုင်းဆိုင်ရာ အခြေအနေကို ကြိုတင်ပြင်ဆင် ထားသည့်အတွက် အစပ်အရသာကို သည်းခံနိုင်ပြီး တစ်ချိန်တည်းမှာပင် ဒီငါးဟင်းက သူ အရင်က စားဖူးသမျှတွေထက် ပိုလတ်ဆတ်တယ်လို့ ခံစားရသည်။

 

ပထမဆုံး တစ်ကိုက်မှာ အနည်းငယ် တက်ကြွလာပြီး ဒုတိယတစ်ကိုက်မှာ ကျင့်သားရစ ပြုလာခဲ့သည်။ တတိယ တစ်ကိုက်မှာ အရသာက လုံးဝ ပြီးပြည့်စုံတယ်လို့ ခံစားရပြီး စတုတ္ထတစ်ကိုက် စားပြီးချိန်မှာတော့ သူ့စားချင်စိတ်ကို ရပ်တန့် မရတော့ပေ။

 

သူမ ပန်းကန်လုံးလေးကို ကိုင်ထားသည့် စုယန်ယန်သည် သူမ၏ ဦးလေးချိန်က စားပွဲပေါ်ရှိ အစပ် ဟင်းပွဲတွေဆီသို့ သူ့ထမင်းစား တူဖြင့် မကြာခဏ ဆိုသလို လှမ်းယူနေတာကို တွေ့လိုက်ရသည်။ သူ့မျက်နှာက နီမြန်းနေပေမယ့် သူ့ထမင်းစားတူတွေကို လက်ကနေ မချနိုင်သေးဘူး။

 

ဟုတ်တယ်၊ သူလည်း ငရုတ်သီးတွေကို သဘောကျတဲ့ အစပ်ကြိုက်နှစ်သက်သူ တစ်ဦးပင်။

 

ကံကောင်း ထောက်မစွာဖြင့် သူမသည် သူတို့၏ ခန္ဓာကိုယ် အပူချိန်ကို လျော့ချရန် နေ့တိုင်း ရေနွေးကြမ်း တစ်ခွက် ပြင်ဆင်ပေးခဲ့သည်။ ဒီလိုမှမဟုတ်ရင် သူတို့အားလုံး ဝမ်းချုပ်တာနှင့် အခြား ဘေးထွက်ဆိုးကျိုးများကို ခံစားရမှာ ဖြစ်သည်။

 

ထမင်းစားပြီးနောက် စားပွဲပေါ်ရှိ လူတိုင်းနီးပါး ဗိုက်ပူပူလေးများဖြင့် ထွက်လာခဲ့ကြသည်။

 

***