အပိုင်း ၃၄၂
Viewers 1k

 

အခန်း (၃၄၂) - ရှောက်သီးချဉ်ချဉ်

 

သူ့လေသံတွင် ချဥ်စူးနေသော အရိပ်အငွေ့များ ရှိနေသော်လည်း စုယန်ယန်မှာ သူမအစ်ကိုကြီး၏ အခါအားလျော်စွာ ပေါက်ကွဲမှုများကို ကျင့်သားရနေပုံရ၏။ သူမသည် သူ့အား ချော့လိုက်သည်။ “မကြာသေးခင်က အလုပ်တွေများနေတာနဲ့မို့ ကိုကြီးနဲ့ မိဘတွေဆီ မဆက်သွယ်ဖြစ်ဘူး ဖြစ်နေတာ။ ကိုကြီး အခြေအနေဘယ်လိုလဲ။”

 

“ငါကတော့ ကောင်းပါတယ်၊ ဒါပေမယ့် အိမ်မှာ လူတစ်ယောက်လျော့နေတော့ အရမ်းဟာတာတာကြီး ဖြစ်နေတယ်။”

 

စုယန်ယန်သည် ခဏတာ ကြောင်သွားပြီး သူမနှလုံးသားလေးမှာလည်း နွေးထွေးသွား၏။  သူမက ပြုံးကာ ပြောလိုက်သည်။ “ဒါဆို ကျွန်မနဲ့ ချန်းဟွမ် ဒီအပတ် ပြန်လာမယ်လေ။”

 

စုယန်ယန်သည် တစ်ခုခုကို တွေးလိုက်ပြီးနောက် ဆက်ပြောလိုက်သည်။ “ကိုကြီးအတွက် စားကောင်းတာ တစ်ခုခု ယူလာပေးမယ်။”

 

“ငါက စုမိသားစုရဲ့ သခင်ငယ်လေးပါ။ ဘယ်လိုအစားအစာကောင်းကိုများ ငါက မစားဖူးပဲ နေမှာလဲ။ မင်းယူလာမယ့် အစားအသောက်တွေအတွက် ငါက ဘာဖြစ်လို့ စိတ်ပူနေရမှာလဲ။”

 

“အင်းပါ ဟုတ်ပါပြီ ဟုတ်ပါပြီ။ ကိုကြီးက အဲ့ဒါကို ဂရုမစိုက်ပါဘူး။ မကြာသေးခင်ကမှ ဟင်းပွဲအသစ်တွေကို သုတေသနပြုထားတာဆိုတော့ ညီမလေးချက်ပြုတ်တဲ့ဟင်းကို စားကြည့်စေချင်တာပါ။” အိမ်မှာ ဟင်းချက်တဲ့အခါ ဘယ်သူက အများဆုံးစားလဲ သူမ မသိတာကျလို့။

 

သူ့ညီမလေး၏ စကားကြောင့် စုယုရွှမ်တစ်ယောက် ကို့ရို့ကားယား ပြောလိုက်သည်။ “မင်းအဲ့လိုပြောမှတော့ ငါတို့ မင်းကို အိမ်မှာစောင့်နေမယ်။ ဟောက်မိသားစုနဲ့ လက်ထပ်ပြီးတော့ မင်းရဲ့ ချက်ပြုတ်နည်းတွေ ပိုကောင်းလာမလားဆိုတာ စောင့်ကြည့်ရမှာ‌ပဲ။”

 

“အမ်း”

 

စုယုရွှမ်သည် စုယန်ယန်နှင့် ခဏလောက် စကားစမြည်ပြောပြီးနောက် မေးလိုက်သည်။ “မင်းမှာ မေးချင်တာများ ရှိသေးလား။”

 

“အဟမ်း ညီမလေး ကိုကြီးကို မေးစရာရှိတယ်။ ဟောက်ကော်ပိုရေးရှင်းအကြောင်း အစ်ကိုကြီးများလုပ်…”

 

“ဒါပေါ့။ ဒီမီးတောက်တွေကို ပိုတောက်စေဖို့ မီဒီယာကို လာဘ်ထိုးခဲ့တယ်။ ငါ့ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ကို တိတ်တိ‌တ်လေးတွေ့ပြီး ဟောက်ချီဟန်ကို ဖိအားပေးဖို့ သူ့မိသားစုရဲ့အကြီးအကဲတွေကို အကူအညီတောင်းခဲ့တယ်။”

 

စုယန်ယန်က ဒါကို မမေးခဲ့ရင် ပိုကောင်းလိမ့်မယ်။ စုယုရွှမ်သည် ထိုအရာများကို ထုတ်ပြောပြီးမှ စိတ်မကောင်းဖြစ်မိသွားသည်။

 

ပြန်တွေးကြည့်ရရင် သူ့ညီမ ကျောင်းမှာ အနိုင်ကျင့်ခံရတယ်ဆိုရင် မျက်လုံးတွေနီရဲပြီး အိမ်ပြန်ရောက်တာနဲ့ သူ့ကို အရင်ဆုံးလာရှာပြီး တိုင်ပြောသည်။

 

အခု ဟောက်ရှောက်ဖုန်းက ဟိုမိန်းမကို ပြဿနာရှာဖို့ ခေါ်လာခဲ့ပေမယ့် အဲ့အကြောင်းကို သူ့ကို ပြောတောင်မပြောပြခဲ့ဘူး။ ယောက်ျားရသွားတော့ အစ်ကိုဖြစ်သူကို မလိုချင်တော့ဘူး။

