ပိုင်ရှင်မှာ ရွှေတွင်းတစ်တွင်း
ရှိနေတာပဲ
“ဒါက တကယ်ပဲ စားသောက်ဆိုင် တစ်ဆိုင်လား”
ဝမ့်ယန်သည် မရေမတွက်နိုင်သော
ပရိသတ်များ၏ နှလုံးသားထဲက အမေးကို နှုတ်ကနေ လွှတ်ခနဲ မေးလိုက်မိသည်။
[ရိုးရိုးသားသား ပြောရရင် ဒီစားသောက်ဆိုင်ရဲ့
မွမ်းမံပြင်ဆင် ထားပုံက... ငါ့ကို ငွေနံ့လေးတွေတောင် ရသွားစေတယ်။]
[လွန်ခဲ့သော နှစ်အနည်းငယ်က ဗိသုကာ
ဘွဲ့ရခဲ့တဲ့ ဒီခွေးမှာ ပြောချင်တာ ရှိပါတယ်၊ ယခုအခါမှာ အဆောက်အအုံ အများစုကို ပျက်စီး
ယိုယွင်းဒဏ်ကို ခံနိုင်ရည်ရှိတဲ့ အလူမီနီယမ် ပစ္စည်းတွေကိုသာ အသုံးပြု လာကြတယ်။ ဒီလိုမျိုး
သဘာဝစစ်စစ် ပစ္စည်းတွေ ရှိပေမယ့် ဆောက်လုပ်ရေး ကုန်ကျစရိတ်က အရမ်း စျေးကြီးတယ်။ နောက်ဆက်တွဲ
ပြုပြင် ထိန်းသိမ်းမှုနှင့် ပြန်လည်ပြင်ဆင်စရိတ်က မနည်းတာကြောင့် ဒီပစ္စည်းတွေကို အသုံးပြုသူ
အလွန် နည်းပါးပါတယ်။]
[ဒါ့အပြင်၊ ဒီဆိုင်က ပန်းပုအများစုဟာ
သရီးဒီ ပုံနှိပ်စက်ကို အသုံးပြုထားတာ ဖြစ်လိမ့်မယ်။ ဒါကို ရွေးချယ်တာက လက်တွေ့ကျပြီး
အသုံးစရိတ်ကို အတော်လေး ချွေတာရာ ရောက်ပါတယ်။ ဒါပေမယ့် ငါ ထင်တာ မမှားဘူးဆိုရင် ဒီစားသောက်ဆိုင်မှာ
ရှိတဲ့ ပန်းပုအများစုက လူကိုယ်တိုင် ထွင်းထုထားတာတွေပဲ။ လူအင်အား ဘယ်လောက် လိုအပ်တယ်
ဆိုတာကို မပြောရင်တောင် ဆောက်လုပ်ရေး ကုန်ကျစရိတ် တစ်ခုတည်းကတင် သာမန်လူ တစ်ဦးတစ်ယောက်မျှ
တတ်နိုင်သည့် ပမာဏမျိုး မဟုတ်ဘူး၊ ဒီစားသောက်ဆိုင်ရဲ့ အပြင်အဆင် တစ်ခုတည်းကို ကြည့်ရုံနဲ့တင်...
