မူလဇာတ်ကြောင်း ပြောင်းလဲသွားတယ်
စုယန်ယန်သည် ရှားကျွင်းရှန့် ပြောသည့် အကြောင်းကို
ကြားပြီးနောက် သူမ မျက်ဝန်းများမှာ အနည်းငယ် မှေးမှိန်သွားပြီး အသံ တိုးတိုးလေးဖြင့်
မေးလိုက်သည်။
“ဝမ်ကျင့်ဖျင်ဘက်က ရပ်တည်ပေးတဲ့ အမျိုးသမီး
အနုပညာရှင် နာမည်က ဘာလဲ”
“အစ်ကို ကြားတာတော့ သူမက စစ်မုန့်ယွီတဲ့”
“စစ်မုန့်ယွီလား” စုယန်ယန်၏ မျက်ဝန်းလေးများ
အနည်းငယ် တောက်ပသွားသည်။
“သူမလည်း ထိပ်ဆုံး အယောက် နှစ်ဆယ်ထဲမှာ
ပါလား”
“အင်း ပါတယ်လေ” ရှားကျွင်းရှန့်သည် အသိဉာဏ်
နည်းပါးသူ မဟုတ်တာကြောင့် စုယန်ယန်၏ အမေးကို ကြားလိုက်သည်နှင့် ချက်ချင်း နားလည် သဘောပေါက်
သွားသည်။
“အဲ့ဒီ မတော်တဆမှုကို ညီမလေး သံသယ ရှိနေတာလား...”
စုယန်ယန်က ခပ်ဖွဖွ ရယ်မောလိုက်ပြီး သူ့အမေးကို
တိုက်ရိုက် ပြန်မဖြေခဲ့ဘူး။
စုယန်ယန်သည် ယိုယွီရှစ်ဆိုသည့် နာမည်ကို
ကြားတော့ အနည်းငယ် ရင်းနှီးနေသလို ခံစားရတယ်၊ အခု သူမ စစ်မုန့်ယွီဆိုသော နာမည်ကိုပါ
ထပ်ကြားခဲ့ရပြီး သူမတို့ နှစ်ယောက် ထိပ်ဆုံး အယောက်နှစ်ဆယ် စာရင်းဝင် ဆိုတာကို သိလိုက်ရတော့
စုယန်ယန်သည် ယခင်ကထက် ပိုသေချာ လာခဲ့သည်။
သူမ အရင်ဘဝတုန်းက ဒီအဖြစ်အပျက်ကို မကြုံတွေ့ခဲ့
ရသော်လည်း သူမကို စနစ်က ပေးသော မူရင်းစာအုပ်ထဲတွင် ဒီအကြောင်းအား ဖော်ပြထားခဲ့သည်။
စစ်မုန့်ယွီသည် အစစ်အမှန် ပင်ကို စွမ်းရည်ပြိုင်ပွဲမှာ
ဝမ်ကျင့်ဖျင်၏ ပထမဆုံး သူငယ်ချင်းဖြစ်သည်။ သူမသည် ဖြောင့်မတ်ပြီး သစ္စာရှိသူ ဖြစ်သည်။
စကားအသုံးအနှုန်း ကောင်းကောင်းဖြင့် ပြောရရင် သူမက နုံအသည်။ ပွင့်ပွင့်လင်းလင်း ပြောဆိုသည့်
စကားအသုံးအနှုန်းနှင့် ပြောဆိုရမည်ဆိုရင် သူမက ရိုးသားပြီး အနည်းငယ် မိုက်မဲသည်။
ဝမ်ကျင့်ဖျင်သည် သူမ၏ စိတ်နေစိတ်ထားကို
တစ်ချက် ကြည့်ရုံဖြင့် မှန်းဆနိုင်ပြီး စစ်မုန့်ယွီကို သူမဘက်မှ ယဉ်ကျေး သိမ်မွေ့ပြီး
ဖော်ရွေသော အသွင်အပြင်ဖြင့် ချဉ်းကပ်ခဲ့ သောအခါတွင် စစ်မုန့်ယွီက သူမအပေါ် အလွန် ကောင်းမွန်စွာ
ဆက်ဆံခဲ့သည်။
မူရင်းဇာတ်ကြောင်းတွင် ယို့ယွီရှစ်သည် ဝမ်ကျင့်ဖျင်ကို
ပြဿနာ ရှာခဲ့သည်။ သို့သော်လည်း ထိုအချိန်တွင် ဝမ်ကျင့်ဖျင်သည် တင်ဆက်သူ အသစ်ကို ပြဿနာရှာခဲ့ပြီး
