ကျေးဇူးပြုပြီး အန်ကယ်လေးကို
အပ်စိုက်ပေးနိုင်မလား
ကုကျားမိန်သည် အပ်တွေကို မြင်လိုက်ရသည်နှင့်
တစ်ခါတည်း ငြင်းဆိုခဲ့သည်။ သို့သော် သူမ၏ ဝမ်းဗိုက်ဟာ အမှန်တကယ် အဆင်မပြေ သောကြောင့်
နောက်ဆုံးတွင် သူမဟာ ညှိနှိုင်းပြောဆိုရန် ရွေးချယ်ခဲ့သည်။
“ဒါက... တကယ် မနာဘူးလား”ကုကျားမိန်သည်
သူ့ခင်ပွန်းသည်၏ လက်ကို တင်းကျပ်စွာ ဆုပ်ထားရင်း သူမမျက်နှာဝယ် တုန်လှုပ် ချောက်ချားနေသည့်
အမူအရာတွေ ပြည့်နှက်နေခဲ့သည်။
“စိတ်မပူပါနဲ့။ ဒါက တကယ် မနာဘူး။
တကယ်လို့ မင်း ကြောက်တယ်ဆိုရင်၊ ကိုယ့်ပခုံးပေါ် မှီထားလိုက်။ ကိုယ် မင်းကို ကွယ်ပေးထားမယ်။
မင်း ဒါကို မမြင်ရဘူးဆိုရင် မင်း ကြောက်မှာ မဟုတ်ဘူး”ဖန်းဝေ့မင်ဟာ သူ့ဇနီးသည်၏ ခေါင်းလေးကို
ဆွဲယူပြီး သူမမျက်နှာကို သူ့ပခုံးပေါ်တွင် မျက်နှာအပ်စေသည်၊ သူမ အပ်စိုက်နေတာကို ကြည့်ခွင့်မပေးချေ။
စုယန်ယန်သည် သူတို့နှစ်ဦး၏ ရှိန်စရာကောင်းသည့်
ရန်သူတစ်ဦးနှင့် ထိပ်တိုက် ရင်ဆိုင်နေရသလို အသွင်သဏ္ဌာန်ကို ကြည့်ပြီး အနည်းငယ် ရယ်ချင်လာသလို
ခံစားလိုက်ရသည်။
အပ်စိုက်ကုထုံး အပ်စိုက်ရမည့်
အမှတ် တည်နေရာသည် ခြေချင်းဝတ် အထက် သုံးလက်မအကွာ ခြေသလုံးရိုး နောက်ကျောဘက်တွင် တည်ရှိသည်။
သာမန်လူများ အနေဖြင့် လူနာ၏
အပ်စိုက်အမှတ်ကို တိုင်းတာရန် လက်လေးချောင်း အသုံးပြုရန် လိုအပ်သော်လည်း စုယန်ယန်ကမူ
အကြည့်တစ်ချက်ဖြင့် ပြောနိုင်သည်။ ကုကျားမိန်က သူမခေါင်းကို လှည့်သွားတာနဲ့ စုယန်ယန်က
အပ်စိုက်လိုက်သည်။
အပ်စိုက်အမှတ်သို့ အပ်စိုက်ပြီး
စက္ကန့် အနည်းငယ် ကြာပြီးနောက် ကုကျားမိန်၏ အာရုံကြောတွေဟာ တဖြည်းဖြည်း ပြေလျော့ လာသည်။
“ဘယ်လိုနေလဲ။ မသက်မသာ ဖြစ်သလို
ခံစားရတုန်းလား”
ကုကျားမိန်က သူမ၏ ဝမ်းဗိုက်ကို
မသိစိတ်အရ ပွတ်သပ် လိုက်မိသည်။ “ဒါက... ထင်သလောက် မနာပါဘူး”
စုယန်ယန်သည် နောက်ထပ် အပ်နှစ်ချောင်းကို
