အပိုင်း ၂၄၂
Viewers 1k

အခန်း (၂၄၂)

ထိပ်တန်း ပရိသတ်ကောင်လေး

စုယန်ယန်က နှင်းဆီ ရေနွေးကြမ်းကို သောက်ပြီး ပေါ့ပေါ့ပါးပါး မေးသည်။

“ဘာဖြစ်လို့ ဒီလို ထင်ရတာလဲ။ တိုက်ရိုက် ထုတ်လွှင့်မှု အခန်းမှာ ကြည့်ရှုသူ အများကြီး ရှိလား”

“အများကြီး၊ အများကြီးပဲ ရှိတယ်။ ဒီစားသောက်ဆိုင်ပိုင်ရှင်၊ တင်ဆက်သူက ဘယ်လောက် အံ့သြဖို့ ကောင်းလဲ ဆိုတာ မင်း မသိပါဘူး။ သူမက ဒီကမ္ဘာပေါ်မှာ အကြင်နာဆုံးနဲ့ အနူးညံ့ဆုံးသူပဲ။ သူမမှာ ထူးဆန်းအံ့ဖွယ် ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေ ပိုင်ဆိုင်ထားပေမယ့် သူမက သုတေသနဌာနကို ကိုယ်ကျိုးမဖက် လှူဒါန်းခဲ့တယ်။ သူမရဲ့ တိုက်ရိုက် ထုတ်လွှင့်မှုမှာ သူမ ချက်ပြုတ်ပြသတဲ့ ဆေးဖက်ဝင် ဟင်းလျာတွေကို မကြာခဏဆိုသလို ကံစမ်းမဲ ဖောက်ပေးသေးတယ်။ သူမက ဒီစားသောက်ဆိုင်ကို ကြည့်ရှုသူတွေရဲ့ အမျိုးမျိုးသော ရောဂါဝေဒနာတွေအတွက် ရှေးရှုပြီးတော့ ဖွင့်လှစ်ပေးခဲ့တာ...”

သူ သဘောအကျဆုံး တင်ဆက်သူ အကြောင်း ပြောလိုက်တာနဲ့ လန်ကျားယီဟာ ချက်ချင်း ဆိုသလို ကောင်လေး ပရိသတ်အသွင် ပြောင်းသွားခဲ့သည်။ သူက စုယန်ယန် အကြောင်း မိနစ် အနည်းငယ်လောက် ကြာအောင် ဆက်တိုက် ကြွားလုံး ထုတ်နေခဲ့သည်။

စုယန်ယန်ရဲ့ မျက်နှာ အမူအရာသည် စူးစမ်းသည့် အသွင်မှသည် ရှက်ကိုးရှက်ကန်း အသွင်သို့ ပြောင်းသွားခဲ့သည်။ သူမသည် လန်ကျားယီ‌ ပြောပြသလောက် ‌ကောင်းမြတ်နေတာ မဟုတ်ဘူး။

တိုက်ရိုက် ထုတ်လွှင့်ခြင်းရဲ့ မူလ ရည်ရွယ်ချက်မှာ သူမ လိုချင်သည့် ရမှတ်တွေ တိုးမြှင့်နိုင်ရန်နှင့် ဟောက်ချန်ဟွမ်းရဲ့ ခြေထောက်ကို ကုသပေးနိုင်ဖို့ သူမရဲ့ ကျွမ်းကျင်မှု ရမှတ်များကို စတင်ရရှိဖို့ပင် ဖြစ်သည်။

မျိုးစေ့တွေကို သုတေသနဌာနသို့ လွှဲပြောင်းပေးရန် ‌ရွေးချယ် လိုက်သည့် အကြောင်းရင်းမှာ ပထမ အနေဖြင့် သူမကိုယ်တိုင်နှင့် သူမ မိသားစုအတွက် အကာအကွယ် ရယူလိုခြင်းကြောင့် ဖြစ်ကာ ဒုတိယအချက် အနေဖြင့် ကြည့်ရှုသူတွေက သူတို့ အရင်က တစ်ခါမှ မတွေ့ဖူးသော လူတစ်ယောက် အတွက် ကာကွယ်ပေးရန် အကောင်းဆုံး ကြိုးစားနေတယ်လို့ ခံစားရသောကြောင့် ဖြစ်သည်။