ကိုယ့်ကိုယ်ကို ထိခိုက်စေသည့် အဖြစ်အပျက်မျိုး မရှိခဲ့ပေ။ ဒါ့အပြင် သူမကို ဆွဲချနိုင်မည့်
တိုက်ရိုက် ထုတ်လွှင့် တင်ဆက်သူ အသစ်တွေလည်း မရှိခဲ့ပဲ သူမကို ပင်ကို စွမ်းရည်ပြိုင်ပွဲမှ
ထွက်ခွာရမည့် အဖြစ်အပျက်မျိုးလည်း ဖြစ်ပျက်ခဲ့ခြင်း မရှိပေ။
သံသယရှိဖို့ မလိုလောက်အောင်ပင် ဝမ်ကျင့်ဖျင်သည်
အယောက် ခြောက်ဆယ်အတွင်း ထိပ်ဆုံး အယောက်နှစ်ဆယ်ထဲ မပါဝင်နိုင်သောကြောင့် စကာတင် စာရင်းဝင်သူကို
ဖြုတ်ချရန် သူမရဲ့ ဆက်ဆံရေးကို အားကိုးနေဆဲ ဖြစ်သည်။ ယိုယွီရှစ်သည် မူရင်း ဇာတ်ကြောင်းတွင်
ဝမ်ကျင့်ဖျင်နှင့် ရန်လိုမှု အတော်လေး နည်းပါးခဲ့သည်။
ယိုယွီရှစ်သည် စစ်မုန့်ယွီနှင့် ဆင်တူသော
ပင်ကို စရိုက်ရှိသော်လည်း သူမက ဒေါသပိုကြီးပြီး သရုပ်ဆောင် ပိုလွန်းပြီး အရည်အချင်း
မရှိသူများကို အထင်အမြင် သေးသည်။ ပြိုင်ပွဲတွင် ဆက်နေခွင့်ရရန် အဆက်အသွယ်များကို အသုံးပြုသော
သူများကိုလည်း မထီမဲ့မြင် ပြုတတ်သည်။
သူမသည် ဝမ်ကျင့်ဖျင် တစ်ဦးတည်း အပြင်ထွက်သည့်
အချိန်မှာ သီးသန့်ရှာဖွေခဲ့ပြီး သူမကို စကားအနည်းငယ် ပြောခဲ့သည်။ နိဂုံးချုပ် ပြောရရင်
ယိုယွီရှစ်သည် ဝမ်ကျင့်ဖျင်ကို အဆက်အသွယ် သုံးပြီး လက်ရှိ သူမ ရထားသည့် နေရာမှ စိတ်လိုလက်ရ
နုတ်ထွက် ပေးရန်နှင့် သူမထက် အရည်အချင်း ပိုရှိသူများ အတွက် နေရာပေးရန် မျှော်လင့်ကြောင်း
ပြောဆိုခဲ့ခြင်း ဖြစ်လေသည်။
မူရင်းဇာတ်ကြောင်းတွင် ဝမ်ကျင့်ဖျင်သည်
အမျိုးသမီး ဇာတ်လိုက် ဖြစ်သောကြောင့် ဇာတ်ကြောင်းကို သူမ၏ ရှုထောင့်မှ ရေးသား ဖော်ပြထားတာ
ဖြစ်သည်။ သဘာဝကျစွာပင် သူမ အရမ်း ကြိုးစားအားထုတ်ပြီး ရည်မှန်းချက် ကြီးမားကြောင်း
ထင်ရှား ပေါ်လွင်အောင် မီးမောင်း ထိုးပြထားခဲ့သည်။
ဇာတ်ကြောင်းသည် သူမကို ပြဿနာရှာသည့် သူများကို
မည်မျှ စက်ဆုပ်ရွံရှာဖွယ် ကောင်းလဲ ဆိုတာကို အလေးပေး ဖော်ပြထားသည် ဖြစ်ရာ စာဖတ်သူများသည်
ဝမ်ကျင့်ဖျင်အား သနားကြင်နာစိတ် ယိုဖိတ်ပြီးတော့ ယိုယွီရှစ် ကဲ့သို့သော ဇာတ်ကောင်များကို
တစ်ချိန်တည်းတွင် စက်ဆုပ် ရွံရှာခဲ့ကြသည်။
စုယန်ယန်တွင် ‘ရန်သူရဲ့ ရန်သူဟာ ငါ့မိတ်ဆွေပဲ’
ဆိုတဲ့ အမြင်ရှိသောကြောင့် ယို့ယွီရှစ် ပြောသမျှ ဆိုသမျှ မှန်ကန်တယ်လို့ ခံစားမိသော်လည်း
