အပိုင်း ၂၄၃
Viewers 1k

အခန်း (၂၄၃)

ကျွန်မ ရှင့်ကို အဖော်ပြုပေးမယ်

စုယန်ယန်သည် လန်ကျားယီ၏ ကျိုးကြောင်း ဆီလျော်ပြီး ဖြောင့်မှန်သော အလိုလို သိစိတ်ကြောင့် ခဏတာ ထိတ်လန့် သွားသည်။

ခဏကြာတော့ သူမက ရယ်မောလိုက်ပြီး “ရှင် သူမကို ရှာဖို့ ဒီလောက် အလျင်လိုနေတာ။ ရှင် သူမကို ပြောစရာ ရှိလို့လား”

“ရပါတယ်၊ ကျွန်တော်က သူမကို လူကိုယ်တိုင်တွေ့ပြီး ကျေးဇူးတင်စကား ပြောချင်ရုံပါပဲ”

“သူမကို ကျေးဇူးတင်ချင်တာလား” စုယန်ယန် မျက်မှောင်ကြုတ် သွားသည်။

“သူမကို ဘာအတွက် ကျေးဇူးတင်ချင်တာလဲ”

“ဆေးဖက်ဝင် ဟင်းလျာနဲ့ ဟောသွန်းကြောင့် ကျေးဇူးတင်ချင်တာပါ။ အဲ့ဒီ အရာတွေကြောင့် ကျွန်တော့် အဘွားရဲ့ အစာ စားချင်စိတ် တိုးလာခဲ့တယ်။ ကျွန်တော်တို့ တစ်မိသားစုလုံး သူမကို အရမ်း ကျေးဇူးတင်နေတာ”

“ဟောသွန်းလား။ ရှင်က...” စုယန်ယန်က သူ ဘယ်သူလဲ ဆိုတာ မမှတ်မိခင် တစ်ခဏတာမျှ ကြက်သေ သေသွားခဲ့သည်။

သူမသည် ဟောသွန်းကို ယခင်က လူတစ်ဦးတည်းကိုသာ ပေးခဲ့ဖူးသည်။ တိုက်ရိုက် ထုတ်လွှင့်နေချိန် အတွင်း သူမ၏ ဆေးဖက်ဝင် ဟင်းလျာကို ပထမဆုံး တောင်းခံခဲ့ဖူးသူ ဖြစ်သည်။ ထို့နောက် သူမသည် ဟောသွန်း ကောင်လေးကို အကူအညီ ပေးခဲ့ဖူးသည်။

သူ၏ အိုင်ဒီနာမည်ကို အခြေခံပြီး တစ်ဖက်လူက ရေပန်းစား မကျော်ကြား လောက်သည့် လူငယ်တစ်ဦးလို့ သူမ ထင်ခဲ့သည်။ သူမသည် သူ့ကို လက်တွေ့ဘဝတွင် ဒီလောက် ကြည့်ကောင်း နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့ရာတွင် သူက နည်းနည်းတော့... ရင်းနှီးနေသလိုပဲ။

စုယန်ယန်၏ အတွေးများ နေတာကို မြင်တော့ လန်ကျားယီ မျက်တောင် တဖျတ်ဖျတ် ခတ်ပြီး မေးသည်။

“ဘာဖြစ်လို့လဲ”

“ဘာမှ မဟုတ်ပါဘူး”

လန်ကျားယီက သူမကို သံသယ မဝင်ပဲ သက်ပြင်း ချလိုက်သည်။

“သူမရဲ့ အသွင်အပြင်ကိုလည်း သိချင်ပြီး သူမကိုပါ တကယ် တွေ့ချင်နေတာ”

စုယန်ယန်က ရေနွေးကြမ်းကို တစ်ငုံ‌သောက်လိုက်ပြီး အေးဆေး တည်ငြိမ်စွာ မေးလိုက်သည်။

“သူမက ဘယ်လိုပုံစံ ရှိလဲဆိုတာ ရှင် မသိဘူးလား”

“တိုက်ရိုက် ထုတ်လွှင့်မှုမှာ တင်ဆက်သူက သူမမျက်နှာကို မပြဘူးလေ”

“ဒါဆိုရင် သူမ စိတ်အနှောင့်အယှက် မဖြစ်ချင်တာကြောင့် သူမမျက်နှာကို မပြချင်ဘူး ဆိုတဲ့ အချက်ကိုရော နင် စဉ်းစားမိရဲ့လား။ သူမက သူမ ဘယ်လိုပုံစံလဲ ဆိုတာကို တခြားသူတွေကို သိစေချင်ပုံ မရဘူး”

လန်ကျားယီ၏ မျက်နှာ အမူအရာဟာ ဒီဖြစ်နိုင်ချေကို တွေးမိသွားပုံပြီး တောင့်တင်း သွားသည်။

စုယန်ယန်က ရေနွေးကြမ်း တစ်ငုံသောက်ရင်း သူ့စိတ်ထဲ ရုန်းကန် နေပုံရတာကို ကြည့်နေခဲ့သည်။ သူမ မျက်ဝန်းဝယ် အပြုံးတွေ ပြည့်နှက် နေခဲ့သည်။

ဒီအခိုက်အတန့်မှာပင်၊ စုယန်ယန်သည် သူမ မျက်ဝန်းထောင့်ကနေ ရင်းနှီး ကျွမ်းဝင်နေသော ပုံရိပ်တစ်ခုကို ဖမ်းမိသွားသည်။ သူမ ချက်ချင်း မတ်တပ် ထရပ်လိုက်သည်။

လန်ကျားယီက သူမ၏ လုပ်ရပ်ကြောင့် လန့်သွားသည်။ သူက သူမကို စိတ်ရှုပ်ထွေးစွာ မော့ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ”

“ဘာမှ မဖြစ်ပါဘူး။ အရင်ဆုံး ထိုင်နှင့်နော်။ ကျွန်မ ခဏလောက် သွားစရာ ရှိလို့” လန်ကျားယီ၏ တုံ့ပြန်မှုကိုပင် မစောင့်တော့ပဲ သူမက အလျင်စလို ထရပ်ပြီး ထွက်သွားခဲ့သည်။

“ရှင် ဘာလို့ ဒီကို ရောက်လာတာလဲ” စုယန်ယန်က ဟောက်ချန်ဟွမ်း မြင်လိုက်ရတော့ အံ့သြဝမ်းသာ သွားသည်။

ဟောက်ချန်ဟွမ်းက ဒီမေးခွန်းကို ပြန်ဖြေပေးမယ့် အစား မေးခွန်းပြန်ထုတ်သည်။

“မင်းက ကိုယ့်ကို မကြိုဆိုချင်ဘူးလား”

“သေချာပေါက် ဘယ်ဟုတ်ပါ့မလဲ” စုယန်ယန်က ဟောက်ချန်ဟွမ်းကို နာကျင်သွားသော အကြည့်ဖြင့် ကြည့်ကာ “ရှင် အရင်က အပြင်ထွက်ရတာ သိပ်မကြိုက်ဘူးလေ၊ အထူးသဖြင့် ဒီလို လှုပ်ရှားသက်ဝင် နေရာမျိုးတွေဆို ပိုဆိုးတယ်မလား”

“အဲ့တာက အတိတ်ပဲ” ဟောက်ချန်ဟွမ်းက စုယန်ယန်၏ လက်ကို အစပြုပြီး ဆုပ်ကိုင် လိုက်သည်။ “အရင်တုန်းကတော့ ကိုယ် အပြင်ထွက်ရတာ မကြိုက်တော့ အခု ကိုယ့်ကို လိုက်ပို့ပေးမယ့်သူ မရှိဘူး။ လူစုလူဝေးရှိတဲ့ နေရာတွေကို သွားရတာ မကြိုက်လို့ လူတွေ ကိုယ့်ကို ကြည့်တာ မကြိုက်ဘူး။ ကိုယ်နဲ့ ဒီလို လှုပ်ရှားသက်ဝင် နေတာမျိုးက သဟဇာတ မဖြစ်သလို ခံစားရတယ်”

ဟောက်ချန်ဟွမ်းက ခေတ္တ ရပ်တန့်လိုက်ပြီး သူ့မျက်နှာပေါ်မှာ ရှားရှားပါးပါး အပြုံးတစ်ပွင့် ပေါ်လာခဲ့သည်။

“ဒါပေမယ့် အခု ကိုယ့်မှာ မင်းရှိတယ် ဆိုတော့၊ ကိုယ် မင်းနဲ့အတူ အဖော်ပြု လိုက်ပါပေးမယ်” ဒါက သူ့ကို ဒီလိုသက်ဝင် လှုပ်ရှားနေတဲ့ လူတွေထဲက တစ်ယောက်လည်း ဖြစ်နိုင်တယ်လို့ ခံစားရစေခဲ့သည်။

စုယန်ယန်၏ နှလုံးခုန်နှုန်း တစ်ချက် မြန်သွားသည်။ သူမက ဟောက်ချန်ဟွမ်း၏ လက်ကို မသိစိတ်အရ ဆုပ်ကိုင်မိကာ အပြုံးလေးဖြင့် ဆိုလိုက်သည်။

“ဟုတ်တယ်၊ ကျွန်မက ရှင့်ကို အဖော်ပြုပေးမယ်၊ ကျွန်မက ရှင့်ဘေးမှာ အမြဲရှိနေပေးမှာပါ”

“အင်း...”

“အထဲ ဝင်ရ‌အောင်။ ကျွန်မ ရှင့်ကို သီးသန့်ခန်းဆီ ခေါ်သွားပေးမယ်”

“ကောင်းပြီ”

စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို စားသောက်ဆိုင်၏ သီးသန့်ခန်းသို့ ခေါ်ဆောင် သွားခဲ့သည်။ ‌စားသောက်ဆိုင်ထဲမှာ လူများပြီး အများစုကတော့ စားသောက် ပြီးစီးနေကြပြီ။ သူတို့က တခြား ဘာကိုမှ ဂရုမစိုက်သည့် အတွက် သူတို့ကို ဘယ်သူမှ သတိမထားမိကြဘူး။

အားလပ်နေတဲ့ စားပွဲထိုး ဝန်ထမ်းမလေး တစ်ဦးသာ စားသောက်ဆိုင်ထဲသို့ နောက်ထပ် စားသုံးသူ တစ်ယောက် ဝင်လာတာကို တွေ့လိုက်ရသည်။ ထို့အပြင်၊ ထိုစားသုံးသူကို သူမ၏ ဘော့စ်က ကိုယ်တိုင်ကိုယ်ကျ ခေါ်ဆောင် လာခဲ့တာ ဖြစ်သည်။ ဒီပုဂ္ဂိုလ်က အရေးကြီးဧည့်သည် ဖြစ်နိုင်သည်။

သူမက ကူညီပေးချင်ပေမယ့် စုယန်ယန်က သူမကို တားမြစ်လိုက်သည်။

စုယန်ယန်က မီနူးစာအုပ်ကို သူမထံမှ ယူလိုက်ပြီး အပြုံးလေးဖြင့် ဆိုလိုက်သည်။

“ဒါကို ငါကိုယ်တိုင် လုပ်လိုက်မယ်။ မင်း အပြင်မှာပဲ ဧည့်ခံလိုက်”

***