အပိုင်း ၁၉၆
Viewers 978

အခန်း (၁၉၆)

စတိုးဆိုင်တစ်ဆိုင် ဖွင့်ချင်တယ်

 

ချိန်ကျွင်းဟောက်သည် အခု သူ၏ ဖောင်းကားနေသော ဝမ်းဗိုက်ကို ပွတ်သပ်ရင်း သူ့ဘဝမှာ ပထမဆုံးအကြိမ် အလွန်အကျွံ စားလိုက်မိသည့် ခံစားချက်ကို ခံစားလိုက်ရသည်။

 

တစ်ချိန်တည်းမှာပင် သူ့ဇနီးသည်က ရက်အနည်းငယ် နေထိုင်ပြီးနောက် အိမ်ကို ဘာဖြစ်လို့ ပြန်မလာသေးတာလဲ ဆိုသည့် အကြောင်းကိုပါ နောက်ဆုံး နားလည် သဘောပေါက် သွားခဲ့သည်။

 

ဒီလို အရသာရှိတဲ့ အစားအသောက်တွေကို နေ့တိုင်း စားသောက်နေရရင် သူလည်း ဒီမှာပဲ နေချင်မိမှာပဲ။

 

လူတစ်ယောက်သည် စားသောက်ရန် လုံလောက် ပြည့်စုံနေသည် နှင့်အမျှ စိတ်မချမ်းမြေ့စေတဲ့ ကိစ္စရပ်များကို အလွယ်တကူ မတွေးမိတော့ပေ။

 

 

စုယန်ယန်သည် ချက်ချင်း ဆိုသလို ဒီနေ့ ဟင်းတွေ အများကြီး ချက်ပြုတ်ရတဲ့ အကြောင်းရင်းက ချိန်ကျွင်းဟောက်ကို ကြိုဆို နှုတ်ဆက်ဖို့အပြင် မနေ့ညက ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို ဂရုမထားတော့အောင် ချိန်ရှုချင်နဲ့ တခြားတွေကို စိတ်ကျေနပ်စေရန် ဒီအခွင့်အရေးကို အရယူခဲ့ခြင်း ဖြစ်သည်။

 

ချိန်ရှုချင်နဲ့ တခြား သူတွေကလည်း ဒါကို သိသည်။ ဒီစားပွဲပေါ်က အစားအ‌သောက်တွေရဲ့ မျက်နှာကို ထောက်ပြီး သူတို့သည် စုယန်ယန်ကို ဆူပူပြောဆိုခြင်း မလုပ်တော့ဘူး။ ထမင်း စားသောက်ပြီးနောက် သူတို့သည် အစာကြေညက်အောင် ခြံဝန်းထဲ လမ်းပတ် လျှောက်ခဲ့ကြသည်။

 

 

ချိန်ကျွင်းဟောက်သည်လည်း သူတို့နောက်မှ လိုက်ပါသွားဖို့ ဟန်ပြင် လိုက်သော်လည်း စုယန်ယန်က သူ့ကို တားမြစ်လိုက်သည်။

 

“ဦးငယ်လေး၊ သမီး ဦးငယ်လေးနဲ့ တိုင်ပင် ဆွေးနွေးစရာ ကိစ္စအချို့ ရှိတယ်”

 

ချိန်ကျွင်းဟောက်က တစ်ခဏမျှ ကြက်သေ သေသွားသည်။ သူက သူ့တူမလေး၏ တောက်ပနေသည့် အပြုံးလေးကို ကြည့်ပြီး အနည်းငယ် ပဟေဠိ ဖြစ်သွားခဲ့သည်။

 

“ဘာအကြောင်းကို ပြောချင်တာလဲ”

 

“သမီး စတိုးဆိုင် တစ်ခုလောက် ဖွင့်ချင်တယ်”

 

“စတိုးဆိုင်တစ်ခု ဖွင့်ချင်တာလား။ ဘာတွေတင်ပြီး ရောင်းချမယ့် စတိုးဆိုင်မျိုးလဲ”

 

“ဆေးဖက်ဝင် ဟင်းလျာတွေ ရောင်းချမယ့် စားသောက်ဆိုင်”

 

ချိန်ကျွင်းဟောက်က သူမကို ဗလာအကြည့်ဖြင့် ကြည့်လိုက်သည်။

 

