အပ်စိုက်ကုသဖို့ လိုအပ်တယ်
“ကုသလို့ ဖြစ်တယ်၊ ဒါပေမယ့်
ကုသဖို့ အချိန်ကြာမြင့် လိမ့်မယ်။ ဒါ့အပြင် ဦးလေးတို့က အသက်ကြီးနေပြီ ဖြစ်လို့ နောက်ဆုံး
ထွက်ရှိလာမယ့် ရလဒ်ကို သမီး ကျိန်းသေ အာမခံပေးလို့ မရဘူး”
စုယန်ယန်က ဒါကို ကုသပေးနိုင်သည်ဟု
ကြားလိုက် ရသောအခါတွင် ဖန်းဝေ့မင်က ပို၍ပင် စိတ်လှုပ်ရှား သွားသည်။
“အဆင်ပြေတယ်။ ကုသနိုင်မယ့် အခွင့်အလမ်း
ရှိသရွေ့ အချိန် ဘယ်လောက်ပဲ ကြာကြာ ပူးပေါင်း ဆောင်ရွက်ပေးဖို့ ဆန္ဒရှိတယ်။ အခွင့်အရေးက
တစ်သောင်းမှာ တစ်ကြိမ်ပဲ ရှိရင်တောင် ဦးလေးတို့ ကြိုးစားကြည့်ချင်သေးတယ်”
ကုကျားမိန်ကပါ ဝင်ပြောသည်၊
“ဟုတ်တယ်၊ မျှော်လင့်ချက် ရှိနေသရွေ့ အန်တီတို့ အပြည့်အဝ ပူးပေါင်း ဆောင်ရွက်ပေးမှာပါ”
ဒီလူတွေက အတူတကွ ပေါင်းစည်းမိတာက
ပထမအချက်မှာ သူတို့ဟာ လှေတစ်စင်းတည်းတွင် အတူရှိနေကြပြီး၊ ဒုတိယအချက်မှာ သူတို့၏ မိသားစု
နောက်ခံတွေက တူညီကြပြီး သူတို့ စိတ်နေစိတ်ထားနှင့် အကျင့်စရိုက်တွေက အကုန်လုံး ကောင်းမွန်ကြသည်။
သူတို့က တစ်ယောက်အပေါ် တစ်ယောက်
ခံစားချက် နက်နဲကြသည်။ တကယ်လို့ သူတို့မှာ ကလေးမရဘူး ဆိုရင်တောင် တခြားအမျိုးသား ဒါမှမဟုတ်
အမျိုးသမီးတွေနဲ့ ကလေးမယူချင်ကြဘူး။
ဒါပေမယ့် သူတို့သည် သူတို့၏
နက်နဲတဲ့ ဆက်ဆံရေးနှင့် နှောင်ကြိုးကြောင့် ဖြစ်တည်လာမည့် သူတို့ ကိုယ်ပိုင် ရင်သွေးကိုတော့
လိုချင်ကြသည်။
နှစ်တွေ ကြာလာတာ နဲ့အမျှ သူတို့၏
ဆွေမျိုးမိတ် သင်္ဂဟတွေနဲ့ မျိုးဆက်သစ် လူငယ်တွေတောင် ချစ်စရာကောင်းတဲ့ သားသမီးတွေ
တစ်ယောက်ပြီးတစ်ယောက် မွေးဖွားလာတာကို မြင်ရတော့ သူတို့နှစ်ယောက်စလုံး အနည်းငယ် မနာလိုဖြစ်ကာ
ဝမ်းနည်း နာကျင်မိသည်။
သူတို့၏ ကျန်ရှိနေသေးတဲ့ ဘဝကို
ဒီလိုသာ ဆက်လက် ဖြတ်သန်းရမယ်လို့ သူတို့ ထင်ခဲ့ကြပေမယ့် ရုတ်တရက် အပြောင်းအလဲတစ်ခု
တွေ့ကြုံရလိမ့်မယ်လို့ ဘယ်သူ ထင်ထားမှာလဲ။ သူတို့ ဘယ်လိုလုပ်ပြီး စိတ်မလှုပ်ရှားပဲ
