ဗွီဗွီအိုင်ပီဖောက်သည်အတွက်
အကျိုးခံစားခွင့်
စားပွဲထိုး မိန်းကလေးက အနည်းငယ်
ကြက်သေ သေသွားပြီး စိတ်ရှုပ်ထွေးစွာ ထွက်သွားသည်။
“နင် မောင်းထုတ်ခံလိုက်ရတာလား”
ခေါင်းဆောင်က အပြုံးဖြင့် မေးသည်။
“ခေါင်းဆောင်ရဲ့ လေသံကို ကြည့်ရတာ
သိပ်မအံ့သြသလိုပဲ။ အခု တွေ့ခဲ့ရတဲ့သူက ဘယ်သူလဲ။ ဘော့စ်လေးက ဘာဖြစ်လို့ သူ့ကို ကိုယ်တိုင်
ဧည့်ခံပေး နေရတာလဲ”
ခေါင်းဆောင်က ပြုံးပြီး အပြင်ဘက်မှာ
မြင်ရသည့် ပန်းတွေကို ညွှန်ပြ လိုက်သည်။ “နင် အဲ့ဒီပန်းတွေကို မြင်တယ်မလား”
“ကျွန်မ မြင်တယ်လေ။ မနက် အစောကြီး
ကတည်းက ဒါတွေ ပို့ပေးခဲ့တာ။ တစ်လမ်းလုံး ပန်းတွေ ဖုံးလွှမ်းနေတာ ဆိုတော့ ကျွန်မ ဘယ်လိုလုပ်ပြီး
မမြင်ပဲ နေမှာလဲ”
“ဒါတွေကို ဘယ်သူပို့ပေးတာလဲ
ဆိုတာ နင် သိလား”
“ဘော့စ်ရဲ့ သတို့သားလောင်း ပို့ပေးတာ
မဟုတ်ဘူးလား” ကောင်မလေးက ရုတ်တရတ် တစ်ခုခုကို သွားတွေးမိဟန် သူမမျက်ဝန်းတွေ ပြူးကျယ်
သွားသည်။ “ခေါင်းဆောင် ဆိုလိုချင်တာက အဲ့ဒီ အမျိုးသားက...”
ခေါင်းဆောင် ဘာမှ မပြောပဲ သူမကို
အကြည့်တစ်ချက်သာ ပေးလိုက်ကာ “မင်းဘာသာမင်း တွေးကြည့်ပေါ့”
အခြားတစ်ဖက်တွင်မူ စုယန်ယန်က
စားပွဲထိုး မိန်းကလေးကို အဝေးသို့ စေလွှတ် လိုက်သည်ကို မြင်လိုက် ရသောအခါ ဟောက်ချန်ဟွမ်း၏
မျက်ဝန်းများမှာတလက်လက် တောက်ပသွားသည်။ သူက အဖြေကို သိနေသော်လည်း မေးလိုက်မိသည်။
“မင်း သူမကို မောင်းထုတ်လိုက်တော့
ကိုယ်တို့ကို ဘယ်သူက ဧည့်ခံပေးမှာလဲ”
စုယန်ယန်က တခစ်ခစ် ရယ်မော လိုက်သည်။
“ကျွန်မ ရှင့်ကို ဧည့်ခံမယ့်သူပါ။ ရှင် စိတ်ကျေနပ်ရဲ့လား”
“မင်း ဧည့်ခံတာကို စိတ်မကျေနပ်ဘူး
ဆိုရင် ဘယ်လိုလုပ်မလဲ”
စားသောက်ဆိုင် ပိုင်ရှင်၏ ဧည့်ခံမှုကို
သူက ဘယ်လိုလုပ်ပြီး မကျေမနပ် ဖြစ်ဝံ့တာလဲ။ မကြာသေးမီက သူ့ကို အလိုလိုက် ထားလွန်းလို့လား။
စုယန်ယန်က စိတ်မပျော်ဟန် ဆောင်လိုက်သည်။
“တကယ်လို့ ရှင် စိတ်မကျေနပ်ဘူးဆိုရင်၊ ခုနက ဝန်ထမ်း မိန်းကလေးကို ပြန်ခေါ်ပေးပါ့မယ်”
စုယန်ယန်က သူမရှေ့မှ လူကို စူးစူးရဲရဲ
စိုက်ကြည့်နေသည်။ သူမ အကြည့်ထဲတွင် “ရှင်က ဟုတ်တယ်လို့ ပြောရဲရင် ပြောကြည့်လိုက်၊ ကျွန်မ
အခုချက်ချင်း အပြင်ထွက်ပြီး သူမကို သွားရှာပေးမယ်” ဆိုသည့် အရိပ်အယောင်တွေ ပေါ်နေခဲ့သည်။
ဟောက်ချန်ဟွမ်းက ဒီလို အမှားမခံသည့်
မေးခွန်းကို အလွန်တိကျစွာ ပတ်ရှောင် သွားခဲ့သည်။ “ဖောက်သည်တွေ ဒီမှာ ထိုင်နေတာ တော်တော်ကြာပြီ
ဆိုပေမယ့် ဘယ်သူမှ ကူညီပေးဖို့ လာမမေးဘူး။ မင်းတို့ စားသောက်ဆိုင်ရဲ့ ဝန်ဆောင်မှုက
သိပ်မကောင်းတဲ့ပုံပဲ”
“ကျွန်မ ရှင့်အတွက် ဘာလုပ် ပေးရပါမလဲ”
“မင်းမှာ အကြံပြုပေးချင်တာ ရှိလား”
“ကျွန်မတို့ဆိုင်က ဆေးဖက်ဝင်
ဟင်းလျာဆိုင်ပါ။ ဆိုင်မှာရှိတဲ့ ဆေးဖက်ဝင် ဟင်းလျာတွေက ထိပ်ပြောင်ခြင်း၊ ကျောက်ကပ်
ယန်ချို့တဲ့ခြင်း၊ မျိုးမအောင်ခြင်း စသည့် ကုသရ ခက်ခဲသည့် ရောဂါတွေအတွက် အကျိုးသက်ရောက်မှု
ကောင်းပါတယ်။ ရှင့်ရဲ့ ကိုယ်ရေးကိုယ်တာ အခြေအနေကို ထည့်သွင်းစဉ်းစားပြီးတော့ ရှင့်ကို
Set Aယူဖို့ ကျွန်မ အကြံပေးချင်ပါတယ်။ အရင်ဆုံး ကုသမှု ခံယူပါ၊ ပြီးရင် Set Bကိုပြောင်းပါ၊
ကုသမှု ခံယူပြီးမှ Set Cသို့ ပြောင်းပေးပါ...”
ဟောက်ချန်ဟွမ်းသည် ရယ်ရမလား
ငိုရမလားပင် မသိတော့ချေ။ ဒီကောင်မလေးက သူ့ကို သိုးဝဝ တစ်ကောင် ဖြစ်အောင် လုပ်ဖို့ ကြိုးစားနေတာလား။
သူမက သူ့ကို သူမတို့ဆိုင်မှာ ရှိသမျှ setတိုင်းကို မှာယူစေချင်တာလား”
“ဒီဟင်းလျာတွေ စားသောက်ပြီးတဲ့အခါ၊
ရှင့်မှာ မည်သည့် ရောဂါဝေဒနာတွေ ရှိနေပါစေ၊ ဒီဆေးဝါးတွေနဲ့ ပျောက်ကင်း သွားမယ်ဆိုတာ
ကျွန်မ အာမခံပါတယ်။ တကယ်လို့ ရှင် ဖျားနာနေမယ်ဆိုရင် သက်သာ သွားမယ်။ တကယ်လို့ ရှင်
မဖျားဘူးဆိုရင် ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင် လာလိမ့်မယ်။ ဒီဟင်းလျာတွေက အကျိုးကျေးဇူးပဲ
ရရှိမှာဖြစ်ပြီး ဘေးထွက်ဆိုးကျိုး မရှိပါဘူး။ ရှင် ဘာကိုမှ ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး”
စုယန်ယန်က အသက်ပြင်းပြင်း ရှူလိုက်ပြီး
ဟောက်ချန်ဟွမ်းကို ပြုံးပြကာ “ရှင် ဘယ်လို ထင်လဲ”
“မင်းပြောတာကို နားထောင် ကြည့်ရတာ၊
