အပိုင်း ၃၀၅
Viewers 1k

အခန်း (၃၀၅)

- အရေးကြီးတာက မင်းလုပ်ချင်ရဲ့လား

 

ထို့နောက် စုယန်ယန်သည် သူတို့အား သူမပြောခဲ့သော စကားများကို ပြန်ပြောပြခဲ့သည်။

 

အဖိုးချိန်သည် စုယန်ယန်ကို အပြစ်တင်မရှိဘဲ၊ သူတို့ နှစ်ယောက် ကဲ့သို့ အဖြေမတောင်းခဲ့ပေ။ “အင်း၊ အဖိုးသိပြီ။” ဟု တည်ငြိမ်စွာ ပြန်ဖြေသည်။

 

သူ့အသံကိုကြားရတာ စုယန်ယန်က အသေးအဖွဲ ကိစ္စတစ်ခုခုကို ပြောနေသည့်ဟန်ပင်။

 

စုယန်ယန်၏ နှလုံးသားသည် လေးလံနေပြီး သူမအား အမြဲသည်းခံပြီး ကူညီပေးခဲ့တဲ့ ဒီအကြီးအကဲရဲ့ရှေ့မှာတော့ သူမရဲ့ စစ်မှန်ပြီး အကူအညီမဲ့တဲ့ တစ်ဖက်ခြမ်းကို ပြသခဲ့သည်။

 

"အဖိုး၊ အဖိုး ဘာဖြစ်လို့ သမီးကို မမေးတာလဲ။ အားလုံး သိချင်နေကြတယ်။ အဖိုးက ဘာဖြစ်လို့ မမေးတာလဲ။"

 

အဖိုးချိန်က သက်ပြင်းမချခင် အချိန်အတော်ကြာအောင် တိတ်ဆိတ်နေခဲ့သည်။ “လူငယ်တွေမှာ သူတို့ရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်လေးတွေ ရှိကြတာ ပုံမှန်ပါပဲ။ မင်း ငယ်ငယ်ကတည်းက မင်းမှာ ကိုယ်ပိုင်စိတ်ကူးတွေ ရှိခဲ့တယ်။ အဖိုးက မင်းရဲ့အကျင့်စရိုက်ကို  သိတယ်။ မင်းမှာ ပြောရခက်တဲ့အချက်ကြောင့် မဟုတ်ရင် မင်းမိသားစုကို ဘယ်တော့မှ လိမ်မှာမဟုတ်ဘူး။ ယန်ယန်၊ လူတိုင်းက မင်းကို အတင်းတွန်းအားပေးရင်တောင် အဖိုးက မင်းရဲ့ဘေးမှာ ခြွင်းချက်မရှိ အမြဲရပ်တည်ပေးမယ်၊ မင်းရဲ့လျှို့ဝှက်ချက်တွေကို စောင့်ရှောက်ပြီး မင်းကိုကာကွယ်ပေးမယ် ဆိုတာကို မင်း သတိရရမယ်။ ဒါကြောင့် မင်း ကိုယ့်ကိုယ်ကို အရမ်းဖိအားမပေးပါနဲ့။ အဖိုးက ဒီမှာရှိတယ်။"

 

စုယန်ယန်သည် ထိုစကားကိုကြားတော့ သူမ၏ မျက်ရည်များကို မထိန်းထားနိုင်တော့ဘူး။

 

သူမ မသိနိုင်တော့သည့် အနာဂတ်တွင် သူမအား ခြွင်းချက်မရှိ ပံ့ပိုးပေးမည့် မိသားစုနှင့် အကြီးအကဲတစ်ဦး ရှိနိုင်သည်။

 

သူက သူမကို ပြောသည်၊ 'အဖိုး မင်းအနားမှာ ရပ်တည်ပေးမယ်၊ မင်း ဖိအားတွေ ခံစားစရာ မလိုဘူး။ နှင်းမုန်တိုင်းက ဘယ်လောက်ပဲ ကြီးနေပါစေ မင်းကို ကူညီဖို့ ငါရှိနေမယ်။'

 

သူ့မျက်လုံးထဲမှာတော့ သူမဟာ သူအမြဲတမ်း ကာကွယ်စောင့်ရှောက်ရမယ့် ကလေးငယ်တစ်ယောက်ဖြစ်ပြီး အမြဲတမ်း သူ ယုံကြည်စိတ်ချနိုင်တဲ့ ငယ်ရွယ်သူတစ်ယောက်လည်း ဖြစ်လိမ့်မည်။

 

စုယန်ယန်သည် ထိုနေ့တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကြောင့် စိတ်ရှုပ်သွားခဲ့ရသည်။ နေ့လည်ပိုင်းတွင် တုန်ချမ်းသို့သွားမည့် သူမ၏ မူလအစီအစဉ်ကို ခေတ္တ ဆိုင်းငံ့ထားသည်။

 