နေမှာတဲ့လဲ။
“အဲ့လိုဆို ကောင်းပြီ။ ဦးလေးတို့
ဒီလို ပြောတယ် ဆိုကတည်းက သမီး ဦးလေးကို ကုသပေးမယ်။ အန်တီကုရဲ့ ဘက်ကတော့ အတော်လေး ရိုးရှင်းပါတယ်။
အန်တီရဲ့ အဓိကပြဿနာက သားအိမ် အေးစက်တာပဲ။ အန်တီရဲ့ ခန္ဓာကိုယ်ကို အားဖြည့်ပေးဖို့ အတွက်
ဆေးဖက်ဝင် အစားအစာတွေ များများ စားပေးဖို့ လိုအပ်တယ်။ ဒီလိုမှ မဟုတ်ရင်၊ နောက်အခါမှာ
ကိုယ်ဝန် ရခဲ့ရင်တောင် ကိုယ်ဝန်မြဲဖို့ ခက်ခဲလိမ့်မယ်”
ဒါကိုကြားတော့ ကုကျားမိန်၏ မျက်နှာဟာ
ဖြူဖျော့သွားသည်။ သူမက မသိစိတ်အရ သူမခင်ပွန်းသည်၏ လက်ကို တင်းကျပ်စွာ ဆုပ်ကိုင် ထားမိသည်။
သူမ၏ ခင်ပွန်းသည်က သူမလက်ကို ပြန်လည် ဆုပ်ကိုင်ပေးပြီး သူမလက်ကို နှစ်သိမ့် ပေးလိုဟန်
အသာအယာ ပုတ်ပေးလိုက်သည်။
“ဦးလေးဖန်းကတော့ ဆေးဖက်ဝင် ဟင်းလျာ
တစ်မျိုးတည်းကို အားကိုးလို့ မရဘူး။ ဦးလေး အပ်စိုက်ကုထုံးနဲ့ ကုသဖို့ကိုလည်း လိုအပ်တယ်”
“အပ်စိုက်ကုထုံးလား”
စုယန်ယန်က ပြုံးပြီး သူမနှင့်
တစ်ပါတည်း ဆောင်ထားခဲ့သည့် အပ်စိုက်ကုထုံး အပ်အိတ်ကို တည်ငြိမ်စွာ ထုတ်ယူလိုက်သည်။
သူတို့၏ မျက်နှာအမူအရာက ချက်ချင်း
ပြောင်းလဲသွားသည်။ ကုကျားမိန်၏ မျက်နှာဟာ ပို၍ပင် ဖြူဖျော့လို့ သွားသေးသည်။ သူမက ခက်ခက်ခဲခဲ
မေးလိုက်မိသည်၊ “ဒါက... အပ်ချောင်း အရှည်ကြီး တစ်ချောင်းပဲ မဟုတ်လား၊ ဒါကို အဘိုးကြီးဖန်းရဲ့
ခန္ဓာကိုယ်ကို ထိုးစိုက် ထည့်မှာလား”
“ဟုတ်တယ်၊ ဒါပေမယ့် စိတ်မပူပါနဲ့။
ဒီအပ်ချောင်းတွေက လူ့ခန္ဓာကိုယ်ရဲ့ အပ်စိုက် အမှတ်နေရာတွေကိုပဲ အပ်စိုက်မှာပါ။ သမီးလက်တွေက
တည်ငြိမ်ပါတယ်၊ ဒါ့ကြောင့် သူတို့က ဦးလေးဖန်းရဲ့ ခန္ဓာကိုယ်ကို မထိခိုက်စေပါဘူး”
စုယန်ယန်သည် လွန်ခဲ့သော လဝက်က
ထိုစကားကို မပြောရဲခဲ့ပေ။ မကြာသေးမီက သူမသည် နျဉ်ချီလွေ့ကို အကြိမ်ပေါင်း များစွာ အပ်စိုက်ကုသ
ပေးခဲ့ဖူးသောကြောင့် ယခုအခါတွင် သူမမှာ ယုံကြည်မှု ပိုရှိလာခဲ့သည်။
