အခန်း (၃၄၃) - ဒါဆို ကွာရှင်းမယ်
စုယုရွှမ်သည် သူ့နှုတ်ခမ်းတွေကို
ပိတ်လိုက်ကာ မပျော်မရွှင် ပြောလာခဲ့သည်။ “ငါတို့ ဒီကိစ္စကို ဒီလိုပဲ မထားလိုက်နိုင်ဘူး။
ဟောက်ချန်ဟွမ်းကို သူဘယ်ဘက်မှာရပ်မှာလဲလို့ မေးလိုက်။ ဟောက်မိသားစုက မင်းကို ဒီလို
အနိုင်ကျင့်ရဲရင် စုမိသားစုက ဒါကို သည်းခံနေဖို့ အကြောင်းပြချက် မရှိဘူး။ ငါသူ့ကို
မင်းလဲကျနေတဲ့အချိန်မှာ မင်းကိုမရိုက်ခိုင်းပါဘူး။ ဒါပေမယ့် မင်းအပေါ်ထားတဲ့ သူ့အသိစိတ်
ရှိနေသေးတယ်ဆိုရင်တော့ ဘေးကနေပဲ စောင့်ကြည့်နေသင့်တယ်။ သူ အဲ့မိသားစုနဲ့ လက်တွဲဝံ့ရင်
ငါလည်း သူ့ကို ကောင်းကောင်းဂရုစိုက်ပေးလိုက်မယ်။”
ဟောက်ချန်ဟွမ်းသည် ထိုစကားအား
ကြားလိုက်သည်နှင့် သူ ဒါကို သေချာ မရှင်းပြနိုင်ရင် နားလည်မှုလွဲသွားတော့မယ်ဟု ခံစားလိုက်ရ၏။
သူသည် ရှေ့ကို အမြန်တိုးကာ စုယန်ယန်ကို ဖုန်းခဏ ပေးခိုင်းလိုက်သည်။
“အစ်ကိုကြီး”
စုယုရွှမ်သည် ဟောက်ချန်ဟွမ်း၏
အသံကြောင့် အဖမ်းခံလိုက်ရသလိုပင်။ သူသည် ခဏလောက် အေးခဲသွားပြီး သူ့အမူအရာလည်း သိသိသာသာ
ပြောင်းလဲသွားသည်။ “ဟမ့်”
ဟောက်ချန်ဟွမ်းသည် သူ၏ သိသိသာသာ
ခွဲခြားဆက်ဆံမှုကို စိတ်မ၀င်စားပေ။ သူက လေသံလေးဖြင့် ပြောလိုက်သည်။ “စိတ်မပူပါနဲ့၊
ကျွန်တော်တို့ လက်ထပ်ပြီး မကြာခင်မှာပဲ သူတို့နဲ့ လုံးဝခွဲထွက်ခဲ့တာပါ။ ဒီတခေါက် ဟောက်ကော်ပိုရေးရှင်းရဲ့
ကိစ္စတွေကိုလည်း ကျွန်တော် စွက်ဖက်ထားတယ်။ အစ်ကိုကြီးပြောသလိုပဲ၊ သူတို့က ယန်ယန့်ကို
ပြဿနာရှာရဲရင် ဒီကိစ္စက လွယ်လွယ်နဲ့ ပြီးသွားမှာမဟုတ်ဘူး။ ကျွန်တော့်ရပ်တည်ချက်ကို
ကျွန်တော်သိပါတယ်။”
စုယန်ယန်သည် ပြုံးကာ အော်လိုက်သည်။
“ဟုတ်တာပေါ့ ကိုကြီး။ သူသာ သူတို့ကို ကူညီရဲရင် ပထမဆုံး သဘောမတူမဲ့လူက ညီမလေးပါပဲ။”
သူတို့နှစ်ဦးသား အတိုင်အဖောက်ညီနေသည်ကို
ကြားသောအခါ စုယုရွှမ်၏ နှုတ်ခမ်းများမှာ တွန့်ချိတ်သွားသည်။ သူ မပျော်မရွှင်ဘဲ ပြောလိုက်၏။
“မင်းက ဘယ်လိုလုပ်ပြီး သဘောမတူမှာလဲ။ မင်း သူ့ကို ချက်ချင်းကွာရှင်းမှာလား။”
စုယန်ယန်သည် မျက်တောင်ခတ်လိုက်ပြီး
ဟောက်ချန်ဟွမ်းကို လှည့်ကြည့်လိုက်သည်။ သူမ စိတ်ထဲတွင် အဖြေရှိနေပြီးပုံရပြီး ခိုင်ခိုင်မာမာပဲ
ဖြေလိုက်သည်။ “ဟုတ်တယ်”
ဟောက်ချန်ဟွမ်းသည် မျက်တောင်ခတ်လိုက်သော်လည်း
ဘာမှမပြောပေ။
စုယုရွှမ်သည် စုယန်ယန်၏ စကားကိုကြားသောအခါ
သူ့အပေါ်ခံစားချက် ရှိသောကြောင့် သူမ၏ အသိစိတ်လေးကိုတော့ မဆုံးရှုံးသေးကြောင်း သိလိုက်သည်။
သူ ပုံမှန်ပင် ပြောလိုက်သည်။ “ကောင်းပြီ၊ မင်းစကားကြောင့် ငါပိုပြီးသက်တောင့်သက်သာရှိသွားပြီ။
ကိုယ့်ကိုယ်ကို ဒုက္ခမပေးပါနဲ့။ သူမရှိတော့ရင်တောင် မင်းမှာ ငါတို့ရှိနေတုန်းပဲ။ ငါတို့က
မင်းအနိုင်ကျင့်ခံရတာကို ရပ်ကြည့်နေမှာ မဟုတ်ဘူး။”
စုယန်ယန်သည် ပြုံးကာ တိုးတိုးလေး
ပြန်ဖြေလိုက်သည်။ “သိပါတယ်။”
မောင်နှမနှစ်ယောက်သား တခြားအကြောင်းအရာများကို
စကားပြောဆိုပြီးနောက် စုယုရွှမ်မှ စုယန်ယန် ပြန်လာမည့်အကြောင်းကို သေချာ အတည်ပြုကာ
ဖုန်းချလိုက်ကြသည်။
စုယန်ယန်တစ်ယောက် စိတ်သက်သာရာရစွာ
သက်ပြင်းချပြီးချိန်တွင် ဟောက်ချန်ဟွမ်းမှ မေးလာခဲ့သည်။ “ကွာရှင်းမယ် ဟုတ်လား။”
“ဒါက ကိုကြီး စိတ်ကျေနပ်အောင်
ပြောလိုက်တဲ့ စကားလေးတစ်ခွန်းပါပဲ။ ရှင်က ကျွန်မကို မမျှမတ မဆက်ဆံဘူးဆိုတာ ကျွန်မသိပါတယ်။”
“ကိုယ်က အဲ့လိုလုပ်ခဲ့ရင်ရော ဘယ်လိုလုပ်မလဲ။”
စုယန်ယန် အနည်းငယ် ထိတ်လန့်သွားရသည်။
သူမသည် ဟောက်ချန်ဟွမ်း၏မျက်လုံးများကို တည့်တည့်စိုက်ကြည့်ကာ ချက်ချင်း ပြောလိုက်သည်။
“ဒါဆို ကျွန်မတို့ ကွာရှင်းမယ်။”
“ဘာလို့လဲ။”
“ဘာလို့လဲဆိုတော့ ရှင်သာ တကယ်
အဲ့လိုလုပ်ရင် ရှင်က ကျွန်မထင်ထားတာနဲ့ မတူတော့ဘူး။ အဲ့ဒီလူဆိုးတွေအတွက် ရှင်က ကျွန်မနဲ့
ကျွန်မမိသားစုကို ဆန့်ကျင်မှာလေ။ အဲ့လို ခင်ပွန်းသည်မျိုးကိုမှ မကွာရှင်းရင် ဘာလုပ်မှာလဲ၊
အဲ့လူကို နှစ်သစ်အထိ ထားထားရမှာလား။”
ဟောက်ချန်ဟွမ်းသည် စုယန်ယန်အား
အကြာကြီး စိုက်ကြည့်နေပြီးမှ ပြုံးလိုက်သည်။ “မင်းပြောတာ မှန်တယ်။”
“ဟမ်။”
“အဲဒီနေ့မျိုး ဘယ်တော့မှ ရှိလာမှာ
မဟုတ်ဘူး။”
စုယန်ယန်သည် သူဘာကိုဆိုလိုသည်ကို
နားလည်ပြီး ပြုံးလိုက်သည်။ “အဲ့ဒါဆို ကျွန်မ စောင့်ကြည့်နေမယ်နော်။”
စုယန်ယန် တစ်ခုခုကို တွေးမိလိုက်သည်။
“အိုး ဟုတ်သားပဲ၊ ကျွန်မ ရှင်နဲ့ ဆွေးနွေးစရာရှိတယ်။”
“ဘာအကြောင်းလဲ။”
“ကျွန်မ ယဲ့ချီလျန့်ရဲ့ အဆိုပြုချက်ကို
သဘောတူပြီး ကျွန်မမှာရှိတဲ့အရာတချို့ကို သင်ကြားပေးဖို့ စီစဉ်ထားတယ်။”
ဟောက်ချန်ဟွမ်းသည် ယဲ့ချီလျန့်က
ဘယ်သူလဲဆိုတာ သူမကို မမေးခဲ့သလို ယဲ့ချီလျန့်ရဲ့ အဆိုပြုချက်က ဘာလဲဆိုတာကိုလည်း သူမကို
မမေးခဲ့ပေ။ သူသည် အသံခပ်တိုးတိုးဖြင့်သာ မေးလိုက်၏။ “မင်း အရင်ရက်တွေက တွေးနေခဲ့တာ
ဒါလား။”
“…ကောင်းပြီလေ။”
“မင်း တစ်ခုခု လုပ်ချင်နေသရွေ့
မင်းကို ခြွင်းချက်မရှိ ပံ့ပိုးပေးနေမှာလို့ ကိုယ် မင်းကို ပြောခဲ့ပါတယ်။ ဖြစ်လာမယ့်
အကျိုးဆက်အတွက် စိတ်မပူနဲ့။ ကိုယ်တစ်ယောက်လုံးရှိတယ်။”
ဟောက်ချန်ဟွမ်းသည် ခဏရပ်လိုက်ပြီး
ထပ်ပြောလိုက်သည်။ “မင်းရဲ့ တခြားမိသားစုဝင်တွေကလည်း မင်းရဲ့နောက်မှာ ရှိနေတယ်။”