ထပ်စိုက်လိုက်ပြီး မိနစ်အနည်းငယ် အကြာမှာ ကုကျားမိန်၏ မျက်နှာဟာ အရင်လို ဖြူဖျော့ မနေတော့ပဲ
သွေးရောင်ပြန်သန်း လာခဲ့သည်။
“နည်းနည်းလောက် နာနေသေးလား”
“သိပ်မနာတော့ဘူး”ကုကျားမိန်က
စုယန်ယန်ကို စိတ်အားထက်သန်စွာ စိုက်ကြည့် လိုက်သည်။
စုယန်ယန်သည် ယခင်က လူနှစ်ဦးကို
အပ်စိုက်ကုထုံးဖြင့် ကုသပေးဖူးပြီး ဖြစ်သည်။ တစ်ယောက်က နျဉ်ချီလွေ့ဖြစ်ပြီး နောက်တစ်ယောက်က
ဖန်းဝေ့မင် ဖြစ်သည်။ သူတို့နှစ်ဦး စလုံးဟာ နာတာရှည် ဝေဒနာများကို ဖွင့်ထုတ်ပြီး အကျိုးသက်ရောက်မှုများ
မထင်ရှားခင် ကုသမှု အနည်းငယ် ခံယူဖို့ လိုအပ်ပါသေးသည်။ စမ်းသပ် ကိရိယာများ မပါဝင်ပဲ
သူတို့၏ ကုသနေချိန်အတွင်း အပြောင်းအလဲများကို အကဲဖြတ် နိုင်လိမ့်မည် မဟုတ်ပေ။
အလုံးစုံ ပျောက်ကင်းရန် ကုသမှု
တစ်ခုတည်းသာ လိုအပ်သော ကုကျားမိန်ကတော့ လုံးဝ အရှင်းပျောက်ကင်း သွားခဲ့သည်။ ထိုသို့သော
အကြောင်းရင်းကြောင့် မူလက သူမ၏ အရည်အချင်းကို သံသယ ဝင်နေသူများကို အရမ်းအံ့အားသင့်
သွားစေသည်။
စုယန်ယန်သည် သူမ နှာခေါင်းလေးကို
အသာထိကာ ပြုံးလိုက်သည်။ “ဒါက ယာယီပါပဲ။ အန်တီက ဆေးဖက်ဝင် ဟင်းပွဲတွေ စားဖို့ လိုအပ်နေသေးတယ်။
ကျွန်မ မီးဖိုချောင်မှာ ခဏနေရင် ဟင်းချက် ပေးပါ့မယ်။ အန်တီတို့ နှစ်ယောက်လုံး စားရမှာ။
အကျိုးသက်ရောက်မှု မြန်မြန်မြင်ရအောင် ရက်အနည်းငယ်လောက် ဆက်တိုက် စားပေးပါ။ အပ်စိုက်ကုထုံးနဲ့
တွဲဖက် သုံးစွဲရမယ့် ဆေးညွှန်းနဲ့ ပမာဏကို သင့်လျော်အောင် ချိန်ညှိပေးလိုက်မယ်။ သမီးမှာ
လုပ်စရာ အလုပ်တွေ အများကြီး ရှိနေလို့၊ အန်တီတို့က သမီးပေးထားတဲ့ ဟင်းလျာတွေကို အချိန်မှန်
စားပေးရမယ်နော်”
“ကောင်းပါပြီ၊ ကောင်းပါပြီ။
အန်တီတို့က ဆရာဝန်မလေးရဲ့ အမိန့်ကို နာခံပြီး သမီးနဲ့ ပူးပေါင်း ဆောင်ရွက်ပေးမှာပါ”စုယန်ယန်ကို
ကြည့်သည့် ကုကျားမိန်၏ အကြည့်က လုံးဝ ပြောင်းလဲသွားသည်။ သူမရှေ့က ဒီမိန်းကလေးက သူမတို့
