အစမ်း မြည်းစမ်းဖို့ သွားမယ်
တကယ်တော့ ဝမ့်ယန်ဟ တိုက်ရိုက်
ထုတ်လွှင့်မှု ပြုလုပ်ဖို့ စားသောက်ဆိုင်တွေကို သွားလာတာ ဒါ ပထမဆုံး အကြိမ်တော့ မဟုတ်ပါဘူး။
သူက အဆင့်မြင့် စားသောက်ဆိုင်များတွင် စည်းကမ်းများစွာ ရှိသည့်အပြင် စားသောက်ဆိုင်
အများစုမှာ တိုက်ရိုက် ထုတ်လွှင့်မှု ပြုလုပ်လိုသည့် မည်သူကိုမျှ ဝင်ခွင့် မပေးလိုကြပေ။
သူက အကြိမ်ပေါင်းများစွာ တားမြစ်ခံရသော်လည်း
ဒီတစ်ကြိမ်မှာလည်း သူ ဝင်ခွင့်ရဖို့ အစွမ်းကုန် ကြိုးစားခဲ့သည်။
သူ တံခါးဝသို့ ရောက်သည်နှင့်
“ဆရာ...” ဟူသော အသံတိုးတိုးလေးကို ကြားလိုက်ရသည်။
ဝမ့်ယန်ဟာ အံ့အားသင့် သွားသည်။
သူ့လက်ထဲမှ တိုက်ရိုက် ထုတ်လွှင့်သည့် ပစ္စည်းကိရိယာကို မသိစိတ်က ဆုပ်ကိုင် ထားမိပြီး
သူထံသို့ လျှောက်လာသည့် စားပွဲထိုး ဝန်ထမ်းကို ကြည့်လိုက်သည်။
“ဒီစားသောက်ဆိုင်က... တိုက်ရိုက်
ထုတ်လွှင့်တဲ့ ပစ္စည်း ကိရိယာတွေကို ယူဆောင်ခွင့် မပြုဘူးလား”
စားပွဲထိုးက ဒါကို ကြားတော့
အံ့အားသင့် သွားသည်။ သူက အပြုံးလေးဖြင့် “ဒီစားသောက်ဆိုင်မှာ အဲ့လို စည်းကမ်း မရှိပါဘူး၊
ဒါပေမယ့် စားသောက်ဆိုင်မှာ လူတွေ အများကြီးရှိတော့ ဆရာ စားသောက်ဆိုင်ထဲ ဝင်လာတဲ့အခါ
ဆရာ့ရဲ့ အဖိုးတန် ပစ္စည်းတွေကို သေချာ ဂရုစိုက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ ဒါ့အပြင်
အခြား စားသုံးသူတွေကိုလည်း အနှောင့်အယှက် မဖြစ်စေရပါဘူး”
စားပွဲထိုးရဲ့ ယဉ်ကျေး သိမ်မွေ့သော
သဘောထားသည် ရင်းနှီးကျွမ်းဝင်ပြီး သူ့အား အထင်အမြင် ကောင်းစေရန် လွယ်ကူသည်။
ဝမ့်ယန်နှင့် တိုက်ရိုက် ထုတ်လွှင့်မှု
အခန်းမှ ပရိသတ်တွေက ဆိုင်တံခါးဝမှာပင် တားမြစ်ခံရပြီး ဝင်ခွင့်မပြုတာ ခံရဖို့ စိတ်ပိုင်းဖြတ်
ထားပြီး ဖြစ်သည်။ သူ ပြောလိုက်တာကို ကြားလိုက် ရသောအခါတွင် သူတို့က အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပေ။
[ဒီစားသောက်ဆိုင်ရဲ့ ဝန်ဆောင်မှုက
အရမ်း ကောင်းတာပဲ၊ အရင်က တွေ့ဖူးတဲ့ အခြား အဆင့်မြင့် စားသောက်ဆိုင်တွေနဲ့ မတူဘူး။
