အခန်း (၃၄၁) - သူမ၏ ချဉ်စူးနေသော
အစ်ကို
ဟောက်ရှောက်ဖုန်းအား ဟောက်ကော်ပိုရေးရှင်းမှ
ထုတ်ပယ်ရန် ဆုံးဖြတ်ချက်သည် သူ ဆေးရုံတက်နေဆဲအချိန်တွင် ချခဲ့တာဖြစ်သည်။
တခြားသူဆီမှ ဒီအကြောင်းကို သိလိုက်ရသည့်အချိန်တွင်
ဟောက်ချီဟန်အား ဖုန်းခေါ်ပြီး အတည်ပြုဖို့ အရမ်းနောက်ကျနေပြီဖြစ်၏။
ဟောက်ရှောက်ဖုန်းသည် အမြဲလိုလို
မာနကြီးပြီး အထက်စီးဆန်သည်။ ဟောက်ကော်ပိုရေးရှင်း၏ အနာဂတ် အမွေဆက်ခံသူအဖြစ် သူ့ကိုယ်သူ
အမြဲတမ်း မှတ်ယူထားခဲ့သော်လည်း ခြေတစ်လှမ်းလောက်သာဝေးတော့သည့်အချိန်တွင် ကုမ္ပဏီမှ
တိုက်ရိုက်ထုတ်ပယ်ခံခဲ့ရသည်။
ဒီအချက်သည် ဟောက်ရှောက်ဖုန်း၏မျက်နှာအား
ဖိနပ်နှင့်နင်းကာ မြေကြီးပေါ်မှာ ဖိကြိတ်နေသလိုမျိုးပင်။ ဒါက သူ့ကိုသတ်လိုက်တာထက်ပင်
ပိုဆိုးလေသည်။
ဟောက်ရှောက်ဖုန်းသည် ဖုန်းခေါ်ပြီး
ကုမ္ပဏီ၏ ဒါရိုက်တာဘုတ်အဖွဲ့ကို ကြိမ်းမောင်းခဲ့သလို သူ့လက်အောက်ရှိ ဝန်ထမ်းတွေကို
“ဘယ်နေရာမှာမှ အသုံးမကျဘူး” ဟူသောစကားနှင့် ကြိမ်းမောင်းခဲ့သည့်အပြင် ဟောင်ချီဟန်ကိုပင်
ကြိမ်းမောင်းခဲ့၏။
ဟောက်ချီဟန်သည် ကုမ္ပဏီ၏ တာဝန်အရှိဆုံးလူ
ဖြစ်သဖြင့် ကုမ္ပဏီတွင် အကြွင်းမဲ့အာဏာရှိသည်ဟု သူထင်ခဲ့သည်။ ဟောက်ချီဟန်ကသာ သူ့အား
အကာအကွယ်ပေးဖို့ ဆန္ဒရှိနေသရွေ့ ဒါရိုက်တာတွေက သူ့ကို ကုမ္ပဏီကနေ ဘယ်လို ထုတ်ပယ်ပစ်နိုင်ပါ့မလဲ။
ဟောက်ချီဟန်မှာ ဒေါသထွက်လွန်းနေပြီဖြစ်သည်။
ဒါရိုက်တာဘုတ်အဖွဲ့ဝင်များက သူ့အား မျက်နှာသာမပေးသည့်အတွက် ဒေါသထွက်နေသည့်အပြင် ဟောက်ရှောက်ဖုန်းကပါ
သူနေစေချင်သလို မနေသဖြင့် ပိုလို့ဒေါသထွက်လာရ၏။
နောက်ဆုံးတော့ ဟောက်ရှောက်ဖုန်းသည်
သူ့ကို စာနာမပေးရုံသာမကဘဲ အပြစ်ပင်တင်ခဲ့သေးသည်။ ဒီလို ပြဿနာပဲရှာနေသည့် သားမျိုးက
သေသွားတာပဲ ပိုကောင်းပေသည်။
မူလက ပျော်ရွှင်ပြီး လိုက်ဖက်ညီသည့်
