အပိုင်း ၃၄၀
Viewers 1k

 

အခန်း (၃၄၀) - တညီတညွတ်တည်း သဘောတူညီချက်

 

အခန်းထဲရှိ လူတွေအားလုံး တိတ်ဆိတ်သွားပြန်သည်။ အစောပိုင်းက ဟောက်ချီဟန်အား လှောင်ပြောင်ခဲ့သော ဒါရိုက်တာသည် နှာမှုတ်လိုက်ပြီး ဘာမှဆက်မပြောတော့ပေ။

 

ဟောက်ချီဟန်သည် ဒါကိုမြင်လိုက်သောအခါ စိတ်သက်သာရာရသွားသည့် သက်ပြင်းတစ်ချက်ချလိုက်သည်။ ဒီကိစ္စ ပြီးဆုံးသွားပြီလို့ သူထင်ခဲ့သော်လည်း ဒါရိုက်တာအိုကြီးမှ ဆက်ပြောလိုက်၏။ “ဒါက နောက်ဆုံးနည်းလမ်းဆိုပေမယ့် ကုမ္ပဏီက ဒီအတွက်ကြောင့် ကြီးကြီးမားမား ဆုံးရှုံးခဲ့ရတယ်။ တရားခံက ဒီဆုံးရှုံးမှုအတွက် တာဝန်ခံရမယ်။”

 

ဟောက်ချီဟန်၏ အမူအရာသည် အေးခဲသွားပြီးနောက် သူသည် ရုတ်တရတ်ဆိုသလိုပင် ထူးဆန်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။

 

မျှော်လင့်ထားသည့်အတိုင်းပင် နောက်တစ်စက္ကန့်တွင် ဒါရိုက်တာအိုကြီးက ပြောလိုက်သည်။ “ကုမ္ပဏီရဲ့ ဘုတ်အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဟောက်ရှောက်ဖုန်းက ဒီဖြစ်ရပ်ရဲ့ အဓိကတာဝန်ရှိသူဖြစ်ပြီး သူက ဒီကိစ္စအတွက် ငြင်းဆန်လို့မရဘဲ တာဝန်ယူရမယ်လို့ ငါတို့အားလုံး သဘောတူတယ်။ ဒါကြောင့်မို့ သူ့ကို ရာထူးကထုတ်ပယ်ပြီး ဘယ်တော့မှ အလုပ်ပြန်မခန့်အပ်ဖို့ အဆိုပြုပါတယ်။”

 

“ဘာ...” ဟောက်ချီဟန်၏ မျက်နှာသည် ဖျော့တော့လာသည်။ အကယ်၍ သူ့သားသည် ကုမ္ပဏီမှ ထုတ်ပယ်ခံရပြီး လုံးဝ အလုပ်ပြန်မခန့်အပ်ခံရဘူးဆိုပါက သူ့သားသည် ဟောက်ကော်ပိုရေးရှင်းကို အမွေဆက်ခံခွင့်မရတော့ဘဲ ဟောက်ကော်ပိုရေးရှင်းမှ ကန်ထုတ်ခံလိုက်ရပြီလို့ ဆိုလိုတာလား။

 

ဘယ်ကုမ္ပဏီရဲ့ ဝန်ထမ်းကများ သူတို့သူဌေး အလုပ်က အထုတ်ခံလိုက်ရတာကို လက်ခံမှာလဲ။ အဲ့ဒါက ဟောက်ရှောက်ဖုန်းသည် အသုံးမဝင်သော အမှိုက်ကောင်ဟု တဲ့တိုးပြောဆိုနေခြင်းပဲ မဟုတ်ပါလား။

 

သို့သော် ဟောက်ရှောက်ဖုန်းကိုသာ ထုတ်ပယ်လိုက်ပါက သူ့တွင် နောက်ထပ်သားတစ်ယောက် မရှိတော့ပေ။ နောင်တွင် ဟောက်ကော်ပိုရေးရှင်းကြီးအား သူ့သားထံတွင် မထားခဲ့ဘူးဆိုရင် ဘယ်သူ့ကို ပေးခဲ့ရမှာလဲ။ ပြင်ပလူတစ်ယောက်ကို ပေးရမှာလား။

 

ဟောက်ရှောက်ဖုန်းမှလွဲ၍ ