အပိုင်း ၂၆၅
Viewers 1k

အခန်း (၂၆၅)

 

ပဲနီလေးဆန်ပြုတ်

ယုကျစ်ယန် ပြေးထွက်သွားပြီးနောက် နှစ်ယောက်သား အသိပြန်မဝင်ခင် တစ်ယောက်ကို တစ်ယောက် နှစ်စက္ကန့်မျှ ကြည့်မိကြသည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်း အပေါ်မှ လူးလဲထရင်း ရေချိုးခန်းထဲသို့ အပြေးဝင်သွားသည်။ “ကျွန်မ အရင်ဆုံး သွားတိုက် လိုက်ဦးမယ်။ အိပ်ရာထတော့၊ ကျွန်မတို့ မနက်စာ စားရမယ်”

ဟောက်ချန်ဟွမ်းသည် ထွက်ပြေးသွားသော သူမ၏ နောက်ကျောကို လှမ်းကြည့်ပြီး အနည်းငယ် မပြုံးပဲ မနေနိုင်တော့ပေ။ သူက သူမ ဆင်းသွားသည့် နေရာလေးကို ထိတွေ့ပြီး ခုတင်ပေါ်မှ ဆင်းလိုက်သည်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ အိမ်အောက်ထပ်သို့ ဆင်းလာသည့် အချိန်တွင် ထမင်းစားပွဲဝိုင်းမှာ ဦးလေးကျန်း တစ်ယောက်တည်းကိုသာ မြင်လိုက်ရသည်။

ယုကျစ်ယန်ကတော့ ဘယ်နေရာကို ပြေးသွားမှန်းပင် မသိရပေ။ သူ့ကို ကြိမ်းမောင်း အပြစ်တင်ကို ‌ရှောင်ရှားနိုင်ဖို့ အတွက် အပြင်ဖက်တွင် ပုန်းအောင်းနေရမယ်လို့ မှန်းဆထားတာ ဖြစ်ရမည်။

ဦးလေးကျန်းသည် ချိုးချိုးချွတ်ချွတ် အသံတွေကို ကြားလိုက်ရသဖြင့် အသံကြားရာဆီ မသိစိတ်အရ ခေါင်းလှည့် ကြည့်လိုက်တော့ အိမ်အပေါ်ထပ်မှ နှစ်ယောက်အတူ ဆင်းလာတာကို မြင်လိုက်ရသဖြင့် သူ့မျက်ဝန်းတွေ ‌တောက်ပသွားသည်။ သူက ခပ်ပြုံးပြုံးဖြင့် ပြောသည်။

“သခင်လေး၊ သခင်မလေး၊ အိပ်ရာနိုးကြပြီလား။ တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ မီးဖိုချောင်မှာ အချိုပွဲ နည်းနည်း ပြင်ဆင်ထားတယ်။ သခင်မလေး၊ ကျေးဇူးပြုပြီး သခင်မလေးရဲ့ အကြိုက်နဲ့ ကိုက်ညီမှု ရှိ မရှိ မြည်းစမ်း ကြည့်ပေးပါဦး”

စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို ထမင်းစားပွဲဝိုင်းသို့ တွန်းလာခဲ့သည်။ သူမသည် စားပွဲပေါ်က အဆာပြေမုန့်တွေကို တစ်ချက်ကြည့်ပြီး ခဏရပ်သွားသည်။

“ဒီအဆာပြေမုန့်တွေက...”

ဦးလေးကျန်းက စုယန်ယန် မေးချင်တာကို သိတဲ့အတွက် အရင် ရှင်းပြလိုက်သည်။ “သခင်မလေးက အရင်က သခင်လေးအတွက် အချိုပွဲတွေ အများကြီး လုပ်ပေးခဲ့တယ်။ ဒီအချိုပွဲတွေကို အိမ်က စားဖိုမှူးတွေက သူတို့ရဲ့ အတွေ့အကြုံတွေအပေါ် အခြေခံပြီး ပြုလုပ်ထားတာ ဖြစ်တဲ့အတွက် သခင်မလေး ပြုလုပ်ထားသလို သေချာပေါက် အရသာရှိမှာတော့ မဟုတ်ဘူး။ ဒီမနက် အချိန်ကလည်း နည်းနည်းလင့်နေတော့ သခင်မလေး နည်းနည်းလောက် စားသွားသင့်တယ်။ ဦးလေးတို့ မနက်ဖြန် အိမ်ဟောင်းကို ပြန်ရောက်တဲ့အခါမှ သခင်မလေးတို့ စုံတွဲအတွက် တခြား အရသာရှိတဲ့ အစားအစာတွေ ချက်ပြုတ်ပေးပါ့မယ်”

စုယန်ယန်က သူ ပြောတာကို ကြားတော့ အံ့အားသင့် သွားသည်။ သူ လုပ်ထားတဲ့ အချိုပွဲတွေကို ကြည့်လိုက်တော့ သူမ လုပ်ထားတာနှင့် အရမ်းတူသည်။ ဟောက်မိသားစု၏ စားဖိုမှုးက တကယ့် ဉာဏ်ကြီးရှင်ပဲ။

စုယန်ယန်သည် ဟောက်ချန်ဟွမ်း အနားသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ သူမသည် ဖက်ထုပ်ပေါင်းကို ယူလိုက်ပြီး တစ်ကိုက် ကိုက်လိုက်သည်။

ဒီမုန့်တွေက ပုံပန်းသဏ္ဌာန်သာ ဆင်တူရုံတင်မက သူမ ပြုလုပ်ထားသော အရသာနှင့်လည်း ဆင်တူကြောင်း သိလိုက်ရသဖြင့် သက်ပြင်း ချမိသည်။