သားအဖနှစ်ယောက်မှာ ဟောက်ရှောက်ဖုန်းမှ စေ့စပ်ကြောင်းလမ်းမှုအား အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်မှစ၍
သူစိမ်းများဖြစ်သွားပုံရသည်။
ယခုအဖြစ်အပျက်သည် တွန်းအားတစ်ခုသာဖြစ်ပြီး
သူတို့နှစ်ဦး၏ ဆက်ဆံရေးကို လုံးလုံးလျားလျား ပြိုကွဲစေခဲ့ကာ သူတို့နှစ်ဦးသည် သူတို့၏
ယခင်ကလို “မိသားစုအချစ်”မျိုးကို ဘယ်တော့မှ ပြန်မရနိုင်တော့ပေ။
ဟောက်ချီဟန်၏ မြေကွက်ကို လှူဒါန်းခြင်း
ရည်ရွယ်ချက်သည် အလွန်အရေးကြီး၏။ သူသည် သုတေသနဌာနနှင့် စေ့စပ်ညှိနှိုင်းမှု ပြီးသွားသောအခါ
သတင်းဖြန့်ရန်အတွက် မူကြမ်းတစ်စောင် ပေးပို့ထားပြီးဖြစ်သည်။ သူတို့သည် လူသားတို့၏ အနာဂတ်အတွက်
ဤမြေကွက် လှူဒါန်းခဲ့သည်ဟူသော သတင်းခေါင်းစဥ်ဖြင့် သူတို့ရဲ့ နာမည်ဂုဏ်သတင်း ကျော်ကြားစေရန်
ရောင်းချချင်ခဲ့သည်။
ကံမကောင်းစွာဖြင့်၊ လူများမှာ
အထူးယုံကြည်ပုံမပေါ်ပေ။
[ငါသိသလောက်တော့ ရှေးခေတ်အကြွင်းအကျန်တွေကို
မြေအောက်ကနေ တူးဖော်ရရှိပြီဆိုတော့ ဆောက်လုပ်ရေးကို ဆက်လုပ်ဖို့ နည်းလမ်းမရှိတော့ဘူးမလား။
လှူတာဖြစ်ဖြစ် မလှူတာဖြစ်ဖြစ် ဘာကိုဆိုလိုတာလဲ။ ဒီမြေကို ရည်ရွယ်ချက်ရှိရှိနဲ့ မဝယ်ခဲ့တာ
သေချာရဲ့လား။]
[စောက်ရူး စုံတွဲကို မတွေ့ခင်ကသာ
ဒီအကြောင်းကို သိခဲ့မယ်ဆိုရင် ဒါက အကြံကောင်းတစ်ခုလို့ ငါထင်မိမှာပဲ။ ဒါပေမယ့် အခုတော့
ဘယ်လိုပဲကြည့်ကြည့် ဟန်ပြလုပ်နေတာလို့ထင်တတယ်။ သွားကြရအောင်။]
ဟောက်ချီဟန်သည် ဒီမူကြမ်းကို
ထုတ်ဝေပြီးသည်နှင့် ကုမ္ပဏီ၏ နာမည်ဂုဏ်သတင်း ပြောင်းလဲလာကာ ကုမ္ပဏီ၏ စတော့ရှယ်ယာများလည်း
တည်ငြိမ်လာမည်ဟု ထင်ခဲ့သည်။
သုံးပုံတစ်ပုံလောက်သော လူများမှာ
ဒီလိုအတွေးမျိုးရှိနေဖို့ သူ မမျှော်လင့်ထားပေ။ သူသည် ဒေါသအရမ်းထွက်သွားကာ သူ့ရုံးခန်းကို
ထပ်ဖြိုချမိလုနီးပါး ဖြစ်သွားသည်။
တစ်ဖက်တွင် ဟောက်ချန်ဟွမ်းသည် ကတိအတိုင်းပင် ဟောက်ချီဟန်အား