ဒီဆိုင်ပိုင်ရှင်က ရွှေတွင်း တစ်တွင်းလောက် ပိုင်ဆိုင်ထားတာ ဖြစ်လိမ့်မယ်။]
[အပေါ်ကလူရေ၊ မင်းက အရမ်းတော်တာပဲ။
မင်းပြောတာကို ငါ နားမလည်ပေမယ့် မင်း ပြောတာကို ကြားတာနဲ့ ဒီစားသောက်ဆိုင်ရဲ့ အဆင့်အတန်းက
အများကြီး ပိုမြင့်တက်လာတယ်လို့ ခံစားရတယ်။]
[အိုး... ဘုရားရေ၊ ဒီလို ကောက်ချက်အရ၊
ဒီလို စားသောက်ဆိုင်တစ်ဆိုင် ဖန်တီးဖို့ ဘယ်လောက်တောင် ကုန်ကျနိုင်တာလဲ။ အရင်က ဒီစားသောက်ဆိုင်
ပိုင်ရှင်မှာ ရွှေတွင်း တစ်တွင်းလောက် ပိုင်ဆိုင်ထားတယ်လို့ ငါ ကြားခဲ့ရတယ်၊ ဒါပေမယ့်
ကြည့်ရတာ အဲ့စကားတွေက အမှန်ဖြစ်ပုံရတယ်။]
ဝမ့်ယန်သည်လည်း ထိုနည်းလည်းကောင်း
တွေးမိသည်။ သူက စားပွဲအစွန်းလေးကို လေးလေးနက်နက် ထိတွေ့ ကိုင်တွယ်မိသည့် အချိန်တွင်
စားပွဲထိုးတစ်ဦးက သူ့ကို မီနူးတစ်ခု ကမ်းပေးလိုက်သည်။
“မင်းတို့ဆိုင်မှာ စိတ်တိုင်းကျ
မှာယူလို့ မရဘူးလို့ ငါ ထင်နေတာ”
“ဟုတ်ပါတယ်၊ စားသုံးသူ စိတ်ကြိုက်
အော်ဒါမှာလို့ မရပေမယ့် ကျွန်တော်တို့ စားသောက်ဆိုင်မှာ စားချင်လား မစားချင်ဘူးလားလို့
မဆုံးဖြတ်ခင် မီနူးထဲက စျေးနှုန်းကို ကြည့်လို့ ရပါတယ်”
“ငါ သိပြီ” ဝမ့်ယန်ဟာ ထိုသို့ပြောရင်း
ကင်မရာကို မီနူးဆီသို့ ချိန်ပေးလိုက်သည်။ “ဒီစားသောက်ဆိုင်ရဲ့ စျေးနှုန်းက အဆင့်မြင့်
စားသောက်ဆိုင်တွေထက် အနည်းငယ် ပိုမြင့်ပေမယ့် ဒါက လက်ခံနိုင်တဲ့ အတိုင်းအတာထဲမှာ ရှိတယ်။
ရာဂဏန်း အနည်းငယ်နဲ့ ထောင်ဂဏန်း အကြားက ကွာခြားချက်က ဘယ်လိုရှိလဲ”
“ဒါက ဒီလိုပါ။ ဒီနေရာမှာ ရရှိတဲ့
အစားအသောက် အများစုက အဖိုးတန် တရုတ်ဆေးဖက်ဝင် အပင်တွေ လိုအပ်ပေမယ့် လူတိုင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ
အခြေအနေ ကွဲပြားမှုပေါ် မူတည်ပြီးတော့ လိုအပ်တဲ့ ဆေးဝါး ပမာဏမှာလည်း ကွဲပြားပါတယ်။
ဒီကွာခြားချက်က ဖောက်သည် လိုအပ်တဲ့ ဆေးပမာဏပေါ် မူတည်ပြီး ကွဲပြားခြားနားတာပါ။ ဒီဟင်းလျာတွေမှာ
သုံးစွဲရမယ့် ဆေးဝါးပမာဏများရင် စျေးကြီးမှာဖြစ်ပြီး ဆေးဝါးပမာဏနည်းရင် စျေးသက်သာပါလိမ့်မယ်”
“ဟုတ်ပါတယ်၊ အဲ့ဒီ မတိုင်ခင်မှာ၊
ဟင်းလျာကို မချက်ပြုတ်သေးခင် ကျွန်တော်တို့က စားသုံးသူတွေနဲ့ အရင်ဆုံး အတည်ပြု ပေးသွားဦးမှာပါ။
မချက်ပြုတ်ခင်မှာ၊ ကျွန်တော်တို့ရဲ့ စားသုံးသူတွေက ကျွန်တော်တို့ စားသောက်ဆိုင်မှာ
