အပိုင်း ၂၃၃
Viewers 1k

အခန်း (၂၃၃)

တရားဝင် ဖွင့်လှစ်ခြင်း

ဒီအဖြေကို စုယန်ယန် မျှော်လင့် ထားပြီးသားပင် ဖြစ်သည်။ သူမက အသက်ပြင်းပြင်း ရှူလိုက်ပြီး “ကောင်းပြီ၊ သမီးကို အရင်ဆုံး စုံစမ်းမေးမြန်း ကြည့်ပေးပါဦး။ မဟုတ်ရင်၊ သမီး တစ်ယောက်ယောက်ကို အကူအညီ တောင်းလိုက်မယ်”

ချိန်ကျွင်းဟောက်က ခေါင်းညိတ်ပြီး သိချင်စိတ်ဖြင့် မေးမြန်းမိသည်။

“သမီးရဲ့ ဆေးဖက်ဝင် ဟင်းလျာက ရွယ်ရူရဲ့ ကိုယ်ဝန် ရနိုင်ခြေကို တိုးမြင့်လာစေတယ် ဆိုတော့ တခြားသူတွေအပေါ်မှာရော သက်ရောက်မှု ရှိနိုင်လား”

“ဒါကိုတော့ သမီး အာမ မခံနိုင်ဘူး။ တကယ်တော့၊ ကိုယ်ဝန် မဆောင်နိုင်တဲ့ အကြောင်းရင်းတွေက အများကြီး ရှိတယ်။ လူတိုင်းမှာ မတူညီတဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေတွေ ကိုယ်စီရှိတော့ သဘာဝအတိုင်း သမီးတို့က မတူညီတဲ့ နည်းလမ်းတွေကို အသုံးပြုဖို့ လိုအပ်တယ်။ သမီးတို့က မှန်ကန်တဲ့ ဆေးဝါးတွေကို သုံးစွဲဖို့လည်း လိုအပ်သေးတယ်”

စုယန်ယန်က မေးသည်၊ “အန်ကယ်လေး၊ ဘာဖြစ်လို့ ဒီအကြောင်းကို မေးနေတာလဲ”

“ဒါက ဒီလိုပါ။ သမီး အန်တီလေးနဲ့ အန်ကယ်လေးတို့လို သားသမီး အရမ်း လိုချင်ပေမယ့် မရတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အများကြီး သိကျွမ်းခဲ့တယ်။ သမီး အန်တီလေး ကိုယ်ဝန်အကြောင်း ပြောပြရင် ဒီအကြောင်းကို သူတို့ မလွဲမသွေ မေးမြန်းကြလိမ့်မယ်။ နောက်ဆုံးတော့ အန်ကယ်လေးတို့က တူညီတဲ့ ကံကြမ္မာကို ဝေမျှခဲ့ဖူးတဲ့ သူငယ်ချင်း မိတ်ဆွေတွေ ဖြစ်ကြပြီးတော့ အန်ကယ်လေးတို့က လူကောင်းတွေပဲ။ တကယ်လို့ အန်ကယ်လေးတို့ သူတို့ကို ကူညီပေးနိုင်ရင် ကုသိုလ်ရတာပေါ့”

စုယန်ယန်က ခဏလောက် စဉ်းစားကြည့်လိုက်သည်။

“ဒီလိုဆိုရင်ရော ဘယ်လိုလဲ။ လာမယ့် သုံးရက်အတွင်း ဆေးဖက်ဝင် ဟင်းလျာဆိုင်လည်း ဖွင့်တော့မှာ ဆိုတော့ အန်ကယ်လေးရဲ့ မိတ်ဆွေတွေ ဒါကို စိတ်ဝင်စားမယ်ဆိုရင် သူတို့ကို စားသောက်ဆိုင်ကို တစ်ချက်လောက် လာကြည့်ဖို့ ဖိတ်လိုက်ပါလား။ သမီး အရင်ဆုံး ရှင်းအောင် ပြောထားပါရစေ။ သမီး သူတို့ကို ကလေး ပေးနိုင်တာ မဟုတ်ဘူး။ သူတို့ သေချာပေါက် ကိုယ်ဝန် ဆောင်နိုင်လိမ့်မယ်လို့ သမီး အာမ မခံနိုင်ဘူး”

