အပိုင်း ၂၃၆
Viewers 1k

 

အခန်း (၂၃၆)

ဘယ်လိုတောင် မွှေးရပါသလဲ

ထို့နောက် သိပ်မကြာခင်မှာပင် စားသောက်ဆိုင် တစ်ခုလုံး လူပြည့်သွားကြသည်။

ဝမ့်ယန်၏ နောက်‌ကျော စားပွဲဝိုင်းတွင် မြေးအဘိုး နှစ်ယောက် ထိုင်နေသည်။ အဘိုးဖြစ်သူက မြေးဖြစ်သူကို ဒီစားသောက်ဆိုင်က အစားအသောက်တွေကို စိတ်ကြိုက် မှာယူခွင့် မပြုတဲ့အပြင် စျေးအရမ်းကြီးတာကြောင့် မကျေမနပ် ညည်းညူပြောဆိုနေသည်။

သူ့မြေးမလေးက စုယန်ယန်ရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုကို ကြည့်ရှုသည့် ပရိသတ်လေး ဖြစ်နိုင်သည်။ သူမလေးက သူမလေး၏ အဘိုးကို ဒီကို ခေါ်လာရသည့် အကြောင်းရင်းက ဆေးဖက်ဝင် ဟင်းလျာ ဆိုတာက လူတစ်ယောက်၏ ကျန်းမာရေးကို တကယ် အကျိုးပြုသလား ဆိုတာကို သိချင်၍ သူမအဘိုး၏ နာတာရှည် ဒူလာရောဂါကို ပျောက်ကင်း နိုင်မလားလို့ ဒီကို ခေါ်လာခဲ့ခြင်း ဖြစ်လေသည်။

“အဘိုး၊ စိတ်မဆိုးပါနဲ့။ ဒီစားသောက်ဆိုင်က သမီး အကြိုက်ဆုံး တိုက်ရိုက်ထုတ်လွှင့် တင်ဆက်သူ တစ်ဦး ဖွင့်ထားတာပါ။ အင်တာနက်ပေါ်မှာ သူမရဲ့ ဟင်းချက်လက်ရာကို သမီး မြည်းစမ်းကြည့်ဖူးတယ်၊ ဟင်းပွဲတွေက အရမ်း အရသာရှိတယ်။ ဒါ့အပြင်၊ သူ့ဟင်းပွဲတွေရဲ့ လူတစ်ဦးရဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေနိုင်စွမ်း ရှိတယ်။ သူမ ကံစမ်းမဲဖောက်ပေးတဲ့ အစီအစဉ်မှာ ကံထူးရှင် တော်တော်များများက အဲ့ဒီဟင်းပွဲတွေက တကယ်ပဲ အကျိုးအာနိသင် ရှိတယ်လို့ ပြောကြတယ်”

သူ့အဘိုး ဖြစ်သူကို မယုံကြည်နိုင်သေးတာကို မြင်တော့ ကောင်မ‌လေး သူမလက်နှစ်ဖက်ကို ပူးပြီး တောင်းပန်ခယ လိုက်သည်၊

“ဒီတစ်ကြိမ်လောက် စမ်းစားကြည့် ရအောင်ပါနော်။ ဒါက အရသာ မကောင်းဘူးဆိုရင် သမီးတို့ နောက်တစ်ခါ ထပ်မလာတော့ဘူးလေ။ အခု အဘိုးလည်း မြင်သားပဲ။ သူတို့က အဘိုးရဲ့ ခြေထောက်က အမြဲတမ်း အေးစက်နေပြီး ဒူလာရောဂါ ရှိတာကို သူတို့ ပြောနိုင်တယ်။ အဲ့တာက တကယ် အကျိုးသက်ရောက်မှု ရှိတာလည်း ဖြစ်နိုင်တာပဲမလား”

