အပိုင်း ၂၃၉
Viewers 1k

အခန်း (၂၃၉)

အပ်တစ်ချောင်းက လှည့်ကွက်တစ်ခု လုပ်နိုင်တယ်

“ကောင်းပြီ၊ ခဏနေရင် ထလို့ရပြီ”

စုယန်ယန် ထိုသို့ ပြောလိုက်သည်နှင့် ကုကျားမိန်ဟာ သူ့ခင်ပွန်းသည်ထံ အလျင်စလို ပြေးသွားခဲ့ပြီး စိုးရိမ်တကြီး မေးမြန်းသည်၊ “ဘယ်လိုနေလဲ။ ရှင် နေရထိုင်ရ မကောင်းဘူးလား”

ဖန်းဝေ့မင်၏ မျက်နှာပေါ်တွင် အနည်းငယ် ထူးဆန်းနေသော အရိပ်အယောင် တစ်ခု ရှိသည်။

“ကိုယ် မသက်မသာ မခံစားရပါဘူး။ အပ်စိုက်ကုထုံး လုပ်ပြီးတော့... ကိုယ် နည်းနည်းလေး ပူသလို ခံစားနေရလို့ပါ”

“ပူတာက ပုံမှန်ပါပဲ။ စကားမစပ်၊ ဦးလေးရဲ့ လက်ရှိအခြေအနေပေါ် မူတည်ပြီး အနည်းဆုံး နှစ်ဝက်လောက် ကုသမှုခံယူဖို့ လိုအပ်လိမ့်မယ်။ ဒီအတောအတွင်း၊ ဦးလေး အရက်သေစာ သောက်စားတာမျိုး လျှော့ချသင့်တယ်၊ ဖြစ်နိုင်ရင် မသောက်တာ အကောင်းဆုံးပဲ”

ဖန်းဝေ့မင်းဟာ အနည်းငယ် ကြက်သေ သေသွားသည်။ သူက အလျင်စလို ပြောသည်၊ “ဦးလေး မသောက်တာ ကြာပါပြီ”

ဒီခေတ်မှာ လူများ၏ အချက်အပြုတ် လက်ရာတွေက အတော်လေး ယိုယွင်း လာခဲ့ပေမယ့် ဝိုင်ယဉ်ကျေးမှုကတော့ မမျှော်လင့်ပဲ ဆက်လက် အဓွန့်ရှည် နေသေးသည်။ ဒါက လူမှုဆက်ဆံရေး နယ်ပယ်မှာ အရမ်းကောင်းတဲ့ လက်နက်တစ်ခု ဖြစ်နေဆဲပါပဲ။

ဖန်းဝေ့မင်က ငယ်စဉ်က အရက်သေစာ သောက်စားရတာကို ကြိုက်နှစ်သက်သည်။ ထို့အပြင် သူက သူ့အသက်မွေးဝမ်းကြောင်းကို အစကနေ စတင်ခဲ့ရတာ ဖြစ်သည်။ ထို့ကြောင့် သူသည် အလုပ်တွင် အဆင်ပြေ ချောမွေ့စေရန် သူ့ဖောက်သည်များ နှင့်အတူ အရက်သေစာ သောက်စားပေးရသည်။

သူက အသက်ကြီးလာ၍ ကလေး လိုချင်သော အခါတွင်မူ သူ့ သုတ်ပိုး ချို့တဲ့နေသည့် ရောဂါဝေဒနာအား ခံစားနေရသည်ကို ရှာတွေ့ခဲ့ရသည်။ စုယန်ယန်ကလည်း သူ့အဖို့ ကလေးရရှိဖို့ ခက်ခဲတယ်လို့ ဆိုပါသည်။

ဒီရောဂါဖြစ်ရတဲ့ အကြောင်းရင်းတွေထဲက တစ်ခုကတော့ ငယ်ရွယ်စဉ် အချိန်က အရက်သေစာ အလွန်အကျွံ သောက်စားခြင်းကြောင့် ဖြစ်လေသည်။

ဖန်းဝေ့မင်သည် အတိတ်က သူလုပ်ခဲ့သမျှ အရာအားလုံးကို နောင်တရခဲ့သည်။ ထိုအချိန်မှစ၍ ယခုအချိန်အထိ အရက်သေစာကို လုံးဝ မသောက်သုံးတော့ဘူး။

“အဲ့တာ ဆက်ထိန်းထားပါ။ အဲ့တာကလွဲလို့၊ အဟွတ်... အဟွတ်၊ နောက်လာမယ့် ခြောက်လအထိ၊ ဦးလေးတို့နှစ်ယောက်... လိင်ဆက်ဆံလို့ မရဘူး။ မထိန်းထားနိုင်ဘူးဆိုရင် ကွန်ဒုံးသုံးဖို့ သတိရပါ”

သူတို့နှစ်ယောက်စလုံး စုယန်ယန်၏ စကားကြောင့် ရှက်ရွံ့သွားကြသည်။

“ဒါက နှစ်ဝက်လေးတင်ပါ။ ငါတို့နှစ်ယောက်စလုံး ဒီလောက် အလျင်လိုနေတာ မဟုတ်ဘူး”

စုယန်ယန်က ပြုံးရယ်ရင်း “နည်းလမ်းတကျ ပြောရရင်၊ ဦးလေးတို့ နှစ်ယောက်က လင်မယားတွေ ဖြစ်နေလို့ ဒီလို ပြုလုပ်တာက သဘာဝပါပဲ။ ဒါပေမယ့် လက်ရှိ ဆရာဝန် တစ်ပိုင်းအနေနဲ့ ဒီတားမြစ်ချက်တွေကို ပြောပြဖို့ သမီးမှာ တာဝန်ရှိနေတယ်”