ချိန်ကျွင်းဟောက်၏ မျက်လုံးများ အနည်းငယ် တောက်ပလာပြီး အလျင်စလို ခေါင်းညိတ် လိုက်သည်။

“ကောင်းပြီ၊ ကောင်းပြီ။ အန်ကယ်လေး သူတို့ကို နားလည်အောင် ရှင်းရှင်းလင်းလင်း ပြောထားလိုက်မယ်။ အချိန်တန်ရင် သူတို့ကိုယ်တိုင် သွားချင် မသွားချင်က သူတို့အပေါ်မှာပဲ မူတည်နေတာပဲလေ”

“ကောင်းပြီ”

“ယန်ယန်” ချိန်ကျွင်းဟောက်သည် နောက်ဆုံးတော့ ဖခင်တစ်ယောက်ရဲ့ ခံစားချက်ကို ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။

“ဘာပဲဖြစ်ဖြစ် သမီး အန်တီလေးနဲ့ အန်ကယ်လေးတို့က သမီးကို ကျေးဇူးတင်တယ်”

“အန်ကယ်လေးကလည်း ဒီလိုစကားမျိုးတွေ ပြောနေဖို့ လိုလို့လား။ သမီးတို့က မိသားစုတွေပဲလေ”

စုယန်ယန်က တစ်စုံတစ်ခုကို တွေးလိုက်မိပုံရသည်။ သူမက အပြုံးလေးဖြင့် သူမ အန်ကယ်လေး အနားသို့ ချဉ်းကပ် သွားသည်။

“အန်ကယ်လေး၊ သမီးကို တကယ် ကျေးဇူးတင်တယ်ဆိုရင် လာမယ့် သုံးရက်အတွင်း ဆေးဖက်ဝင် ဟင်းလျာ စားသောက်ဆိုင် ဖွင့်တဲ့ အခါကျရင် သမီးကိုယ်စား အန်ကယ်လေးက လူလုံး ထွက်ပြပေးလို့ ရနိုင်မလား”

ချိန်ကျွင်းဟောက်က မျက်ခုံး လှုပ်သွားသည်။ သူက ဒီကိစ္စနှင့် ပတ်သက်ပြီး ဆိုးရွားတဲ့ ခံစားချက်တစ်ခု ရလိုက်သည်။

“သမီးရဲ့ ဆေးဖက်ဝင် ဟင်းလျာ စားသောက်ဆိုင်မှာ အန်ကယ်လေးကို လူလုံးပြစေချင်တယ်ပေါ့။ သမီး အဲ့ဒီမှာ မနေပဲ ဘယ်သွားမလို့လဲ”

“ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်မှာ အန်ကယ်လေးလည်း ရင်းနှီးမြှုပ်နှံ ထားတာပဲ၊ ဒါ့ကြောင့် ဖွင့်ပွဲနေ့မှာ အန်ကယ်လေး လူလုံး ထွက်ပြတာက ဘာမှ မမှားပါဘူး။ သမီးအတွက်ကတော့ နောက်ကွယ်မှာ ငွေတွေကို တိတ်တဆိတ် ရေတွက်ဖို့ တာဝန်ပဲ ရှိတယ်”

စုယန်ယန်က ချိန်ကျွင်းဟောက်၏ ပခုံးကို အသာပုတ်လိုက်သည်။ သူမက စိတ်အား ထက်သန်စွာဖြင့် “သမီးရဲ့ အနာဂတ် ဝမ်းကွဲလေးတွေ အတွက်၊ အန်ကယ်လေး၊ အလုပ်ကြိုးစားရမှာပဲ”

ချိန်ကျွင်းဟောက် “...” မင်း ပျင်းရိပြီး ပေါင်းသင်း ဆက်ဆံရေး ရှောင်ဖယ်ဖို့ ကြိုးစားနေတာကို ငါ မသိနိုင်ဘူးလို့ မထင်နဲ့။