စုံတွဲအတွက် အလှည့်အပြောင်း တစ်ခုကို ဆောင်ယူ ပေးနိုင်တယ်လို့ သူမ ခံစားခဲ့ရသည်။
သူတို့နှစ်ယောက် ပြန်လိုက်ပို့
ပေးပြီးနောက် စုယန်ယန်သည် သက်ပြင်း တစ်ချက်ချကာ စောင့်ကြည့်မှု မှတ်တမ်းကို စစ်ဆေး
ကြည့်ရှုခဲ့သည်။
သူတို့နှစ်ယောက် ပြန်လိုက်ပို့ပြီး
ပြန်လာသည့် ချိန်ကျွင်းဟောက်က စုယန်ယန်ကို တလက်လက် တောက်ပနေသည့် မျက်လုံးတွေဖြင့် ကြည့်နေခဲ့သည်။
စုယန်ယန်က သူ့ကို တွေ့လိုက်တော့
အံ့သြသွားသည်။ “အန်ကယ်လေး၊ ဘာဖြစ်လို့ ပြန်လာတာလဲ။ အန်ကယ်ဖန်းနဲ့ ကျန်တဲ့သူတွေကို နှုတ်ဆက်ဖို့
မလိုအပ်ဘူးလား”
“အဆင်ပြေတယ်၊ မလိုအပ်ဘူး။ အန်ကယ်လေးတို့
အဖွဲ့ထဲက တခြားလူနာတွေကို ကုသမှု ရလဒ်တွေ မျှဝေပေးရင်း အလုပ်ရှုပ်နေတယ်၊ သူတို့ အန်ကယ်လေးကို
မလိုအပ်ဘူး”
စုယန်ယန် တစ်ယောက် ပြောစရာစကား
ပျောက်ရှ သွားသည်။ သူမသည် ကုသမှု ရလဒ်များကိုတောင်မှ သေချာ ရှင်းပြခဲ့သည်။ အနာဂတ်မှာ
ကလေးလိုချင်သူတွေ ပိုများ လာလိမ့်မယ်လို့ သူမ ခံစားခဲ့ရသည်။ ကလေးရအောင် ကုသပေးနိုင်မည့်
လမ်းကို လျှောက်ရတော့မှာလား။
ချိန်ကျွင်းဟောက်က ဒီလိုပြောနေရာမှ
ခဏရပ်ပြီး “ယန်ယန်၊ ဒီအပ်တွေက စိုက်တဲ့အခါ တကယ် မနာဘူးလား”လို့ တုံ့ဆိုင်းစွာ မေးသည်။
စုယန်ယန်က သူ့ကို သံသယ အကြည့်ဖြင့်
လှမ်းကြည့် လိုက်သည်၊ “အန်ကယ်လေးက ဘာဖြစ်လို့ ဒီလို မေးရတာလဲ”
“အန်ကယ်လေး မေးချင်တာက၊ သိပ်မကြာသေးခင်ကမှ
အန်ကယ်လေးရဲ့ ဗိုက်အခြေအနေ သိပ်မကောင်းဘူး။ အဲ့တာနဲ့ ကုသရင် သက်သာနိုင်မလား”
စုယန်ယန် “...”
ချိန်ကျွင်းဟောက်သည် သူမ တိတ်ဆိတ်နေတာကို
မြင်တော့ အစမ်းသဘောဖြင့် ထပ်မေးသည်၊ “... အန်ကယ်လေးကို အပ်စိုက်ပေးလို့ ရနိုင်မလား”
“... ဒါပေါ့”
“အဲ့တာဆို...”
“သမီး အန်ကယ်လေးကို အခုချက်ချင်း
အပ်စိုက်ပေးမယ်”
ဒါက ဗိုက်အောင့်ဗိုက်နာ ဖြစ်နေရုံပဲ
မဟုတ်ပါဘား။ သူမကို တောင်းဆိုတဲ့ သူရှိရင် သူမ တစ်ခါတည်း အပ်စိုက် ပေးလိုက်တာပေါ့။
***