မင်း ကိုယ့်ကို မင်းတို့ စားသောက်ဆိုင်ရဲ့ ရေရှည်စားသုံးသူ တစ်ဦးဖြစ်အောင် ကြိုးစားနေပုံ
ရတယ်။ မင်းတို့ဆိုင်က ပစ္စည်းတွေ အများကြီး ကိုယ် ဝယ်ယူ သုံးစွဲခဲ့မယ်ဆိုရင် လျှော့စျေး
ဒါမှမဟုတ် အကျိုးခံစားခွင့်တွေ ရနိုင်မလား”
“အကျိုးခံစားခွင့်လား” စုယန်ယန်က
သူမ၏ မျက်လုံးတွေကို လှည့်လိုက်မိသည်။ “ဒါပေါ့”
“ဘာ အကျိုးခံစားခွင့်တွေလဲ”
“တကယ်လို့ ရှင်က ကျွန်မတို့ရဲ့
စားသောက်ဆိုင်မှာ ယွမ် တစ်သောင်း သုံးစွဲခဲ့ရင် စတိုးဆိုင် ပိုင်ရှင်ထံမှ ပါးပြင်ပေါ်
အနမ်းတစ်ပွင့် တောင်းခံနိုင်တယ်။ တကယ်လို့ ရှင်က ယွမ် တစ်သိန်း သုံးစွဲခဲ့မယ်ဆိုရင်၊
နဖူးပေါ် အနမ်းတစ်ပွင့် တောင်းခံနိုင်ပါတယ်။ တကယ်လို့ ရှင်က ယွမ် တစ်သန်း သုံးစွဲခဲ့မယ်ဆိုရင်၊
နှုတ်ခမ်းပေါ် အနမ်းတစ်ပွင့် တောင်းခံနိုင်သလို ပြီးတော့... ရှင် လုံလောက်တဲ့ ပမာဏအထိ
သုံးစွဲခဲ့မယ်ဆိုရင် ရှင်က ဗွီဗွီအိုင်ပီ ဖြစ်နိုင်ပြီး စားသောက်ဆိုင် ပိုင်ရှင်က ရှင့်အပိုင်
ဖြစ်လာပါလိမ့်မယ်။ ဒါက အမြဲတမ်း ပိုင်ဆိုင်သွားမှာ ဖြစ်ပြီး ပြန်လည် လဲလှယ်ပိုင်ခွင့်
မရှိပါဘူး။ ကျေးဇူးပြုပြီး ဂရုတစိုက်နဲ့ အော်ဒါတင်ပေးပါ”
ဟောက်ချန်ဟွမ်းသည် ထိုကဲ့သို့သော
“အကျိုးခံစားခွင့်” မျိုးကို ဘယ်တုန်းကမှ မမျှော်လင့်ထားခဲ့ဘူး။ သူ့မျက်ဝန်းတွေက ချက်ချင်း
ဆိုသလို အန္တရာယ်များဟန် မှေးကျဉ်းသွားပြီး ခပ်ဟဟ ရယ်မောလိုက်သည်။
“သူတို့ရဲ့ အသုံးစရိတ် လုံလောက်သရွေ့
မင်းတို့ဆိုင်ရဲ့ ဖောက်သည်တွေ အားလုံး ဒီလို အကျိုးခံစားခွင့်ကို ရမှာလား”
စုယန်ယန်က တစ်ခဏတာမျှ ကြက်သေ
သေသွားခဲ့ပေမယ့် တစ်စုံတစ်ယောက် မနာလို ထပ်မံ ဖြစ်ပွားနေကြောင်း အလျင်အမြန် နားလည်
သဘောပေါက် သွားသည်။ သူမက ရယ်ချင်တာကို မထိန်းနိုင်တော့ပဲ ရယ်ကာ မောကာဖြင့် “စားသောက်ဆိုင်
ပိုင်ရှင်က တစ်ဦးတည်း ရှိတဲ့အတွက် ဒီအကျိုး ခံစားခွင့်က ဗွီဗွီအိုင်ပီ စားသုံးသူသာလျှင်
ရရှိမှာ ဖြစ်ပါတယ်။ ပထမဦးဆုံး ဗွီဗွီအိုင်ပီ အတွက်ပါပဲရှင့်။ ဧည့်သည်၊ ရှင် တကယ် မကြိုးစားကြည့်ချင်ဘူးလား”