ဒါက သူမ ဒီစားသောက်ဆိုင်ကို ဖွင့်လှစ်လိုခြင်း၏ အဓိက အကြောင်းရင်း ဖြစ်သည့်အပြင် သူမနှင့် ဟောက်ချန်ဟွမ်းတို့ နှစ်ဦးစလုံး ယခင်ဘဝတုန်းက ဒီကမ္ဘာပေါ်မှာ ကြုံတွေ့ခဲ့ရသော မကောင်းမှုများကြောင့်လည်း ပါဝင်သည်။

ဤဘဝတွင် သူမတို့အပေါ် ကောင်းပေးသော အခြားသူတွေရဲ့ ကြင်နာမှုကို ခံစားမိပါက သူမရဲ့ မသိစိတ်အရ စိတ်နှလုံးသား ပျော့ပျောင်း သွားခဲ့ကာ သူတို့အတွက် တစ်ခုခု ပြန်လုပ်ပေးချင်ခဲ့သည်။

ဒါတောင်မှ မျိုးစေ့ပဲဖြစ်ဖြစ် ဒီစားသောက်ဆိုင်ပဲ ဖြစ်ဖြစ် အခကြေးငွေ ရရှိခဲ့တာဖြစ်ပြီး သူမသည် ဒီလိုလုပ်ခဲ့တဲ့အတွက် ကျေးဇူး တင်ထိုက်တယ်လို့ မခံစားခဲ့ရဘူး။

လန်ကျားယီက ခေါင်းငုံ့ပြီး စားပွဲပေါ်ရှိ မီနူးစာအုပ်ကို ကြည့်လိုက်သည်။ သူက ပြုံးပြီး ပြောလိုက်သည်၊

“ကျွန်တော် ဒါကို သေသေချာချာ ကြည့်ထားတာ။ ဒီစားသောက်ဆိုင်ရဲ့ ဆေးဖက်ဝင် ဟင်းလျာ စျေးနှုန်းတွေက အဆင့်မြင့် စားသောက်ဆိုင်တွေထက် အနည်းငယ် ပိုမြင့်မားပေမယ့် ဒီတန်ဖိုးငွေ ပမာဏက တကယ်တမ်းကျ ဆေးဖက်ဝင် ဟင်းလျာတွေရဲ့ တန်ဖိုးထက် ပိုနည်းတယ်”

“တင်ဆက်သူက ဒီဟင်းလျာတွေကို ရောဂါဝေဒနာ ခံစားနေရတဲ့ သူဌေးသူကြွယ်တွေဆီ တိုက်ရိုက် ရောင်းချနိုင်တယ် ဒါမှမဟုတ် သူမ ဒါကို အွန်လိုင်းပေါ်မှ စျေးကြီးကြီးနဲ့ ရောင်းချနိုင်တယ်၊ ဒါပေမယ့် သူမက အဲ့ဒီလို မလုပ်ခဲ့ဘူး။ သူမက တကယ့်ကို လူကောင်း တစ်ယောက်ပါပဲ”

လန်ကျားယီသည် ကြယ်ပွင့်တွေ နောက်သို့ လိုက်ပါသော အစစ်အမှန် ပရိသတ် တစ်ဦးနှင့် တူသည်။ သူက သူနှင့် တွေ့ဆုံသူတိုင်းကို သူ့ရဲ့ အကောင်းဆုံး ကြယ်ပွင့် အကြောင်း ပြောဆို မိတ်ဆက်ပေးဖို့ အလုပ် အရမ်းကြိုးစားနေခဲ့သည်။