သို့သော် သူမသည် ငယ်စဉ် ကတည်းကပင် သူ အလိုလိုက်ထားသော ကလေးလေး ဖြစ်သည်။ သူ ဘာဆက် လုပ်နိုင်မှာတဲ့လဲ။ သူ သူမလေးကို ဆက်လက် အလိုလိုက် ချစ်ခင်ဖို့ကိုသာ တတ်နိုင်သည်။

သုံးရက်အကြာတွင် စားသောက်ဆိုင်ကို သတ်မှတ်ရက် အတိုင်း ဖွင့်လှစ်ခဲ့သည်။

ချိန်ကျွင်းဟောက်နှင့် ဝန်ထမ်းတွေက ဖွင့်ပွဲ ပထမနေ့တွင် ဖောက်သည်များ အလွန် များပြားလိမ့်မည် မဟုတ်ဟု ထင်မြင် ယူဆခဲ့ကြသည်။ ကိုးနာရီ မထိုးခင်မှာပင် ဆိုင်အပြင်ဘက်မှာ လူစုလူဝေးကြီး စုဝေး နေလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ဘူး။

တချို့က စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု ပရိသတ်တွေဖြစ်ပြီး တချို့ကတော့ သူမ၏ ကျော်ကြားမှုကို အခွင့်ကောင်း ယူလိုသည့် ဘလော့ဂါတွေပဲ ဖြစ်ပါသည်။

ဝမ်ကျင့်ဖျင်၏ ယခင်က လိမ်လည် လှည့်ဖြားခြင်းဟာ စုယန်ယန်အား နေ့ချင်းညချင်း နာမည်ကြီး သွားစေသည်။ သုတေသန အဖွဲ့အစည်းကပင် သူမဖက်မှ ရပ်တည် ပေးခဲ့သောကြောင့် သူမနှင့် ပတ်သက်သည့် ထူးခြားမှု တစ်ခုခုတော့ ရှိရမည်။

လွန်ခဲ့သည့် ရက်အနည်းငယ်က စုယန်ယန်၏ တိုက်ရိုက် ထုတ်လွှင့်မှုဟာ ပြောခဲ့သည့် အပြင်ဘက်မှာ ဖွင့်လှစ်မည့် စားသောက်ဆိုင် အကြောင်းဟာ လူအများရဲ့ အာရုံကို ဆွဲဆောင် နိုင်ခဲ့သည်။

သူတို့သည် ကွင်းဆင်း အကဲဖြတ်မှု တစ်ခု ပြုလုပ်ရန် ဒီအခွင့်အရေးကို ရယူလိုကြပြီး ကောင်းကင်သို့ ပျံတက်ရန် ဒီအရှိန် အဟုန်ကို အသုံးချနိုင်လိမ့်မည်။

ဝမ့်ယန်ကတော့ သူတို့ထဲက တစ်ယောက်ပါ။ သူက အတော်လေး နာမည် ကျော်ကြားသော ဘလော့ဂါတစ်ဦး ဖြစ်သည်။

ပုံမှန်အားဖြင့်၊ သူ့မှာ ဘာမှ လုပ်စရာမရှိတဲ့ အခါမျိုးမှာ အဆင့်မြင့် စားသောက်ဆိုင်တွေကနေ မှာစားလေ့ရှိသည်။ သူ စားသောက်နေစဉ် ပရိသတ်တွေနဲ့ အပြန်အလှန် စကားပြောဆိုပြီး ပရိသတ်တွေ တောင်းဆိုသည့် အစားအသောက်များကို သူက ကြိုတင် မြည်းစမ်း ကြည့်ပေးသည်။ ပြီးနောက် သူက မည်သည့် စားသောက်ဆိုင်၏ အစားအသောက်က ကောင်းမွန်ပြီး မည်သည့် စားသောက်ဆိုင်၏ အစားအသောက်ကတော့ ညံ့ဖျင်းသည် ဟူသော မှတ်ချက်များကို ပြန်လည် ပြောကြားပေးခဲ့သည်။