နောက်ထပ် ရူးသွပ်သွားသူတစ်ယောက်
ဟောက်ချန်ဟွမ်းသည် သူမကိုယ်သူမ
ရောင်းစားရန် စုယန်ယန်၏“အပြစ်ကင်းစင်ဟန်” ကြိုးပမ်း အားထုတ်မှုကို ကြည့်ရင်း သူ့အကြည့်တွေက
နက်ရှိုင်းသွားသည်။ သူ့နှလုံးသား တစ်ခုလုံး ပူလောင်နေပြီး မီးကျွမ်း လုမတတ် ဖြစ်သွားသည်။
“ဒီလိုမျိုး ကြားရတာ ကောင်းတယ်လို့
ထင်ရပေမယ့် ဒါက မင်း လုပ်ချင်သလို လုပ်လို့ရတဲ့ ရင်းနှီးမြှုပ်နှံတဲ့ လုပ်ငန်း မဟုတ်ဘူး။
အချဉ်းနှီးသော ကတိစကားတွေက အသုံးမဝင်ဘူး။ ဒါက ဆုံးရှုံးသွားနိုင်တဲ့ သဘောတူညီချက် ဟုတ်
မဟုတ် အတည်ပြုဖို့အတွက် မင်း ကိုယ့်ကို အစစ်အမှန် တစ်ခုခုကို ပေးဆောင်ရမယ်”
“အစစ်အမှန်လား” စုယန်ယန်၏ မျက်ခုံးလေးတွေက
ပင့်တက်သွားပြီး ပြုံးလိုက်သည်။ သူမက သူ့ပေါ်မှီပြီး သူ့ပါးပြင်ပေါ်သို့ အနမ်းခြွေလိုက်သည်၊
“ရှင်က ဒါကို ရည်ညွှန်းချင်တာလားဟင်”
ဟောက်ချန်ဟွမ်းသည် ဒီကိစ္စအတွက်
သူ့ကိုယ်သူ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှု လုပ်ထားပြီး ဖြစ်သည်။ သူ့မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး
သူမ မဖယ်ခွာမီ သူမ၏ နှုတ်ခမ်းပေါ်သို့ အနမ်းခြွေ လိုက်သည်။
“အိုး...” စုယန်ယန်၏ မျက်ဝန်းတွေက
ကျဉ်းမြောင်း သွားပြီး သူမ မျက်ဝန်းဝယ် အံ့အားသင့်သည့် အရိပ်အယောင် ဖြတ်ပြေးသွားသည်။
တစ်ခဏတာမျှ ကြက်သေ သေသွားပြီးနောက်
သူမ ရုတ်တရက် ရုန်းကန်လိုက်သည်၊ “မဟုတ်ဘူး၊ အိုး... ဒါက များလွန်းတယ်”
ဟောက်ချန်ဟွမ်း တစ်ယောက် ရယ်ရမလား
ငိုရမလားပင် မသိတော့ချေ။ သူမက သူမ၏ သရုပ်ဆောင်မှုမှာ နစ်မြှုပ်ထားလွန်းတယ်လို့ ဆိုရမလား
ဒါမှမဟုတ် သူ့စိတ်ဝိညာဉ်ကို လျော့ပါးသွားအောင် ကြံရွယ်နေတာလား ဆိုတာကို သူ တကယ် မသိတော့ဘူး။
“ဒါက အဆင်ပြေပါတယ်။ ကိုယ် နောက်မှ
လုပ်လိုက်မယ်။ မင်းရဲ့ စားသောက်ဆိုင်မှာ ဗွီဗွီအိုင်ပီ ဖောက်သည်တွေအတွက် ကိုယ် လုပ်ပေးမယ်”
စုယန်ယန်သည် ဤမျှ အလွယ်တကူ အရူးလုပ်မခံပေ။
သူမက ဟောက်ချန်ဟွမ်း၏ ပေါင်ပေါ်သို့ ထိုင်ချပြီး စိတ်တိုစွာ ပြောသည်။
“စကားလုံးတွေက သက်သေ မပြနိုင်ဘူး။
ဘတ်စ်ကားပေါ် တက်ပြီးမှ လက်မှတ်ဝယ်တဲ့ ဝန်ဆောင်မှုမျိုး ကျွန်မတို့ လက်ခံနိုင်ဘူး၊
အကြွေးလည်း လက်မခံနိုင်ဘူး။ ကျေးဇူးပြုပြီး တတ်နိုင်သမျှ အမြန်ဆုံး အသင်းဝင်ကြေး ပေးသွင်းပေးပါ၊
မဟုတ်ရင်...”