အဘိုးအို၏ မျက်နှာအမူအရာဟာ အနည်းငယ် ပြေလျော့သွားသည်။ သူက နှာခေါင်းရှုံ့ပြီး “မင်းက ကလေးပဲ ရှိသေးတယ်။ မင်း သိသမျှ အကုန်လုံးက အင်တာနက်ပေါ်မှာ ဒါတွေကို တစ်နေ့လုံး ကြည့်နေဖို့ကိုပဲ။ မင်း အလိမ်ခံရခဲ့ပေမယ့် မင်းက သူတို့အတွက် ငွေတောင် ဝိုင်းပြီး ရေတွက် ပေးလိုက်သေးတယ်။ တစ်ချက်ကြည့်လိုက်ရုံနဲ့ ငါ့မှာ နာတာရှည် ဒူလာရောဂါ ရှိနေတယ်လို့ ပြောနိုင်ပါ့မလား။ ဆေးရုံမှာ ရှိတဲ့ ဆေးဖက်ဆိုင်ရာ စကင်န်ဖတ်စက်တွေ‌တောင် ရောဂါဝေဒနာကို တစ်ချက် စစ်ဆေးလိုက်ရုံနဲ့ မပြောနိုင်ဘူး။ မင်းရဲ့ ရှေးရိုးစွဲ နည်းလမ်း အချို့ကသာ ဒီလို လုပ်နိုင်တယ်။ ရောဂါဟောင်း ပြန်ထရင်လည်း ရောဂါဟောင်း ပြန်ထတယ်လို့ သတ်မှတ် လိုက်တာပေါ့။ ဒီလိုလှည့်ကွက်မျိုးက မင်းတို့လို ဘာမှ မသိနားမလည်တဲ့ မိန်းကလေးတွေ အပေါ်မှာပဲ အလုပ်ဖြစ်လိမ့်မယ်”

အဘိုးအို၏ ခြေထောက်များမှာအိုမင်းမစွမ်း ဖြစ်နေပြီး သူ့ နာမကျန်းမှုကလည်း သူ့ငယ်ရွယ်စဉ် အချိန်ကပင် အမြစ်တွယ်နေခဲ့ခြင်း ဖြစ်သည်။ သူ အသက်ကြီး လာလေလေ ဒီဝေဒနာကို ပိုခံစားရလေလေပါပဲ၊ အထူးသဖြင့် မိုးအေးသည့် နေ့ရက်တွေမှာ ပို၍ မသက်မသာ ခံစားရလေလေပါပဲ။ သူက အရမ်း မသက်မသာ ဖြစ်လွန်းလို့ ညဖက်မှာပင် အိပ်မပျော်ဘူး။

ဆေးရုံတွင် နာကျင်မှုကို သက်သာစေရန် နည်းလမ်းရှိသော်လည်း ရောဂါအရင်းမြစ်ကို ပျောက်ကင်းအောင် မကုသနိုင်တာကတော့ ဝမ်းနည်းဖို့ ကောင်းသည်။ ပျောက်ကင်းအောင် ကုသနိုင်လျှင်‌တောင် ဒါက ယာယီသာဖြစ်ပြီး မိုးရွာသော နေ့ရက်များတွင် ဝေဒနာ ထပ်မံ ခံစားရနိုင်သည်။

“ကောင်းပြီ၊ ကောင်းပြီ၊ သမီး အလှည့်စား ခံရတယ်လို့ပဲ ယူဆလိုက်ရအောင်။ ဒီနေရာက အစားအသောက်တွေက အံ့သြစရာ မကောင်းပေမယ့် အရသာကတော့ အမိုက်စားပဲ။ သမီးတို့ အစားအသောက်ကို တစ်ခါတလေ အပြောင်းအလဲဖြစ်အောင် လာစားတယ်လို့ သတ်မှတ် လိုက်ကြရအောင်။ စိတ်မဆိုးပါနဲ့တော့”

သူ့မြေးမလေးက သူ့ကျန်းမာရေး အတွက် စိတ်ပူနေမှန်း အဘိုးအို သိသည်။ သူက နှာခေါင်းရှုံ့ပြီး တခြား ဘာမှ မပြောတော့ဘူး။

မိနစ်နှစ်ဆယ်လောက် ကြာတော့ သူတို့၏ အစားအသောက်တွေ ရောက်ရှိလာသည်။

လာချပေးသည့် ဟင်းလျာတွေကတော့ ဂျင်းကောက်ညှင်းဆန်ပြုတ်၊ ငါးရှဉ့်ဟင်းလျာ မွှေးမွှေးလေး၊ ကောင်းကင်ဘုံ ဘဲသားစွပ်ပြုတ် တစ်အိုးတို့ ပါဝင်လေသည်။

အဖုံးကို ဖွင့်လိုက်သည့် အခါတွင် မွှေးရနံ့တွေက အထိန်းအကွပ်မဲ့စွာ ပျံ့နှံ့သွားပြီး သူ့အတွက် ဟင်းလျာကို မရသေးသည့် ဝမ့်ယန်တောင် သူ့အလိုလို တံတွေးမျိုချ မိသွားသည်။ သူ့နောက် စားပွဲဝိုင်းမှာ ထိုင်နေသည့် မြေးအဘိုးသည်လည်း ထိုမွှေးရနံ့များ၏ ဒဏ်ကို ခံစားလိုက်ရသည်။

