အပိုင်း ၂၃၁
Viewers 1k

အခန်း (၂၃၁)

ကိုယ့်ကိုလည်း နည်းနည်းလောက် မျက်နှာသာပေးသင့်ပါတယ်

 

ချင်ရွယ်ရူသည် သူမတို့နှစ်ဦးအတွက် အလွန် ဝမ်းသာပျော်ရွှင်ပြီးနောက် သူမ၏ စိတ်ခံစားချက်များကို တဖြည်းဖြည်း ထိန်းချုပ် လာနိုင်ခဲ့သည်။ ချင်ရွယ်ရူသည် သူမ၏ ဝမ်းဗိုက်လေးကို ထပ်မံ ထိတွေ့မိပြန်သည်။

 

ဒီလို ကြီးမားသည့် အံ့အားသင့်မှု အတွက် သူမ စိတ်ခံစားချက်တွေကို ဘယ်လို ဖော်ပြလို့ရမှန်းပင် မသိတော့လောက်အောင် ဖြစ်မိသည်၊ သူမမှာ သူမ အမြဲအိမ်မက်မက်ခဲ့သော သေးငယ်သည့် အသက်တာလေးကို ပိုင်ဆိုင် ထားခဲ့ပြီမှန်းကိုတော့ သူမ သိသည်။

 

ကလေး မမွေးသေးခင် ကတည်းက သူ့ကို မမြင်နိုင်တော့သည့် သူ့ဇနီးသည်ကို ကြည့်ပြီး ချိန်ကျွင်းဟောက်က သူ့ဇနီးသည်၏ အင်္ကျီလက်ကို တိတ်တိတ်လေး ဆွဲကိုင်ပြီး ဝမ်းနည်း နာကျင်နေသည့် အသံလေးဖြင့် “အဓိက ကျေးဇူးတင်ရမယ့်သူက ယန်ယန် ဆိုပေမယ့် ဒီသေးသေးလေး ဖြစ်လာအောင် ကိုယ်လည်း နည်းနည်းလောက် ကူညီပံ့ပိုး ပေးခဲ့တာပဲလေ၊ ဒါ့ကြောင့် ကိုယ့်ကိုလည်း နည်းနည်းလောက် မျက်နှာသာ ပေးသင့်ပါတယ်လေ”

 

သူ့မျက်နှာပေါ်က အမူအရာက “ကိုယ် မရှိပဲ၊ မင်း ဒီကလေးလေးကို ကိုယ်ဝန်ဆောင်နိုင်မှာ မဟုတ်ဘူးလေ။ ကိုယ် အလုပ် ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တာ ဆိုတော့ ကိုယ့်ကို မျက်နှာသာပေးမှု နည်းနည်းလောက်တော့ ရသင့်ပါတယ်။ ကိုယ့်ကို ဒီလိုမျိုး လျစ်လျူမရှုထားပါနဲ့”

 

ချင်ရွယ်ရူ “...” သူမ ဒီခင်ပွန်းသည်ကို မလိုချင်တော့ပါ။ သူ့ကို လိုချင်သည့် မည်သူမဆို သူ့ကို ခေါ်ဆောင် သွားနိုင်ပါသည်။

 

တခြားသူတွေကလည်း ချိန်ကျွင်းဟောက်၏ စကားကြောင့် ကြက်သေ သေသွားကြသည်။ ခဏအကြာမှာတော့ ချိန်ရှုချင်က ပြန်အသိဝင်လာပြီး ရယ်ကာ မောကာဖြင့် သူ့ကို ဆူပူလိုက်သည်၊ “ဘယ်လောက်တောင် အသုံးမကျလိုက်လဲ”

 

စုယန်ယန်သည်လည်း စိုက်မကြည့်ပဲ မနေနိုင်တော့ပေ။ ချိန်းတွေ့ခြင်းက လူတစ်ဦး၏ ဉာဏ်ရည်ကို လျော့ကျစေရုံသာမက မိဘများ ဖြစ်လာခြင်းကပင် ထိုကဲ့သို့ ဖြစ်လာနိုင်ကြောင်းကို တွေ့ရှိခဲ့ရသည်။