ယိုယွီရှစ်သည် မှားယွင်းသော နည်းလမ်းကို အသုံးပြုပြီး သူမကိုယ်သူမ ဆိုးရွားသော အနေအထားသို့
တွန်းပို့ခဲ့သည်။
ယို့ယွီရှစ်၏ ပြစ်တင် ရှုတ်ချခြင်းကို ခံရပြီးနောက်
ဝမ်ကျင့်ဖျင်သည် ဝမ်းနည်း နာကျင်သွားကာ စစ်မုန့်ယွီထံသို့ နီရဲနေသော မျက်ဝန်းများဖြင့်
အပြေးသွားခဲ့သည်။
သဘာဝကျစွာပင် စစ်မုန့်ယွီသည် သူမကို ထိုကဲ့သို့သော
အနေအထားမျိုးကို မြင်တွေ့ရပြီးနောက် အကျိုးအကြောင်း မေးမြန်းခဲ့သည်။ ဝမ်ကျင့်ဖျင်သည်
ဘာတစ်ခွန်းမှ ပြန်မဖြေပဲ၊ ထို့နောက်တွင် ယိုယွီရှစ်က သူမကို ပြောဆိုခဲ့သည့် အရေးကြီးတဲ့
အချက် တော်တော်များများကို ပြောင်ပြောင်တင်းတင်း ချန်လှပ်ထားခဲ့ပြီး ယိုယွီရှစ်မှ သူမကို
ကြမ်းကြမ်းတမ်းတမ်း ပြောဆိုခဲ့သည့် စကားများကိုသာ ထပ်ခါတလဲလဲ ပြောပြခဲ့သည်။
ဝါကျတစ်ကြောင်းကို မတူညီသော လေသံဖြင့် ပြောဆိုပါက
အဓိပ္ပါယ် ကွဲပြား ခြားနားသွားသည်၊ ဝမ်ကျင့်ဖျင်က သူမ ပြောဆိုလိုသည့် အရာကို သေသေချာချာ
ရွေးချယ် ပြောဆိုသောအခါတွင် အဓိပ္ပါယ်က လုံးဝ ပြောင်းသွားခဲ့သည်။
ဝမ်ကျင့်ဖျင် ပြောတာကို ကြားပြီးနောက် စစ်မုန့်ယွီမှာ
ဒေါသတကြီး ပြေးထွက် သွားခဲ့ပြီး သူမ သူငယ်ချင်းဘက်မှ ရပ်တည် ပေးလိုသောကြောင့် ယိုယွီရှစ်ထံသို့
အလျင်စလို ပြေးသွားခဲ့ပြီး စကားများ ရန်ဖြစ်ခဲ့သည်။
ထိုအဖြစ်အပျက်က လျင်မြန်စွာ ကြီးထွားလာပြီး
ရန်ပွဲအသွင် ပြောင်းသွားခဲ့သည်။ ယိုယွီရှစ်က ဒဏ်ရာ ရရှိသွားသောကြောင့် ပြိုင်ပွဲမှ
နုတ်ထွက်ခဲ့ရပြီး စစ်မုန့်ယွီသည် အခြားသူများကို ထိခိုက်ဒဏ်ရာ ရစေသည့်အတွက် ထုတ်လုပ်ရေးအဖွဲ့မှ
သူမကို အတင်းအကြပ် ဖယ်ရှားခဲ့သည်။
စုယန်ယန်သည် သူမ အရင်ဘဝတုန်းက ဒီဗီဒီယိုဖိုင်ကို
အကျဉ်းချုံး ကြည့်ခဲ့ရပြီး တစ်ခုခု မှားယွင်း နေတယ်လို့ ခံစားခဲ့ရသည်။ အခုတော့ ဒီအနုပညာရှင်
နှစ်ယောက်လုံးဟာ ထိပ်ဆုံးအယောက် နှစ်ဆယ်ထဲမှာ ပါဝင်တယ်လို့ သိလိုက်ရတော့ အကြောင်းအရင်းအား
မှန်းဆနိုင်ခဲ့သည်။
ဝမ်ကျင့်ဖျင်သည် ဒီမတော်တဆမှုမှ ချက်ချင်း
ဆိုသလိုပင် အင်အားကြီးသော ပြိုင်ဘက် နှစ်ဦးကို ဖယ်ရှား လိုက်နိုင်ခဲ့သည်။ ဒါက တကယ့်ကို
တိုက်ဆိုင်မှု တစ်ခုလို့ ဆိုနိုင်ပါ့မလား။
***