စုယန်ယန်၏ စကားကြောင့် သူတို့နှစ်ယောက်လုံး ရှက်ရွံ့ သွားပြန်သည်။ ချိန်ကျွင်းဟောက်သည်လည်း အနည်းငယ် အံ့အားသင့် သွားသည်။ သူက အပြစ်ကင်းစင်စွာ ပြုံးနေသော သူ့တူမလေးကို ကြည့်လိုက်ရာ သာမန်အားဖြင့် သူ့၏နာခံမှုရှိတဲ့ တူမလေး၏ တစ်ဖက်ခြမ်းဟာ “နတ်ဆိုးလေး” ဖြစ်ကြောင်း သူ ပထမဆုံးအကြိမ် နားလည် သဘောပေါက် လိုက်သည်။

စုယန်ယန်သည် ကုကျားမိန်၏ ဖြူဖျော့သော မျက်နှာကို မြင်လိုက်ရသောအခါ စားပွဲပေါ်ရှိ ပစ္စည်းများကို တွန်းဖယ်လိုက်သည်။ ကုကျားမိန်သည် မသိစိတ်အရ သူမလက်တွေဖြင့် သူမ၏ ဝမ်းဗိုက်လေးကို အသာဖုံးအုပ် လိုက်သည်။ သူမ မျက်ဝန်းတွေက တလက်လက် တောက်ပနေပြီး “အန်တီကု၊ ဗိုက်အောင့်ဗိုက်နာ ဖြစ်နေတာလား”

ကုကျားမိန်က ကြက်သေ သေသွားသည်၊ စုယန်ယန်က ဒါကို သတိပြုမိမယ်လို့ သူမ မမျှော်လင့် ထားခဲ့ပေ။

တစ်ခဏတာမျှ တိတ်ဆိတ် သွားပြီးနောက် အနည်းငယ် ရှက်ရွံ့မပြေစွာ ပြောလိုက်သည်၊ “ဒါက ဖြစ်နေကျပါ။ လတိုင်း ဒီလိုရက်တွေဆို အမြဲတမ်း နာကျင်နေတတ်တယ်။ အဆင်ပြေပါတယ်”

စုယန်ယန်၏ မျက်ဝန်းလေးတွေက နားလည် သဘောပေါက် သွားဟန်ရသည်။ သားအိမ် အေးစက်နေသည့် အမျိုးသမီး တစ်ယောက်၏ ကိုယ်လက် နာကျင်ကိုက်ခဲမှုက သာမန် အမျိုးသမီးတွေထက် ပိုပြင်းထန်ပါသည်။

ဖန်းဝေ့မင်က သူ့ဇနီးသည၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားသည်။ သူ့မျက်ဝန်းဝယ် ပူပန်မှုများဖြင့် ပြည့်နှက်နေသည်။

လစဉ်လတိုင်း သူ့ဇနီးသည် နာကျင် ကိုက်ခဲတတ်ကြောင်း သူ သိသည်။ ဒီကို မလာခင်မှာ သူ အနည်းငယ် ချီတုံချတုံ ဖြစ်ကာ သူမ သက်သာလာသည်အထိ ရက်အနည်းငယ်လောက် စောင့်လိုခဲ့သည်။

ဒါပေမယ့် ကုကျားမိန်က ကြာကြာ မစောင့်နိုင်ပဲ သွားကြဖို့ တွန်းအားပေးခဲ့သည်။

“ခယ်မလေးက ဇီဝကမ္မနာကျင်မှု ခံစားနေရတာလား” ချိန်ကျွင်းဟောက်က သူတို့ အပြန်အလှန် ပြောနေတာကို ကြားလိုက်သော အခါတွင် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ “ငါ မှတ်မိတာ မမှားရင် ယန်ယန်ရဲ့ စားသောက်ဆိုင်မှာ လူနာတွေကို ကုသပေးဖို့ ဆေးဖက်ဝင် ဟင်းလျာတွေရှိတယ်...”

ဖန်းဝေ့မင်တို့ ဇနီးမောင်နှံက စုယန်ယန်ကို မျှော်လင့်တကြီး ကြည့်နေကြသည်။

“ဒါပေမယ့် ရှေ့မှာ လူအများကြီး ရှိနေတော့ ချက်ချင်း လုပ်မပေးနိုင်မှာကို သမီး စိုးရိမ်တယ်။ အခုချက်ချင်း ချက်ပြုတ်ရင်‌တောင် အနည်းဆုံး တစ်နာရီလောက်တော့ ကြာလိမ့်မယ်”

စုယန်ယန်၏ စကားကြောင့် ကုကျားမိန်၏ မျက်ဝန်းထဲမှ အလင်းလေးဟာ တဖြည်းဖြည်း မှိန်ဖျော့သွားသည်။ မမျှော်လင့်ထားတာက စုယန်ယန် ဆက်ပြောသည်မှာ “ဒါပေမယ့် တခြားနည်းလမ်း မရှိတာတော့ မဟုတ်ဘူး။ အန်တီကု စိတ်မရှိရင်၊ သမီး အပ်စိုက် ကုသပေးနိုင်တယ်။ အပ်တစ်ချောင်း စိုက်လိုက်တာနဲ့ ချက်ချင်း အကျိုးထိရောက်မှု ရှိလိမ့်မယ်လို့ သမီး ကတိပေးတယ်”

စုယန်ယန်က အပြစ်ကင်းစင်စွာ မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်ပြီး သူမရှေ့မှာ အပ်ရှည်ကို ဝှေ့ယမ်း ပြလိုက်သည်။

ကုကျားမိန် “...”

***