ဒါရိုက်တာဘုတ်အဖွဲ့မှ ထုတ်ပယ်လုနီးပါးဖြစ်နေပုံကို စုယန်ယန်ကို ပြောပြခဲ့သည်။
စုယန်ယန်သည် နားထောင်ပြီးနောက်
အားရပါးရ ပြုံးကာပြောလိုက်သည်။ “ရှင်ပြောတာကို ကြားရတာ ဟောက်ချီဟန်ရဲ့ အမူအရာက အရမ်းရယ်စရာကောင်းနေမယ်လို့
ကျွန်မ ထင်တယ်။ ကျွန်မသာ အဲ့ဒီမှာရှိနေရင် ဒီရှိုးကို ပျော်ပျော်ကြီး ကြည့်နေမိမှာ
အမှန်ပါပဲ။”
ဟောက်ချန်ဟွမ်းက စုယန်ယန်၏ ကြည်နူးဖွယ်အပြုံးလေးကို
ပြန်ပြုံးပြလိုက်သည်။
“ဒါပေမယ့် ကိစ္စတွေ ဒီလောက်
ချောချောမွေ့မွေ့ ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်မထားမိဘူး။ ဟောက်ချီဟန်က ဒီလောက်ကြီးတဲ့
မြေကွက်ကြီးကို မလှူခင် ရက်နည်းနည်းလောက် စဉ်းစားလိမ့်ဦးမယ်လို့ ကိုယ်ထင်ခဲ့တယ်။”
ဟောက်ချန်ဟွမ်းသည် ခဏလောက် နှုတ်ဆိတ်နေပြီးမှ
အမှန်အတိုင်း ပြောလိုက်သည်။ “ဒီကိစ္စ ချောချောမွေ့မွေ့ဖြစ်ရတဲ့ အကြောင်းရင်းက တစ်ယောက်ယောက်က
မီးထဲကို လောင်စာထည့်နေလို့ပဲ။”
“ဘယ်သူလဲ။”
“မင်းအစ်ကိုကြီးလေ။”
“ကျွန်မရဲ့ အစ်ကိုကြီးလား။”
စုယန်ယန် အံသြသွားသည်။ “ဒါက ကျွန်မအစ်ကိုကြီးနဲ့ ဘယ်လိုသက်ဆိုင်နေတာလဲ။”
“ဟောက်ရှောက်ဖုန်းနဲ့ သူ့ပါတနာ
မင်းကို ပြဿနာရှာနေတဲ့ ဗီဒီယိုကို သူ အွန်လိုင်းပေါ်မှာ မြင်သွားတယ်ထင်တယ်။ သူက မင်း
အနိုင်ကျင့်ခံနေရတာကို မမြင်ချင်ဘူး၊ ဒါကြောင့် မင်းနောက်ကွယ်မှာ ဒါတွေကိုလုပ်လိုက်တာဖြစ်မယ်။”
စုယန်ယန်က ခေါင်းငြိမ့်လိုက်သည်။
သူမအစ်ကိုကြီးက အဲဒါတွေ လုပ်ခဲ့တယ်ဆိုတာကို ဝန်ခံရပေမည်။
သို့သော် စုယန်ယန်သည် သူမရဲ့
အစ်ကိုကြီးက သူမနောက်ကွယ်မှာ ကြိုးကြိုးစားစား လုပ်ကိုင်ပေးခဲ့တယ်ဆိုတာကို သိသိချင်း
အတည်ပြုဖို့ သူ့အား ဖုန်းခေါ်ခဲ့သည်။
စုယုရွှမ်သည် သူမ ဖုန်းခေါ်တာကို
စောင့်နေပုံရ၏။ ဖုန်းကိုင်လိုက်တာနဲ့ စုယုရွှမ်က “မင်း ငါ့ကိုဖုန်းခေါ်ဖို့ သတိရသေးတယ်ပေါ့။”
ဟု ချက်ချင်း ပြောလာခဲ့သည်။