 

ချင်ရွယ်ရူ၏ အသက်အရွယ်တွင်၊ ကလေးတစ်ဦးကို ကိုယ်ဝန်ဆောင်ခြင်းဟာ နောက်ကျသော ကိုယ်ဝန်ဆောင်ဟု သတ်မှတ်ခံရပြီး တခြားသူတွေကလည်း သူတို့၏ စောင့်ကြပ်ခြင်းကို သတိမ‌လျော့ရဲကြဘူး။ ကလေးမီးဖွားပြီး နောက်ပိုင်းတွင် ခန္ဓာကိုယ်တွင် နောက်ဆက်တွဲ ဝေဒနာတွေ မခံစားရစေရန် သူမ တစ်ကိုယ်လုံး ကျန်းမာရေး စစ်ဆေးမှုကို ပြုလုပ်ခဲ့သည်။

 

စုယန်ယန်သည် ချင်ရွယ်ရူ၏ ကျန်းမာရေးကို ကောင်းမွန်စေရန် ကူညီပေးခဲ့သည်။ သူမ၏ ခန္ဓာကိုယ်က ကျန်းမာရေး ကောင်းမွန်နေမှန်းကို သိပေမယ့် သူမ သူတို့ကို မတားတော့ပဲ သူတို့နောက်မှ လိုက်ပါပြီး ဆေးရုံသို့ သွားခဲ့သည်။

 

စုယန်ယန်၏ ဖုန်းမှ ရုတ်တရက် ဖုန်းခေါ်ဆိုသံ ကြားလိုက်ရသည်။

 

စုယန်ယန်သည် ဖုန်းခေါ်ဆိုသူ နာမည်ကို မြင်လိုက်ရသောအခါတွင် အံ့အားသင့်သွားသည်။ လူတိုင်း၏ အာရုံစိုက်မှုကို ခံနေရသည့် ချင်ရွယ်ရူ၏ အခြေအနေကို အသုံးချပြီး ထောင့်တစ်နေရာဆီသို့ သွားပြီး ဖုန်းကိုင်လိုက်သည်။

 

“ဘာဖြစ်လို့လဲ”

 

“မင်းနဲ့ အန်ကယ်တို့ ဆေးရုံကို သွားတာ ကိုယ် ကြားလို့၊ တစ်ခုခု ဖြစ်လို့လား”

 

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ အသံမှ စိတ်လှုပ်ရှားမှုကို ခံစားသိလိုက်ရသဖြင့် သူမက အပြုံးလေးဖြင့် “စိတ်မပူပါနဲ့။ ကောင်းတဲ့ ကိစ္စပါ၊ ကျွန်မ အန်တီလေးမှာ ကလေးရှိနေပြီ”

 

ဟောက်ချန်ဟွမ်း ကြက်သေ သေသွားသည်။ စုယန်ယန်၏ အန်တီလေး အကြောင်းကို သူ ကြားသိခဲ့ရသောကြောင့် သူမ ရုတ်တရက်ကြီး ကိုယ်ဝန် ရလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

 

“ဒါက တကယ့်ကို ကောင်းတဲ့ ကိစ္စပဲ။ ကျေးဇူးပြုပြီး ကိုယ့်အစား သူမကို ဂုဏ်ယူကြောင်း ပြောပေးပါဦး”

 

“ဟုတ်...” ချင်ရွယ်ရူ၏ ကိစ္စက သူမကို ယုံကြည်မှု ပိုရှိစေပြီး သူမ အမြဲတမ်း ကိုယ် လုပ်ချင်ရာကို လုပ်နိုင်စွမ်း ရှိတယ် ဆိုတာကို ပိုပိုပြီး သေချာစေခဲ့သည်။

 

“ကျွန်မ အန်တီလေးက ကိုယ်ဝန်မရတာ နှစ်အတော်ကြာပြီး အခု ကျွန်မကြောင့် ရုတ်တရက် ကိုယ်ဝန် ဆောင်နိုင်ခဲ့တယ်”

 