အားလုံး သိကြတဲ့အတိုင်း သူ့ရှေ့မှာ ထိုင်နေသည့် ပုဂ္ဂိုလ်က သူပြောနေသည့် သူ့ကြယ်ပွင့် ကိုယ်တိုင်ပဲ ဆိုတာကိုတော့ သူ မသိပေ။

စုယန်ယန်က မသက်မသာ ချောင်းဆိုးလိုက်ပြီး စကားခေါင်းစဉ် ပြောဖို့ ကြိုးစားသည်။

“ဒါဆို ဒီနေ့ ရှင် ဒီကို လာရတဲ့ အကြောင်းရင်းက စားဖို့လား ဒါမှမဟုတ်... တစ်ယောက်ယောက်ကို ရှာဖို့လား”

“ကျွန်တော် တစ်‌ယောက်ယောက်ကို ရှာချင်တာရော စားဖို့ရော ပါ၊ ပါတယ်၊ ဒါပေမယ့် ဒီလောက် အချိန် အတော်ကြာအောင် ရှာခဲ့တာတောင်မှ တင်ဆက်သူကို မရှာတွေ့ဘူး။ အဓိပ္ပါယ် မရှိလိုက်တာ”

စုယန်ယန်က သူ့ရဲ့ ဝမ်းနည်း ပူဆွေးနေတဲ့ မျက်နှာကို ကြည့်ပြီး အဓိပ္ပါယ်ပါပါ ပြောလိုက်သည်။

“ဒီနေ့ စားသောက်ဆိုင်မှာ သူမ ရှိလိမ့်မယ်လို့ ရှင် ဘယ်လိုလုပ်ပြီး သေချာနေရတာလဲ”

“ဒီနေ့က စားသောက်ဆိုင် ဖွင့်လှစ်တဲ့ ပထမဆုံးနေ့လေ။ ပိုင်ရှင် တစ်ယောက် အနေနဲ့ တင်ဆက်သူက သေချာပေါက် ပေါ်လာလိမ့်မယ်။ ဒါ့အပြင်...”

“ပြီးတော့ ဘာလဲ”

“မင်း လမ်းတစ်လျှောက်လုံးက ပန်းတွေကို မြင်တယ်မလား”

စုယန်ယန်က တစ်ခဏတာမျှ အံ့အားသင့်ပြီး ဒီအကြောင်းက အပြင်က ပန်းတွေနှင့် ဘယ်လို ဘယ်ပုံ ပတ်သက်နေမှန်းကို သူမ နားမလည်ပေ။

“အဲ့ဒီပန်းတွေက ဘာဖြစ်လို့လဲ”

လန်ကျားယီက အနားပတ်လည် လှည့်ပတ် ကြည့်သည်။ ဘယ်သူမှ နားမထောင်နေတာ သေချာမှ သူက စုယန်ယန် အနားကပ်ပြီး တီးတိုးပြောသည်။

“ကျွန်တော် ဝင်လာတုန်းက ဝန်ဆောင်မှုပေးတဲ့ ဝန်ထမ်းကို‌ မေးကြည့်ခဲ့တယ်။ အပြင်က ပန်းတွေက တင်ဆက်သူရဲ့ သတို့သားလောင်းဆီက ပန်းပွင့်တွေလို့ ကျွန်တော် ကြားခဲ့တယ်”

စုယန်ယန် ရှက်သွေးဖြာ သွားသည်။

“အဲ့တာနဲ့ ဘာဆိုင်လို့လဲ”

“ဒါကိုကြည့်ရင် တင်ဆက်သူနဲ့ သူမ သတို့သားလောင်းတို့ရဲ့ ဆက်ဆံရေးက အရမ်းကောင်းပြီး အရမ်းချိုမြိန်တယ် ဆိုတာ သိသာတယ်”

“... ဒါဆို”

“ဒါ့ကြောင့် သူမ ဒီနေ့ သေချာပေါက် ပေါ်လာလိမ့်မယ်”

စုယန်ယန်တစ်ယောက် ပြောစရာစကား ပျောက်ရှသွားသည်။

***