အခြား အဆင့်မြင့် စားသောက်ဆိုင်က စားပွဲထိုးတွေဆို သူတို့ခေါင်းတွေကို မော့နေတာပဲ။
သူတို့က ဝင်ခွင့်မပြုတဲ့အပြင် ငါတို့ကိုတောင် နှိမ့်ချဆက်ဆံ ချင်သေးတယ်။ သူတို့ရဲ့
စိတ်သဘောထားက အရမ်းဆိုးတယ်။]
[ဒီစားသောက်ဆိုင်ကလည်း အခုမှ
စဖွင့်တာ ဆိုတော့ ဖောက်သည်တွေကို ပိုဆွဲဆောင်နိုင်ဖို့ ဒီလို ပြုမူတာ ဖြစ်ပါလိမ့်မယ်၊
နောက်ကျရင် တခြား အဆင့်မြင့် စားသောက်ဆိုင်တွေနဲ့ အတူတူ ဖြစ်သွားနိုင်တယ်။ ဒါပေမယ့်
သူတို့ရဲ့ ဒီလိုဝန်ဆောင်မှုက တကယ်ကောင်းပြီး ဒါကို ဆက်လက် ထိန်းသိမ်းထားဖို့ မျှော်လင့်မိတယ်။]
[ဟီးဟီးဟီး... ဒီစားပွဲထိုးလေးက
တော်တော် ချောတယ်လို့ ဘယ်သူမှ မထင်ကြဘူးလား။ တင်ဆက်သူရေ သူ့ကို ဆက်သွယ်နိုင်မယ့် အချက်အလက်လေးတွေ
မေးပေးနိုင်မလား။]
[တင်ဆက်သူရှေ့မှာ နံရံကို ကျော်တက်နေတာ
အဆင်ပြေရဲ့လား။ ဒါပေမယ့် ငါလည်း အဲ့လို ထင်တယ်၊ ဒီစားပွဲထိုးက တော်တော်ချောတယ်။ ငါ
သူ့ကို ကြိုက်တယ်။]
[ညီအစ်မတို့ရေ၊ အချောလေးကို
ငမ်းလိုက်ကြရအောင်]
[ငါလည်း...]
သိပ်မကြာခင်မှာပင် ဝမ့်ယန်ဟာ
သူ၏ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှ သူ့ပရိသတ်တွေဟာ နံရံပေါ် ကျော်တက် နေကြတာကို
တွေ့လိုက်ရသည်။ သူ့နှုတ်ခမ်းတွေက တွန့်ကွေးသွားပြီး ရယ်ရမလား ငိုရမလားပင် မသိတော့ချေ။
“ကောင်းပြီ... ကောင်းပြီ၊ ငါ
မေးပေးပါ့မယ်”
သို့သော် စားပွဲထိုးသည် တိုက်ရိုက်
ထုတ်လွှင့်စက်ပေါ်မှ အချိန်နှင့် တပြေးညီ မက်ဆေ့ချ်များကို မမြင်သလို ပြုမူပြီး သူ့မျက်နှာပေါ်တွင်
အပြုံးတစ်ပွင့်ကို ဆက်လက် တပ်ဆင်ထားကာ “ကောင်းပါပြီ၊ ကျေးဇူးပြုပြီး ဒီမှာ တစ်ကိုယ်လုံး
စကင်န်ဖတ်ဖို့ လုပ်ပေးပါ။ စကင်န်ဖတ်ပြီးနောက် ကျွန်တော်တို့ရဲ့ ဘော့စ်က စားသုံးသူကို
ရုပ်ပိုင်းဆိုင်ရာ အစီရင်ခံစာ တစ်ခု ပေးမှာဖြစ်ပြီးတော့ တရုတ် ဆေးဖက်ဝင် ဟင်းလျာအချို့ကို
အကြံပြုပေးပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ စားသောက်ဆိုင်က စိတ်ကြိုက်မှာ ယူလို့ရမယ့်