“ဦးလေးတို့ စားဖိုမှူးက အံ့မခန်းပဲ”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ အိမ်ရှိ စားဖိုမှူးအား ချီးကျူးလိုက်တာကို ကြားသောအခါတွင် မျက်လုံးလေးတွေ ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ သူက အသံတိုးတိုးဖြင့် ပြောသည်၊ “မင်း လုပ်ထားတာ ပိုကောင်းတယ်။ သူတို့ရဲ့ လက်ရာက မင်းကို မမီဘူး”

စုယန်ယန်သည် တစ်ခဏတာမျှ ရပ်တန့်သွားပြီး သူမ၏ နှုတ်ခမ်းတွေ ကွေးညွှတ်သွားကာ ချိုမြိန်စွာ ပြုံးလိုက်သည်။ “အခုကစပြီး ကျွန်မ ရှင် စားချင်သမျှ ချက်ကျွေးမှာပေါ့”

သူတို့ လက်မထပ်ခင်ကပင် စုယန်ယန်က သူ့ကို အထူး ဂရုစိုက်ပေးခဲ့သည်။ အခု သူတို့ လက်ထပ်ပြီး အတူနေထိုင်ခဲ့ရပြီဖြစ်၍ သူမသည် သူ့ကို အရာအားလုံး အသေးစိတ်ကအစ ဂရုစိုက်ပြီး ဟောက်ချန်ဟွမ်း၏ ခန္ဓာကိုယ်ကို အားဖြည့် ကျွေးမွေးဖို့ သဘာဝအတိုင်း လိုအပ်နေပေသည်။

ဟောက်ချန်ဟွမ်း၏ အမူအရာဟာ နူးညံ့ပျော့ပျောင်း သွားသည်။

ဘေးနားက ဦးလေးကျန်းကတော့ ငယ်ရွယ်သည့် စုံတွဲ၏ အပြန်အလှန် ပြောစကားတွေကို နားထောင်ရင်း သူ့မျက်နှာပေါ်က အပြုံးတွေက ပိုရိုးသားလာသည်။

အခုခေတ်မှာ ထမင်းဟင်း ချက်ပြုတ်တတ်သူ များများစားစား မရှိဘူးလို့တော့ မဆိုလိုပါဘူး။ ဒီလိုလူမျိုးတွေ ရှိခဲ့ရင်တောင် သူတို့ပတ်ဝန်းကျင်က လူတွေအတွက် တစ်နေ့ ထမင်းသုံးနပ် ချက်ပြုတ်ကျွေးမွေးဖို့ ဆန္ဒရှိသူ အလွန်ရှားပါသည်။ မင်းသမီးလေးလို ကြီးပြင်းလာခဲ့သော စုယန်ယန်လို မိန်းကလေးမျိုးဆို ဒီလိုလုပ်ပေးဖို့ မပြောနဲ့ဦး၊ ထိုသို့အတွေးပင် ရှိကြမှာ မဟုတ်ပေ။

ဦးလေးကျန်းသည် ဟောက်မိသားစုမှာ စီနီယာကျသည်။ ဟောက်ချန်ဟွမ်း၏ မိဘတွေ ရှိစဉ်ကတည်းက ဟောက်မိသားစုမှာ အလုပ် လုပ်လာခဲ့တာ ဖြစ်သည်။ ဟောက်ချန်ဟွမ်းက သူ့လက်ပေါ် ကြီးပြင်းလာတယ်လို့ ပြောလျှင်ပင် မမှားပေ။

သူတို့၏ လက်ထပ်ပွဲ အကြောင်း သူ စစသိတုန်းက သူ စုယန်ယန် အပေါ်မှာ သံသယ အချို့နဲ့ မလိုမုန်းထားမှုတွေပါ ရှိခဲ့သည်။

သို့ရာတွင် ဒီအချိန်ကာလ အတွင်း သူသည် ဟောက်ချန်ဟွမ်းအတွက် စုယန်ယန်၏ ဂရုစိုက်မှုနှင့် ပြုမူလုပ်ကိုင် ပေးနေတာတွေကို မြင်တွေ့ခဲ့ရသည်။ အခု သူတို့နှစ်ယောက်သား အပြန်အလှန် ပြောဆို ဆက်ဆံတာတွေကို မြင်လိုက်ရတော့ သူ့ စိတ်ခံစားချက်တွေ မထိန်းနိုင်ပဲ ဖြစ်သွားသည်။ သခင်လေးမှာ အမြင်ကောင်း ရှိတာပဲ။ သူပင် မစ်စုကို တစ်ချက် ကြည့်လိုက်တာနဲ့ သဘောကျသွားသည်။

ငါးမျက်လုံးကို ပုလဲနှင့် မှားယွင်းတဲ့ လူတချို့နဲ့ မတူဘူး၊ သူတို့ တစ်နေ့မှာ သေချာပေါက် နောင်တရကြလိမ့်မည်။

စုယန်ယန် တစ်ယောက် ဦးလေးကျန်း အတွေးများ နေတာကို မသိပေ။ နောက်ထပ် ဘန်းမုန့်တစ်ခုကို ကောက်ကိုင်ဖို့ ပြင်သည့်အချိန်တွင် သူမရှေ့တွင် မွှေးပျံ့သော ပဲနီလေးဆန်ပြုတ် တစ်ပန်းကန် ချထားတာကို တွေ့လိုက်ရသည်။

စုယန်ယန် တစ်ယောက် ပြောစရာ စကား ပျောက်ရှ သွားသည်။

***