“ဆေးဖက်ဝင် ဟင်းလျာဆိုတာ ဘာလဲ”

 

“ရှင်းပြရတာ နည်းနည်းတော့ ခက်တယ်။ အခု ဦးလေးချိန် စားခဲ့တဲ့ ဟင်းလျာတွေကို ဘယ်လို သဘောရလဲ”

 

“အရသာရှိတယ်။ ယန်ယန် ချက်ထားတဲ့ ဒီဟင်းလျာတွေက အပြင်က နာမည်ကြီး အဆင့်မြင့် စားသောက်ဆိုင်တွေထက် အဆတစ်ရာ ပိုကောင်းတယ်”

 

“ဒါဆို သူတို့ကို သမီး အပြင်မှာ ရောင်းချရင်...”

 

ချိန်ကျွင်းဟောက်သည် ဆိုလိုရင်းကို ချက်ချင်း ဖမ်းမိသွားသည်။

 

“သမီးက စားသောက်ဆိုင် တစ်ဆိုင် ဖွင့်ချင်တာလား”

 

“ဟုတ်တယ်” ဆေးဖက်ဝင် ဟင်းလျာ စားသောက်ဆိုင်သည်လည်း စားသောက်ဆိုင် အမျိုးအစားဝင် တစ်ခုပင် ဖြစ်သည်။

 

ချိန်ကျွင်းဟောက်က သူမရဲ့ အကြံဉာဏ်ကို စဉ်းစားကြည့်သည်။

 

“ဒါဆို သမီး ဦးငယ်လေးကို ရှာတာက...”

 

“ဦးငယ်လေးမှာ လစ်လပ်နေတဲ့ စတိုးဆိုင်တစ်ခု ရှိတယ်လို့ သမီး ကြားတယ်...”

 

“သမီး အဲ့ဒီစတိုးဆိုင်ကို လိုချင်တာလား”

 

“ဟုတ်တယ်”

 

ချိန်ကျွင်းဟောက်သည် ခဏမျှပင် တုံ့ဆိုင်းမနေပဲ - “ကောင်းပြီလေ၊ အဲ့ဒီ စတိုးဆိုင်က ဦးငယ်လေးကို သမီးအဘွား ပေးခဲ့တာ အသုံးမပြုတာ နှစ်အတော်ကြာပြီ။ သမီးလိုချင်ရင် သုံးလို့ရတယ်။ အဲ့ဆိုင်ကို အရင်ကတည်းက သမီးလက်ထပ်တဲ့ အခါကျရင် ခန်းဝင်ပစ္စည်း အနေနဲ့ ထည့်ပေးဖို့ ရည်ရွယ် ထားပြီးသားလေ”

 

စုယန်ယန်သည် ကြက်သေ သေသွားပြီး အလျင်စလို ပြောလိုက်သည်။

 

“ဟင့်အင်း၊ ဟင့်အင်း၊ သမီး ဒီဆိုင်ကို ဒီအတိုင်း မယူနိုင်ဘူး။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ သမီး စတိုးဆိုင်ဖွင့်ပြီးရင် ဦးငယ်လေးကို အစု ရှယ်ယာရှင်အဖြစ် သတ်မှတ် လိုက်မယ်လေ။ ဆိုင်က အမြတ် ထွက်လာရင် ဦးငယ်လေးကို အမြတ်ဝေစု ခွဲပေးမယ်”

 

ချိန်ကျွင်းဟောက်က အနည်းငယ် မလိုမကျဟန် မျက်မှောင်ကြုတ် သွားသည်။

 

“ငါတို့ မိသားစုတွေပဲ။ သမီး ဘာဖြစ်လို့ ဒီလောက် ယဉ်ကျေးမှုထားဖို့ လိုအပ်နေတာလဲ”

 

“သမီးတို့က မိသားစုတွေ ဆိုပေမယ့် ညီအစ်ကို မောင်နှမကြားမှာတောင် ငွေကြေး ကိစ္စတွေကို ရှင်းရှင်းလင်းလင်း ဖြေရှင်းသင့်တယ်။ ဒါ့အပြင် ဦးငယ်လေးက ဒီလိုပြောတော့ သမီး အကူအညီ တောင်းဖို့ ရှက်နေရလိမ့်မယ်”