စားချင်တယ် မစားချင်တော့ဘူးလို့ ပြန်ပြောနိုင်တဲ့ အခွင့်အရေးလည်း ရှိပါသေးတယ်”
ဝမ့်ယန်က ခေါင်းညိတ် လိုက်သည်။
သူ ဒီအကြောင်းကို ပိုတွေးလေလေ၊ ဒီစားသောက်ဆိုင်က စားသုံးသူတွေက အလေးထားပြီး လူသားဆန်တယ်လို့
ပိုခံစားရလေလေပါပဲ။
နောက်ထပ် မေးခွန်းတွေ မေးမြန်းတော့မည့်
အချိန်မှာပဲ စားပွဲထိုးက ရုတ်တရက်တစ်စုံတစ်ခု အမှတ်ရသွားပြီး စာရင်းတစ်ခု အလျင်စလို
ထုတ်ပေးလိုက်သည်။
“ဆရာ၊ သင့်အတွက် မီနူးက ဒီမှာပါ။
သင့်ရဲ့ ဝမ်းချုပ်ခြင်းနဲ့ အစာစားချင်စိတ် နည်းပါးခြင်းအတွက် ဆိုင်ပိုင်ရှင်က သင့်ကို
အုတ်ဂျုံ၊ သစ်ကြားသီး ဆန်ပြုတ်နဲ့ မုယောစပါး အာလူးရောပြွမ်းဟင်းကို အကြံပြုထားပါတယ်။
ဟင်းနှစ်ပွဲရဲ့ စျေးနှုန်းတွေက... စုစုပေါင်း... ကျေးဇူးပြုပြီး စစ်ဆေးကြည့်ပေးပါဦး”
ဝမ့်ယန်သည် စားပွဲထိုး၏ တရားဝင်
ထုတ်ပြန်ချက်ကို နားထောင်နေစဉ် သူ့မျက်နှာဟာ ခေတ္တခဏတာမျှ ဗလာ ဖြစ်သွားခဲ့သည်။
တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှ
ကြည့်ရှုသူတွေက ဒါကို ကြည့်ရင်း ဟက်ဟက်ပက်ပက် ရယ်မောမိကြသည်။
[ဟားဟားဟားဟား၊ ဖာ့ခ်၊ ယန်ယန်
မကြာသေးခင်က ဝမ်းချုပ် နေတာလား။ ငါက ဘာဖြစ်လို့ အရမ်း ရယ်ချင်နေရတာလဲ။]
[အပေါ်ထပ်ကလူ ပြောတဲ့အတိုင်းပဲ
+1၊ ဒါပေမယ့် ဆိုင်အဝင်ဝမှာ စစ်ဆေးခဲ့တဲ့ စကင်န်စက်က ဆေးဖက်ဆိုင်ရာ စကင်န်စက် တစ်ခုလား။
ယန်ယန် ရုတ်တရက် ဝမ်းချုပ် သွားတယ်လို့ ကြားလိုက်ရတာ မယုံနိုင်စရာပါပဲ။ ဟားဟားဟားဟား...]
[ယန်ယန်: ကျွန်တော် ရိုးရှင်းစွာ
ကွင်းဆင်း အကဲဖြတ် တစ်ခုလုပ်ဖို့ ဟင်းလျာ တစ်ပွဲလောက် မှာစားချင်ရုံပါပဲ။ ဒါ့ကြောင့်
အများသူငှာ စီရက်ချက် မချလိုက်ပါနဲ့၊ ဟုတ်ပြီလား။]
ဝမ့်ယန်သည် ရှက်ရွံ့နေသော မျက်နှာဖြင့်
ငွေပေးချေမှုကို အတည်ပြုရန် အမြန် နှိပ်ပေးလိုက်သည်။ စားပွဲထိုး ထွက်ခွာ သွားပြီးနောက်၊
သူက သက်ပြင်းတစ်ချက် ချလိုက်မိသည်။
တကယ်လို့ ဒီစားသောက်ဆိုင်က အလွန်
တိကျကြောင်း သူ သိရှိထားပါက၊ ဒီအကြောင်းကို နားမထောင်မီ တိုက်ရိုက် ထုတ်လွှင့်မှုကို
ပိတ်ထားပြီးတော့ ဒါကို နားထောင်မှာပဲ ဖြစ်သည်။
အခုတော့ ကောင်းရော၊ ဒီနေ့ပြီးရင်
သူ ဝမ်းချုပ်နေတယ်ဆိုတာ အင်တာနက်ပေါ်က လူတိုင်း သိသွားကြတော့မယ်။ ဒါက အရမ်း... ရှက်စရာကောင်းတယ်။