အပိုင်း ၂၆၆
Viewers 1k

အခန်း (၂၆၆)

 

အတွေးရိုင်းများ

 

စုယန်ယန်သည် ဆန်ပြုတ်ပန်းကန် လားရာဆီသို့ ကြည့်လိုက်ရာ ဦးလေးကျန်းနှင့် အကြည့်ချင်း စုံတွေ့သွားခဲ့သည်။

 

“မင်္ဂလာဆောင်ပြီး ဒုတိယနေ့မှာ သတို့သမီးက ချီးကျူးဂုဏ်ပြုခံဖို့အတွက် ပဲနီလေး ဆန်ပြုတ် စားရမယ်လို့ ဦးလေး ကြားဖူးတယ်။ သခင်မလေးက ရှေးခေတ်ကမ္ဘာက အစားအသောက်တွေကို အရမ်းကြိုက်တဲ့အတွက် ဒီဓလေ့ကိုလည်း သဘောကျမယ်လို့ ထင်တဲ့အတွက် ဒီပဲနီလေး ဆန်ပြုတ်ကို ဦးလေး မီးဖိုချောင်ကို ချက်ပြုတ် ခိုင်းခဲ့တာပါ”

 

စုယန်ယန် တစ်ယောက် ပြောစရာ စကား ပျောက်ရှသွားသည်။

 

ပဲနီလေးဟာ အိမ်ထောင် ပြုပြီးပြီးချင်း နောက်တစ်နေ့ မနက်မှာ လင်မယား နှစ်ယောက်ကြား သံယောဇဉ်ကြိုး ပိုမို တိုးများလာ‌အောင် စွမ်းဆောင် ပေးတယ်လို့ သူမ တိကျသေချာစွာ မှတ်မိပေမယ့် အများအားဖြင့် သူတို့ ပြောကြတာကတော့...

 

ဒါကို တွေးလိုက်မိသည်နှင့် တစ်ပြိုင်နက် စုယန်ယန်၏ မျက်နှာလေးဟာ ရဲရဲနီသွားခဲ့ပြီး မနေ့ညက သူမတို့ ဘာမှမလုပ်မိကြောင်း ရှင်းပြဖို့ လုပ်မိတော့မလို ဖြစ်သွားပေမယ့် သူမတို့က လက်ထပ် ထိမ်းမြားပြီးသည့် တကယ့်ဇနီးမောင်နှံတွေ ဖြစ်သွားကြောင်း အမှတ်ရသွားခဲ့သည်။ ဒါကို ရှင်းပြစရာ မလိုဘူးလို့ သူမ ထင်သည်။

 

စုယန်ယန်သည် ဒီအရိပ်အမြွက်ကို တိတ်တဆိတ် လိုက်နာခဲ့ပြီး ရှက်သွေး ဖြန်းနေသော မျက်နှာလေးဖြင့် ပဲနီလေးဆန်ပြုတ်ကို တစ်ဇွန်းပြီး တစ်ဇွန်း စားနေခဲ့သည်။

 

သူမ ဆန်ပြုတ်ကို နာခံစွာ သောက်နေသည်ကို မြင်လိုက်ရသောအခါ ဦးလေးကျန်းသည် သူ့စိတ်ထဲတွင် အနည်းငယ် သက်သောင့်သက်သာရှိသလို ခံစားလိုက်ရသည်။

 

မနေ့ညက ကြင်စဦး ဇနီးမောင်နှံ နှစ်ယောက်သား အိမ်ထဲ ဝင်သွားပြီးနောက်မှာ သူ စိုးရိမ်ကြောင့်ကြလျက် ရှိနေသေးသည်။ အခန်းအပြင်ဘက်မှာ ခဏလောက်ရပ်ပြီး နားထောင်ကြည့်သည်။ စုယန်ယန်က ဟောက်ချန်ဟွမ်းကို အဝတ်ကူချွတ် ပေးရမလားလို့ မေးလိုက်သံကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

 

ထိုအချိန်တုန်းက ဦးလေးကျန်း၏ ပထမဆုံး အတွေးမှာ ဒီမိန်းကလေးက အသက်ငယ်ပေမယ့် အတွေ့အကြုံ ရှိပုံမရဘူးလို့ ထင်ခဲ့ပေမယ့် သခင်လေးရဲ့ ‌ရှေ့မှာ ဒီလောက် တက်ကြွနေမည်ဟု သူ မထင်ခဲ့ပေ။

 

ဒါပေမယ့် ဒါက ကောင်းပါသည်။ သူတို့ သခင်လေး၏ စိတ်နေ စိတ်ထားအရ၊ သူ့ကို ပြီးပြည့်စုံစေဖို့ တက်ကြွတဲ့ မိန်းကလေး တစ်ယောက် အမှန်တကယ် လိုအပ်နေသည်။

 

ထို့အပြင် စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို အောက်ထပ်သို့ ခေါ်ဆောင်လာပြီး သူမသည် မနေ့တုန်းက အရမ်း ပင်ပန်းနွမ်းနယ် နေသဖြင့် မသိစိတ်အရ သူမခါးလေးကို ရံဖန်ရံခါ ဆိုသလို ထောက်နေတာကိ သူ သတိပြုမိသည်။ ဦးလေးကျန်းသည် သူတို့နှစ်ယောက် မနေ့ညက ကိစ္စဝိစ္စ အားလုံးကို လုပ်ခဲ့တယ်လို့ သေချာပေါက် မှတ်ယူခဲ့သည်။

 

စုယန်ယန် တစ်ယောက် သူမ ရံဖန်ရံခါဆိုသလို ခါးကို လက်ထောက်သည့် ရိုးရှင်းသော အမူအကျင့်ကို ဦးလေးကျန်း အထင်လွဲ သွားလိမ့်မည်ဟု တွေးမိမှာ မဟုတ်ပေ။ ဘယ်လိုလုပ်ပြီး ဒီလူအိုကြီး၏ စိတ်ကူးများက ဖရဲသီး အရမ်းစားချင်စိတ် ကြီးနေမှန်း သူမ မသိသောကြောင့် ဖြစ်သည်။

 

မနက်စာ စားပြီးနောက် စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ ဘီးတပ် ကုလားထိုင်ကို တွန်းပြီး အပြင်ဘက်မှ ပန်းအလှတွေကို ရှုစားရန် ထွက်လာခဲ့ကြသည်။

 

“ဒါနဲ့ စကားမစပ်၊ ရှင် မနေ့ညက ဆေးရည်စိမ်ပြီး  နောက်ပိုင်း အဆင်မပြေသလို ခံစားရလား” စုယန်ယန်က စိတ်မကောင်း ဖြစ်နေမိသည်။

 

“ကျွန်မ တကယ်ပဲ... မနေ့ညက အိပ်ပျော် သွားခဲ့တယ်”

 

“အဆင်ပြေပါတယ်။ မနေ့ညက ကိုယ် ဆေးရည်စိမ်ပြီးလို့ အဆင်မပြေသလို မခံစားရပါဘူး။ ဆန့်ကျင်ဖက် အနေနဲ့ ကိုယ် ဆေးရည်စိမ်ပြီးတော့ ကိုယ့် ခြေတွေ လက်တွေက အရင်လို သိပ်မအေးတော့ဘူးလို့ ခံစားရတယ်။ မနေ့ညက ကိုယ် ကောင်းကောင်း အိပ်ပျော်သွားတယ်”

 

စုယန်ယန် တစ်ယောက် ဒီလို ပြောတာကို ကြားလိုက်ရတော့ စိတ်သက်သာရာ ရသွားခဲ့သည်။

 

 “တော်သေးတာပေါ့။ ရှင့်ရဲ့ ခြေတွေ လက်တွေ နွေးထွေးတယ်လို့ ခံစားရတာက ရှင့်ရဲ့ သွေးလည်ပတ်မှု အခြေအနေ ကောင်းလာတယ်လို့ ဆိုလိုတာပဲ။ ကျွန်မ ရှင့်ကို ဒီည အပ်စိုက်ကုထုံးနဲ့ အနှိပ်ကုထုံး တွဲဖက် ကုသပေးမယ်။ ပြီးရင် အကျိုးအာနိသင် ပိုမိုထိရောက်မှုရှိစေဖို့ ရှင့်အတွက် ဆေးဖက်ဝင် ဟင်းလျာအချို့ ပြင်ဆင်ပေးမယ်”