 

ထိုအတွေးကြောင့် စုယုရွှမ်သည် နှာမှုတ်ကာ ပြောလိုက်သည်။ “ဟောက်ချန်ဟွမ်းက မင်းကို ပြောပြခဲ့တာလား။ သူ့ရည်ရွယ်ချက်က ဘာလဲ။ သူက ငါ့ကို မေးခွန်းထုတ်ချင်နေတာလား။ ငါက ဟောက်ကော်ပိုရေးရှင်းကို မထိသင့်ဘူးလို့ သူထင်နေတာလား။”

 

စုယန်ယန် ဖုန်းခေါ်တော့ ဟောက်ချန်ဟွမ်းမှာ သူမအနားတွင် ရှိနေသည်။ သူမသည် ဖုန်းအား စပီကာမဖွင့်ထားပေမယ့် စုယုရွှမ်ရဲ့ အသံကလည်း နူးညံ့မနေပေ။

 

စုယန်ယန်သည် သူ့စွပ်စွဲချက်ကို ကြားသောအခါ ဟောက်ချန်ဟွမ်းကို မသိစိတ်က တစ်ချက်လှည့်ကြည့်လိုက်မိသည်။ သူ့အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို သူမ မြင်လိုက်ရသည်။ သူသည် သူမအား ငြင်သာစွာ စိုက်ကြည့်နေခဲ့ပြီး စိတ်ဆိုးပုံမပေါ်ပေ။

 

စုယန်ယန်သည် သက်ပြင်းတစ်ချက်ချကာ ပြောလိုက်သည်။ “ကိုကြီး သူ့ကို အထင်လွဲနေတာပါ။ သူက အဲ့လိုဆိုလိုချင်တာ မဟုတ်ပါဘူး။ တကယ်တော့ ဟောက်ကော်ပိုရေးရှင်းမှာ ဒီတစ်ကြိမ် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စမှာ သူပါဝင်ခဲ့တယ်။ သူက ညီမလေးအတွက် လက်စားချေပေးနေတာပါ။”

 

စုယုရွှမ်သည် စုယန်ယန်၏ ရှင်းပြချက်ကိုကြားပြီးနောက် ခဏတာ အသံတိတ်သွားပြီးမှ ဆက်ပြောလိုက်သည်။ “အနည်းဆုံးတော့ သူကမှ သိတတ်သေးတယ်။”

 

စုယန်ယန်သည် အစ်ကိုဖြစ်သူက ဟောက်ချန်ဟွမ်းအား ချီးကျူးစကား ပြောသည်ကို ကြားလိုက်ရသောအခါ သူမ ပျော်ရွှင်စွာ ပြောလိုက်သည်။ “သူက အမြဲတမ်းသိတတ်ပါတယ်။ ကိုကြီး စိတ်မပူပါနဲ့။ သူက အခု ညီမလေးကို အချစ်ဆုံးပါ။”

 

စုယုရွှမ်၊ “…”

 

အစောင့်အကြပ်မှ ဖမ်းခံလိုက်ရသည့် စုယုရွှမ်သည် ရှောက်သီးတစ်လုံးကို စားလိုက်ရသလို ခံစားလိုက်ရ၏။  သူ့ တစ်ကိုယ်လုံး ချဉ်နေသလို ခံစားလိုက်ရသည်။ သို့သော် သူ့ရဲ့ ချဉ်စူးမှုတွေကို သူ့ညီမအား မထိစေပေ။

 

သူ့ရဲ့ အချဉ်ဓာတ်ကို ဒေါသအဖြစ်သို့သာ ပြောင်းလဲကာ အေးစက်စက် ပြောလိုက်သည်။ “ဟောက်ရှောက်ဖုန်းနဲ့ အဲ့ဒီမိန်းမ သူတို့ရဲ့ ကံကောင်းမှုလေးကို တကယ်တွန်းထုတ်နေတာပဲ။ သူတို့အတွက် ဘာကကောင်းလဲဆိုတာ သူတို့မသိဘူး။ မင်းက သူတို့ကို ပြဿနာမရှာတာပဲ လုံလောက်နေပြီ၊ ဒါပေမယ့် သူတို့က မင်းကို အနိုင်ကျင့်ဖို့ လာခဲ့သေးတယ်။ ငါတို့သာ သူတို့ကို သင်ခန်းစာမပေးရင် စုမိသားစုက အနိုင်ကျင့်ဖို့ လွယ်တယ်လို့ သူတို့ တကယ်ထင်သွားလိမ့်ဦးမယ်။”

 

စုယုရွှမ်သည် ဗီဒီယိုကြောင့်လည်း အနည်းငယ် ဝင်ပါခဲ့တာဖြစ်သလို မိသားစုနှစ်ခုကြား စေ့‌စပ်ပွဲပြိုကွဲသွားသောကြောင့် ရန်သူဖြစ်သွားကြသောကြောင့် အနည်းငယ် ဝင်ဆွပေးခဲ့တာလည်း ဖြစ်သည်။

 

ယခု ဟောက်ရှောက်ဖုန်းသည် သူ့အခြေအနေကို အလွန်မသိနားမလည်သောကြောင့် စုမိသားစုက သူ့အား သေသည်အထိ တိုက်ခိုက်ချင်လာအောင် တွန်းအားပေးနေသည်မှာ သိသာထင်ရှားပေသည်။