ဟင်းလျာတွေကို မပံ့ပို့ပေးထားပါဘူး၊ မှာယူလို့ ရမယ့် ဟင်းလျာတွေက ဘော့စ်မှ ပေးသော ရလဒ်တွေအပေါ်မှာ
မူတည်ပြီး စားသုံးသူက မှာလို့ရပါမယ်”
“ဒါကို ကျွန်တော် သိပါတယ်” ဝမ့်ယန်ဟာ
စုယန်ယန်၏ တိုက်ရိုက် ထုတ်လွှင့်မှုကို အရင်က ကြည့်ရှုခဲ့ဖူးပြီး ဒီကိစ္စကို သိရှိထားသည်။
သို့သော် သူ ဒါကို သိထားသော်လည်း
ဒီအခြေအနေကို အမှန်တကယ် ကြုံတွေ့ရသော အခါတွင်မူ သူဟာ သက်ပြင်းမချပဲ မနေနိုင်ပေ။ ဒီဘော့စ်မှာ
သေချာပေါက် ထူးဆန်းတဲ့ အကျင့်စရိုက် ရှိလိမ့်မည်။ ဘယ်သူမှ ဒီစားသောက်ဆိုင်ကို မလာချင်မှာကို
မကြောက်ဘူးလား။
စားပွဲထိုး ညွှန်ကြားသည့်အတိုင်း
တစ်ကိုယ်လုံး စကင်န် ဖတ်ပြီးနောက် စားပွဲထိုးက ဝမ့်ယန်ကို စားသောက်ဆိုင်ရှိ တိတ်တဆိတ်
ရှိမည့် ထောင့်နားက စားပွဲဝိုင်းသို့ ပို့ဆောင်ပေးခဲ့သည်။
သူ စားသောက်ဆိုင်ထဲသို့ ဝင်လာသည့်
အချိန်မှာပဲ သူနှင့် တိုက်ရိုက် ထုတ်လွှင့်မှု အခန်းရှိ ကြည့်ရှုသူတွေက ဇိမ်ခံပစ္စည်းတွေဖြင့်
အဆင့်မြင့် မွမ်းမံပြင်ဆင်ထားသည့် အပြင်အဆင် အောက်မှာ ဆွဲဆောင် ခံလိုက်ရသည်။
စားသောက်ဆိုင်၏ အတွင်းပိုင်း
အပြင်အဆင်သည် ရှေးဟောင်း ဥယျာဉ်ခြံဝင်း ပုံစံကို အခြေခံထားသည်။ ပွဲကြည့်စင်တစ်ခု ပါရှိသော
ရိုးရာတည်းခိုခန်း တစ်ခုနှင့် ဆင်တူသည်။ စားသောက်ဆိုင် အပေါ်ထပ်နှင့် အောက်ထပ်ကို သစ်သား
လှေကားဖြင့် တွဲလျက်ထားပြီး လှေကား လက်ရန်းတွင် ပုံသဏ္ဌာန်မျိုးစုံကို ပန်းပုထုထားသည်။
သူတို့ တစ်ခါမှ မမြင်ဖူးသော ဒီဇိုင်းများစွာ ပါဝင်လေသည်။
မျက်နှာကြက်ကို လုံးဝ ဗလာ မထားရှိပဲ
ရှားပါး တိစ္ဆာန်များ၊ အပင်များ၊ ပန်းပင်များနှင့် ငှက်မျိုးစုံတို့ကို ထွင်းထုထားသည်။
တွဲလောင်း မီးအိမ်များကိုပင်
သစ်သား၊ ရေစိုခံ၊ မီးစိုခံနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ထားပြီး သူတို့အပေါ်တွင်
အမည်မဖော်နိုင်သော လက်ရာ မြောက်သည့် ပုံစံများစွာ ပါရှီသည်။ အမြင်အာရုံကို ဖမ်းစားနိုင်သော
မြင်ကွင်းတစ်ခု ဖြစ်သောကြောင့် သူတို့ရဲ့ အကြည့်တွေကို လုံးဝ မလွှဲနိုင်ပေ။