စုယန်ယန်သည် တစ်ညတာအတွက် ငွေစာရင်းရှင်းတမ်း ဖြေရှင်းခဲ့ပြီးနောက်တွင်  လေးလံသောနှလုံးသားဖြင့် ဟောက်မိသားစုအိမ်ထံ ပြန်သွားခဲ့သည်။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်စောစောပြန်လာမည်ဟု မမျှော်လင့်ထားပေ။ ဟောက်ချန်ဟွမ်းတစ်ယောက် အံ့သြသွားခဲ့သည်။ "မင်း ဘာဖြစ်လို့ အစောကြီး ပြန်လာတာလဲ။ ကိုယ့်ကို သတိရလို့လား။"

 

စုယန်ယန်သည် ပြေးလာပြီး သူ့ကို ပွေ့ဖက်လိုက်သည်။

 

"ယန်ယန်" ဟောက်ချန်ဟွမ်းသည် စုယန်ယန်ထံတွင် တစ်ခုခုမှားနေပြီဟု ခံစားမိသည့်အတွက် သူမကို နှစ်သိမ့်ပေးရန် ကျောကို လက်ဖြင့် ပုတ်ပြီး “ဘာဖြစ်တာလဲ၊ တစ်ယောက်ယောက်က မင်းကို အနိုင်ကျင့်ခဲ့လို့လား။" ဟု မေးခဲ့သည်။

 

“မဟုတ်ပါဘူး၊ ကျွန်မကို ဘယ်သူကမှ အနိုင်ကျင့်ခဲ့တာ မဟုတ်ဘူး။”

 

“ဒါဆိုရင်…”

 

"ကျွန်မ ရှင့်ကို မေးခွန်းတစ်ခုမေးချင်တယ်။"

 

"ဘာလဲ။"

 

“အများပြည်သူအတွက် အကျိုးပြုတဲ့ အရာတစ်ခု ရှိတယ်ဆိုရင် ဒါပေမယ့် ရှင်လုပ်ပေးရင်တောင်  တခြားသူတွေရဲ့ ကျေးဇူးတင်တာကို ခံရမှာ မဟုတ်သလို ရှင့်ရဲ့ မိသားစုကိုတောင် ဒုက္ခဖြစ်စေနိုင်တယ်။ အဲဒီအခါမှာ ရှင် ဒါကို လုပ်ဖို့ ဆန္ဒရှိနေသေးလား။”

 

စုယန်ယန် ပြောတဲ့စကားကို ကြားသောအခါ ဟောက်ချန်ဟွမ်း၏ မျက်လုံးတွေက အေးစက်သွားသည်။‌ ဟောက်ချန်ဟွမ်းသည် သူ့လက်အောက်ငယ်သားတွေ ယနေ့ ပေးပို့ခဲ့သောသတင်းကို ပြန်တွေးမိပြီး သူ့စိတ်ထဲတွင် မှန်းဆချက်အချို့ရှိသည်။

 

"ဒါက အရေးကြီးဆုံးလို့ ကိုယ်မထင်ဘူး။"

 

ဒီအဖြေက စုယန်ယန်ကို အံ့အားသင့်သွားစေသည်။ "ဒါဆို ဘာက အရေးကြီးဆုံးလို့ ရှင်ထင်လဲ။"

 

"မင်းလုပ်ချင်လား။" ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ မျက်နှာကို ဆုပ်ကိုင်ထားပြီး သူ့မျက်လုံးများကို ကြည့်ခိုင်းသည်။ "အဲ့တာကို မင်း လုပ်ချင်လား။ မင်း လုပ်ချင်တယ်ဆိုရင် လုပ်လိုက်ပါ။ မင်း မလုပ်ဘူးဆိုရင် ငြင်းပယ်လိုက်ပါ။ မင်းမှာ ရွေးချယ်ပိုင်ခွင့်ရှိတယ်။ ကိုယ် မင်းကို ရွေးချယ်ပိုင်ခွင့် ပေးမယ်။ မင်းအတွက်​ ဖြစ်လာမယ့် အကျိုးဆက်​ကို ကိုယ်​ခံယူ​မယ်​။"

 

ရိုးရှင်းသော ကတိစကားတစ်ခုသည် မယိမ်းယိုင်သောသန္နိဋ္ဌာန်နှင့် ရဲရင့်မှုကို ဖုံးကွယ်ထားကာ စုယန်ယန်ရဲ့ နှလုံးသားကို ထိန်းမနိုင်သိမ်းမရ လှုပ်ခါစေသည်။

 

“အများပြည်သူအတွက် ဘာအကျိုးရှိမလဲဆိုတာကို ကိုယ် ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဖူးသလို တခြားသူတွေရဲ့ ကျေးဇူး အတင်ခံရမှာကိုလဲ ကိုယ် ဂရုမစိုက်ဘူး။ ကိုယ်က မင်းကိုပဲ ဂရုစိုက်တယ်။"

 

မင်းပျော်ရင် ကိုယ်ပျော်တယ်။ မင်းဝမ်းနည်းရင် ကိုယ်လည်း ဝမ်းနည်းတယ်။ ဘဝမှာ အဖြစ်အပျက်ပေါင်း တစ်ရာ ကြုံတွေ့ရမှာပဲ၊ မလွဲမသွေ လောဘ၊ ဒေါသ၊ မောဟ တစ်ခုမဟုတ် တစ်ခုနဲ့ ကြုံတွေ့ရမှာ အမှန်ပင်။