 

“အင်း”

 

ဟောက်ချန်ဟွမ်း၏ ပူးပေါင်း ဆောင်ရွက်ပေးမှုကြောင့် စုယန်ယန် တစ်ယောက် ဝမ်းသာ သွားခဲ့သော်လည်း သိချင်စိတ်လည်း ဖြစ်မိသည်။

 

“ကျွန်မ အမှားတွေ လုပ်မိပြီး ရှင့်ကျန်းမာရေးကို ပိုမို ဆိုးရွားသွားအောင် လုပ်မိမှာကို မစိုးရိမ်ဘူးလားဟင်”

 

“မင်း မလုပ်နိုင်ဘူး”

 

စုယန်ယန် တစ်ယောက် ရုတ်တရက် လန့်ထိတ်သွားသည်။

 

“ဘာကြောင့် ဒီလို ပြောတာလဲ”

 

“မင်း မလုပ်ရက်ဘူး”

 

စုယန်ယန်၏ အတွေးတွေ ပွင့်ထွက်လာပြီး ဟွန့်လို့ နှာခေါင်းရှုံ့ကာ “အခုတော့ ကျွန်မကို အရမ်း ယုံကြည်နေတယ်ပေါ့လေ။ ကျွန်မ အထင်သေးမှာကို ကြောက်တဲ့သူက ဘယ်ရောက် သွားတာလဲလို့ တွေးမိတယ်”

 

ဟောက်ချန်ဟွမ်းက သူမကို မသိစိတ်အရ ခေါင်းလှည့်ကြည့်မိပြီး ကျီစယ်လိုက်သည်၊

 

“အဲ့ဒီအချိန်တုန်းက မင်း ကိုယ့်ကို အရမ်းကြိုက်နေမှန်း ကိုယ် မသိလို့လေ။ သေချာပေါက် ကိုယ် စိုးရိမ်ရတာပေါ့”

 

“အခုတော့ ရှင် သိသွားပြီလား”

 

“အင်း...”

 

စုယန်ယန်က မာနကြီးစွာ နှာခေါင်းရှုံ့ လိုက်ပြီး ဟောက်ချန်ဟွမ်း၏ ပြောစကားကို ပြန်လည်ချေပခြင်း မရှိပေ။

 

ဟောက်ချန်ဟွမ်း၏ နှုတ်ခမ်းထောင့်စွန်းက ကွေးညွှတ်သွားခဲ့သည်။ သူ ချက်ချင်းဆိုသလို တစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး နူးညံ့စွာ မေးလိုက်သည်၊ “မင်း ဒီနေ့ အပြင်မသွားဘူးလား”

 

စုယန်ယန်က တေးသီချင်း ညည်းဆို နေရာမှာ ရုတ်တရက် ရပ်တန့်သွားပြီး မပျော်ရွှင်သည့် ဟန်ဖြင့် ‌ပြောလိုက်သည်။

 

“ဒါက ကျွန်မတို့ရဲ့ မင်္ဂလာဆောင်ပြီး ပထမဆုံး နေ့ရက်လေ၊ ရှင်က ကျွန်မကို နှင်ထုတ်ချင်နေတာလား”

 

“မဟုတ်ပါဘူး၊ မင်း ဆိုင်ဖွင့်ကတည်းက နေ့တိုင်း အလုပ် အရမ်းများ နေတယ်လို့ မင်းအစ်ကိုဆီက ကိုယ် ကြားခဲ့လို့လေ”

 

“ကျွန်မတို့ အိမ်ထောင်ကျပြီးလို့ အတူရှိနေမယ့် အချိန်တွေအတွက် အချိန်က အမြဲတမ်း ရှိနေမှာပါ”

 

တကယ်တော့ ဟောက်ချန်ဟွမ်း နေမကောင်း ဖြစ်နေလို့သာ မဟုတ်ရင် လက်ထပ်ပြီးတာနဲ့ သူမတို့ ဟန်နီးမွန်းခရီး သွားကြမှာပဲ ဖြစ်သည်။

***