 

ချိန်ကျွင်းဟောက်သည် သူမရဲ့ မသဲမကွဲ စကားသံကို ကြားလိုက်တာနဲ့ ချက်ချင်း သူ့ခေါင်းကို ကူကယ်ရာမဲ့ဟန် ခေါင်းယမ်း လိုက်သည်။

 

“ဦးငယ်လေးကို အမှန်တိုင်းပြော၊ သမီး ဦးငယ်လေးဆီကနေ ဘာကို အကူအညီ တောင်းချင်တာလဲ”

 

“သမီး စတိုးဆိုင် တစ်ဆိုင်ကို သေချာပေါက် တစ်ယောက်တည်း မဖွင့်နိုင်ဘူး။ သမီးမှာ အကူအညီ ပေးမယ့်သူ နည်းပါးပြီး အပြင်လူတွေကို သမီး အပြည့်အဝ မယုံကြည်နိုင်ဘူး။ ချိန်မိသားစုကနေ ယုံကြည်လောက်ပြီး အကူအညီ ပေးနိုင်မယ့် လူအချို့လောက် မိတ်ဆက် ပေးနိုင်မလားလို့ ဦးငယ်လေးကို သမီး မေးချင်တယ်။ သူတို့ရဲ့ လုပ်ခလစာနဲ့ ပတ်သက်ပြီး သမီး သူတို့ကို ခေါင်းပုံ မဖြတ်ဘူး ဆိုတာကို ဦးငယ်လေး စိတ်ချထားလို့ ရတယ်”

 

ချိန်ကျွင်းဟောက်သည် အရမ်းရွှင်မြူးပြီး ဟက်ဟက်ပက်ပက် ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။

 

“မင်းက စတိုးဆိုင် မဖွင့်ရသေးခင်တောင် ဘော့စ်တစ်ယောက်လို ပြုမူတတ်နေပြီပဲ”

 

“ဦးငယ်လေး...”

 

“ကောင်းပြီ၊ ကောင်းပြီ၊ ဦးငယ်လေး ဒါကို ထပ်မပြောတော့ဘူး။ စားသောက်ဆိုင် ဖွင့်တဲ့အခါ အမှားမလုပ်မိဖို့ အရမ်း အရေးကြီးတယ်။ ဦးငယ်လေး ပြန်ရောက်တဲ့အခါ လူတချို့ ရွေးချယ်ပြီးရင် သမီးကို ဖုန်းဆက်မယ်၊ အဲ့ဒါဆို အဆင်ပြေမလား”

 

“ဦးငယ်လေးက သမီးကို အချစ်ဆုံးဆိုတာ သမီး သိတာပေါ့။ ဒါ့ကြောင့် သမီး ဒါတွေကို အမြတ် ဝေစုထဲမှာ ထည့်ပေါင်းပြီး ဦးငယ်လေးဆီ အတူတူ ပို့ပေးလိုက်မယ်”

 

“သမီး ဦးငယ်လေးကို ဒီလောက် ယဉ်ကျေးမှု ထားနေစရာ မလိုဘူးလို့ ဦးငယ်လေး ပြောထားတယ် မဟုတ်လား”

 

“ဟင့်အင်း၊ သမီး ဒါကို လုပ်ရမယ်”

 

အဆုံး၌ ချိန်ကျွင်းဟောက်သည် စုယန်ယန်ကို နားချပြောဆိုဖို့ လက်လျော့လိုက်ရပြီး စုယန်ယန်ရဲ့ စားသောက်ဆိုင်၏ ရှယ်ယာရှင် တစ်ယောက်ဖြစ်ရန် အဆိုပြုချက်ကို ဝန်လေးစွာ သဘောတူခဲ့ရသည်။

 

စုယန်ယန်သည် သူမ ရည်မှန်းချက် အောင်မြင် သွားသောအခါတွင် အလွန် စိတ်သက်သာရာ ရသွားခဲ့သည်။ ချိန်ကျွင်းဟောက်နဲ့ လမ်းခွဲပြီးသည့် အခါမှာ ဘယ်အချိန် ကတည်းက သူမတို့ အနီးအနားမှာ မတ်တပ် ရပ်နေမှန်း မသိသည့် အဘိုးချိန်ဆီကို ပြေးသွားခဲ့သည်။

***