“အဘိုးတွေ့တယ်မလာ။ သမီး လိမ်နေတာ မဟုတ်ဘူး။ အနံ့နဲ့တင် အရသာ တော်‌တော်ရှိနေပြီ”

အဘိုးအိုသည်လည်း မွှေးရနံ့ကြောင့် ဖမ်းစားခံနေရပြီး ပြန်မငြင်းနိုင်ပေ။ သို့ရာတွင် သူက မျက်နှာပြောင်တိုက်ပြီး စိတ်ကြီးဝင်စွာ ပြောလိုက်သေးသည်၊

“ဒီဆိုင်က စျေးကြီးလွန်းတဲ့ အပြင် မင်း စိတ်ကြိုတ် အော်ဒါတင်လို့ မရဘူး။ အရသာ မကောင်းရင် သူတို့ရဲ့ စားသောက်ဆိုင် မျက်နှာပျက်မှာကို မကြောက်ဘူးလား”

ဒီစကားကို ကြားတော့ ဘေးနားမှာ ရှိနေသည့် စားပွဲထိုးလေးက စိတ်မဆိုးပဲ ခပ်ဖွဖွပြုံးကာ ပြောသည်၊ “မီးဖိုပေါ်မှာ တင်ထားဆဲ ကြက်မည်း တစ်ပိုင်းနဲ့စွပ်ပြုတ် ကျန်ပါသေးတယ်။ အဘိုးတို့မထွက်ခွာခင် အဘိုးတို့အတွက် ထုပ်ပိုးပေးဖို့ မန်နေဂျာက ကျွန်တော်တို့ကို မှာကြား ထားပြီးသားပါ။ ပြန်သွားတဲ့အခါ အဲ့တာကို ညွှန်ကြားချက် အတိုင်း သောက်သုံးပေးပါ။ အကျိုးအာနိသင် ထိရောက်မှု ရှိပါလိမ့်မယ်”

ကောင်မလေး၏ မျက်လုံးများမှာ တောက်ပသွားပြီး “ကျေးဇူးပါပဲ၊ အဘိုး သေချာသောက်အောင် ကျွန်မကိုယ်တိုင် ကြီးကြပ်ပေးပါ့မယ်” လို့ ကမန်းကတန်း ပြောလိုက်သည်။

စားပွဲထိုးက သူ့တာဝန်ပြီးတဲ့အခါ ထွက်သွားခဲ့သည်။ မြေးအဘိုး နှစ်ယောက်သား ဟင်းလျာတွေကို စားသောက်ဖို့ မစောင့်နိုင်ကြ‌တော့ဘူး။

တိုက်ဆိုင်စွာပင်၊ ဝမ့်ယန်၏ ဆေးဖက်ဝင် ဟင်းလျာတွေကလည်း တစ်ချိန်တည်းမှာပင် ရောက်ရှိ လာခဲ့သည်။ ဟင်းပွဲမျိုးစုံမှာ အရသာ မတူညီကြပေမယ့် ဟင်းပွဲများ၏ မွှေးရနံ့ သင်းကြိုင်တာကတော့ အတူတူပင်။

ဝမ့်ယန် လုံးဝ မစောင့်ဆိုင်းနိုင်။ သူသည် ရောက်‌ရောက်ချင်းမှာပင် တူကို ကောက်ကိုင်ပြီး သူ့ပါးစပ်ထဲသို့ အာလူးတစ်ပိုင်း ကောက်ထည့် ပစ်လိုက်သည်။

အာ... ဘယ်လိုတောင် မွှေးရပါသလဲ။

စားသောက်ဆိုင်၏ ထောင့်တိုင်းမှာ ဒီလိုတွေပါပဲ။ စပ်စုချင်တာမျိုး ဒါမှမဟုတ် သံသယဖြစ်နေတဲ့ သူတွေကလည်း ဟင်းလျာတွေကို စားသောက်ပြီးနောက် အစားအသောက်တွေကို စားသောက်ရတာ ပျော်မွေ့လာခဲ့ကြသည်။

စတိုးဆိုင် မန်နေဂျာ ယူ‌ဆောင် လာပေးသည့် ဧည့်သည် အားလုံး၏ အော်ဒါများကို စိစစ် အတည်ပြုပြီးနောက် သူ့ဦးလေး ခေါ်ဆောင်လာသည့် ဧည့်သည်စုံတွဲကို ကြိုဆိုဖို့ အချိန်ရခဲ့သည်။