ဟောက်ချန်ဟွမ်း၏ မျက်လုံးများက တလက်လက် တောက်ပသွားကာ “အင်း၊ ကိုယ် သိပါတယ်” လို့ နူးညံ့စွာ ပြန်ဖြေသည်။

 

“ကျွန်မ သူမ၏ ခန္ဓာကိုယ်နဲ့ ကိုယ်ဝန်ကို မြဲအောင် ကူညီ‌ပေးနိုင်တယ်။ တစ်နေ့မှာ ကျွန်မ ရှင် လမ်းပြန်လျှောက်နိုင်အောင် ကျွန်မ ကူညီပေးနိုင်လိမ့်မယ်”

 

ဟောက်ချန်ဟွမ်း အံ့အားသင့် သွားသည်။ စုယန်ယန်၏ စကားကို ကြားသောအခါတွင် သူ့မျက်ဝန်းမှ အပြုံးတွေဟာ တဖြည်းဖြည်း ကျယ်ပြန့် လာခဲ့သည်။ အဆုံးမှာတော့ သူက “အိုကေ၊ ကိုယ် စောင့်နေပါ့မယ်”

 

ကျန်းမာရေး စစ်ဆေးပြီးနောက် ဘာမှ မဖြစ်တာကြောင့် လူတိုင်း စိတ်သက်သာရာ ရကာ သက်ပြင်းမချပဲ မနေနိုင်ကြပေ။

 

အိမ်အပြန် လမ်းတွင် ချိန်ကျွင်းဟောက်က ကလေး၏ အခြေအနေကို အချိန်မရွေး ကြည့်ရှုနိုင်စေရန် အိမ်သုံး စူးစမ်း ကိရိယာလေးကို ဝယ်ယူလာခဲ့သည်။

 

“စစ်ဆေးချက်က ကောင်းပေမယ့် နင်က အသက်မငယ်တော့ဘူး။ အထူးသဖြင့် ကိုယ်ဝန်ဆောင် ပထမလ အနည်းငယ်မှာ မင်း သေချာ ဂရုစိုက်သင့်တယ်”

 

ချင်ရွယ်ရူက ဒါတွေကို အားလုံးကို သိနားလည်သဖြင့် “ဟုတ်ကဲ့ပါ” ဟု တိုးတိုးလေး ပြန်ဖြေသည်။

 

“ငါ ကျွင်းဟောက်နဲ့ ဆွေးနွေးပြီးပြီ။ နောက်လ အနည်းငယ်လောက် နင်တို့အိမ်ကို မပြန်သေးပဲ ဒီမှာပဲ ဆက်နေလိုက်ဦး၊ ယန်ယန်က နင့်ကို အားပြန်ပြည့်လာအောင် ကူညီပေးနိုင်လိမ့်မယ်”

 

ချင်ရွယ်ရူသည် စုယန်ယန်ကို သူမ၏ ကယ်တင်ရှင်အဖြစ် လက်တွေ့ကျကျ ဆက်ဆံခဲ့ပြီး သူမသည် ထုံးစံအတိုင်း ရှိနေနိုင်မည်ဟု မျှော်လင့်ခဲ့သည်။ သို့ပေမယ့်...

 

“ဒါပေမယ့် ယန်ယန်က အခုရက်ပိုင်းအတွင်း လက်ထပ်တော့မှာ...”

 

“သူမ အိမ်ထောင်ကျတယ် ဆိုရင်တောင်မှ သူမက အိမ်မပြန်လာတော့မှာမှ မဟုတ်တာ”

 

ချိန်ရှုချင် ဒီလို ပြောလိုက်သည့် အခိုက်အတန့်မှာပဲ အားလုံး၏ အာရုံတွေက စုယန်ယန်ထံ ကျရောက် လာခဲ့သည်။

 

စုယန်ယန်သည် ပြောစရာစကား ပျောက်ရှသွားသည်။ သူမ အိမ်မပြန်လာဘူးဟု မပြောရသေးပါဘူး။ ဘာဖြစ်လို့ သူမကို ဒီလိုမျိုး စိုက်ကြည့်နေရတာလဲ။

***