လဝက်အတွင်း အကြိမ်ပေါင်း များစွာ
အပ်စိုက်ခံခဲ့ရသော သခင်လေးနျဉ် “...” မင်းက ငါ့ကို အစမ်းသပ်ခံ ဝက်တစ်ကောင်အဖြစ် သုံးနေတဲ့အချိန်မှာ
မင်း ကိုယ့်ကိုယ်ကိုယ် ဖြောင့်မတ် မှန်ကန်တယ်လို့ အမေးစကား မဆိုမိဘူးလား။
“ဒါပေမယ့်...” ကုကျားမိန်ကတော့
စိုးရိမ်နေတုန်းပါပဲ။ သူမက တစ်ခုခု ပြောချင်သော်လည်း သူမခင်ပွန်းသည်က သူမကို တားမြစ်လိုက်သည်။
“ယန်ယန်က ဒီလို ပြောကတည်းက ဒီအတွက်
သူမ ယုံကြည်မှုရှိနေလို့ပဲ။ သူမကို ယုံကြည်ပြီး စမ်းကြည့်ရအောင်”
ကုကျားမိန်သည် သူမပါးစပ်ကို
ဖွင့်ဟမိသော်လည်း ဘာမှ မပြောတော့ပေ။
စုယန်ယန်သည် သူတို့နှစ်ဦး ဆွေးနွေးမှု
အပြီးတွင် သူမ၏ ပြင်ဆင်နေမှုတွေကလည်း ပြီးဆုံးလုနီးပါး ဖြစ်နေခဲ့ပြီ။
သူမသည် လွန်ခဲ့သော လဝက်ခန့်ကလို
အပ်စိုက် အမှတ်မှားထိုးပြီး သွေးထွက်စေသည့် အသစ်ကလေး မဟုတ်တော့ပါ။ ယခုအခါ သူမသည် လက်ငြိမ်ပြီး
မြန်ဆန်နေပြီ။
တစ်ခဏ အတွင်းမှာပင် သူမသည် အပ်ချောင်းတွေကို
မင်းမန်၊ နာဖေးလိရှန်းရှန့်သဲ့စုန့်ဝူနှင့် အခြားသော အပ်စိုက်မှတ်များကို စိုက်လိုက်ပြီး
ဘေးမှာ ကြည့်နေသည့် နှစ်ယောက်မှာတော့ မျက်နှာတွေ ဖြူဖျော့သွားကြသည်။
အထူးသဖြင့် ကုကျားမိန်၏ မျက်နှာဟာ
ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့သည်။ သူမသည် အကြိမ်ပေါင်းများစွာ တစ်ခုခု ပြောချင်နေသော်လည်း
သူမ၏ စကားတွေကို စုယန်ယန်ကို အနှောင့်အယှက် ပေးမိသလိုဖြစ်ပြီး သူမ ခင်ပွန်းသည်ကို ထိခိုက်သွားစေမှာကို
သူမ ကြောက်ရွံ့မိသည်။
ရှုပ်ထွေးသော အပ်စိုက် ကုထုံးနှင့်အတူ
အိုက်ကျို့မော့ကျူ ကုသမှုကိုပါ ပေါင်းစပ် အသုံးပြုရသည့် လုပ်ငန်းစဉ်သည် တစ်နာရီခန့်သာ
ကြာမြင့်ပေမယ့် အခန်းအတွင်းရှိ လူများ၏ အမြင်မှာတော့ နှစ်အနည်းငယ် ကြာမြင့်သလို ခံစားရသည်။
စုယန်ယန်သည် နောက်ဆုံး အပ်ချောင်းကို
ဖယ်ပြီးသော အခါတွင် သူမ၏ နဖူးဝယ် ချွေးစက်များပင် သီးနေခဲ့လေပြီ။
***