“မဟုတ်ရင် ဘာဖြစ်မလဲ”
စုယန်ယန်က ဟောက်ချန်ဟွမ်း၏ လည်ပင်းကို
ပွေ့ဖက်ကာ “ကျွန်မ ရှင့်ကို ဗွီဗွီအိုင်ပီ ဖောက်သည် စာရင်းကနေ ဖယ်ရှားလိုက်မယ်” ဟု
ခြိမ်းခြောက် စကားဆိုခဲ့သည်။
ဟောက်ချန်ဟွမ်းက စုယန်ယန်ကို
အန္တရာယ်ကြီးသည့် အကြည့်တွေဖြင့် ကြည့်လိုက်သည်။ “မင်း ကိုယ့်ကို ဖယ်ရှား လိုက်မယ်ဆိုရင်၊
မင်းရဲ့ ဗွီဗွီအိုင်ပီဖောက်သည် စာရင်းထဲ နောက်ထပ် ဘယ်သူ့ကို ထည့်ချင်လို့လဲ”
စုယန်ယန်က ထိတ်လန့်ခြင်း အလျှင်းမရှိပေ။
သူမက ခေါင်းငုံ့ပြီး ဟောက်ချန်ဟွမ်း၏နဖူးကို ဖိကပ်လိုက်သည်။ သူမက သူ့မျက်ဝန်းတွေကို
စိုက်ကြည့်ပြီး “အဲ့တာကို အလွတ်ပဲ ထားလိုက်ရအောင်။ အဆင့်အတန်း မမီတဲ့ အရာတစ်ခု ရှိဖို့ထက်
မရှိတာက ပိုကောင်းတယ်”
ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာဟာ
ပျော့ပျောင်း သွားသည်။ သူ တစ်ခုခု ပြောတော့မည့် အချိန်တွင် ရုတ်တရတ် တံခါးပွင့် လာခဲ့သည်။
“ယန်ယန်၊ ဧည့်ကြို ကောင်တာက
တစ်ယောက်ယောက် ပြောတာကို ငါ ကြားခဲ့တယ်...”
ဘန်း... တံခါးက နံရံနှင့် ရိုက်ခတ်သွားပြီး
အနည်းငယ် ပြန်ကန် ထွက်လာသံ ပေါ်ထွက်လာကာ တင်းကျပ်စွာ ပွေ့ဖက်ထားသော လူနှစ်ယောက်အား
အသိဝင်လာစေသည်။
ချိန်ကျွင်းဟောက် တစ်ယောက် ပြောလက်စ
စကား ရပ်တန့်သွားသည်။ စက္ကန့် အနည်းငယ်မျှ ကြာပြီးနောက် စူးရှရှ အော်လိုက်သည်၊ “မင်းတို့
ဘာလုပ်နေတာလဲ”
မူလက သရုပ်ဆောင်ရာ ဇာတ်ရုပ်တွင်
အာရုံဝင်စားနေသော နှစ်ဦးသား ချက်ချင်းဆိုသလို နိုးထလာခဲ့သည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်း
အပေါ်မှ ခုန်ထကာ “အန်ကယ်လေး၊ အန်ကယ်လေး ထင်နေသလို မဟုတ်ပါဘူး” ဟု ကိုးရိုးကားရားနိုင်စွာ
ပြောသည်။
“အဲ့တာက ငါထင်သလို မဟုတ်ဘူးလား။
ငါ ဘယ်လိုထင်နေလဲ ဆိုတာကို မင်း ဘယ်လိုသိလဲ။ ငါ ထင်နေတာ မဟုတ်ဘူးလို့ နင် ဘယ်လိုသိလဲ။
မဟုတ်ဘူး၊ ခဏနေပါဦး၊ မင်းတို့တွေ အခု ဘာလုပ်နေကြတာလဲ။ ဟားဟားဟားဟား...” ချိန်ကျွင်းဟောက်
တစ်ယောက် စိတ်ရှုပ်ထွေးစွာ သူ့မျက်နှာပေါ်ကို လက်နှစ်ဖက်ဖြင့် အုပ်လိုက်မိသည်။
သူ့ကြည့်ရတာ သူ သေသေချာချာ စိုက်ပျိုးထားသော
ဂေါ်ဖီထုပ်က ဝက်ခြံထဲသို့ ကိုယ်တိုင် တွားသွား ဝင်သွားခဲ့ပြီး ဝက်ကို သူ့အား ကြိုက်နှစ်သက်သလို
လုပ်ခွင့်ပေး လိုက်သကဲ့သို့ ဖြစ်နေသည်။ ဟင်းသီးဟင်းရွက် စိုက်ပျိုးသော လယ်သမား တစ်ဦးအနေနဲ့
မျက်ရည် စက်လက်ဖြင့် လက်ခံဖို့ကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ဘူး။
စုယန်ယန်တစ်ယောက် ပြောစရာစကား
ပျောက်ရှသွားသည်။ ပြီးသွားပြီ။ သူက နောက်ထပ် ရူးသွပ်သွားသော မိသားစုဝင် တစ်ဦး ဖြစ်သည်။
“အဟမ်း၊ အန်ကယ်လေး၊ အရင်ဆုံး
စိတ်အေးအေး ထားပါဦး။ သမီးတို့က အန်ကယ်လေး ထင်သလိုမျိုး တကယ် မဟုတ်ပါဘူး။ ဒါက ဟုတ်တယ်...
သမီး ဆံပင်တွေ သူ့ရှပ်အင်္ကျီနဲ့ မတော်တဆ ညှိသွားလို့လေ။ အဲ့တာက သူက သမီး ပြန်ဖြေပေးဖို့
ကူညီပေးနေတာ”
စုယန်ယန်တစ်ယောက် ဟောက်ချန်ဟွမ်းကို
သူမ ပြောစကားကို သဘောတူပေးရန် တွန်းလိုက်သည်။
ဟောက်ချန်ဟွမ်း တစ်ယောက် ပြောစရာ
စကား ပျောက်ရှသွားသည်။
ချိန်ကျွင်းဟောက် တစ်ယောက် သံသယဖြစ်စွာ
“တကယ်လား” လို့ ဆိုမိသည်။
“ပုလဲလုံးတွေထက် ပိုပြီးစစ်မှန်ပါတယ်”
ထိုအခါမှ ချိန်ကျွင်းဟောက၏ အမူအရာဟာ
အနည်းငယ် ပြေလျော့လာသည်။ သို့ရာတွင် သူက ရုတ်တရတ် တစ်စုံတစ်ခုကို နားလည် သဘောပေါက်
သွားပုံရပြီး စူးရှကျယ်လောင်စွာ ထပ်အော် လိုက်ပြန်သည်။“မင်း ငါ့ကို လိမ်နေတာပဲ။ ဒီနေ့
သူ့အဝတ်အစားတွေမှာ ဘယ်မှာ ကြယ်သီးပါလို့လဲ”
စုယန်ယန်တစ်ယောက် ပြောစရာစကား
ပျောက်ရှသွားသည်။
ဟောက်ချန်ဟွမ်း၊“…”
***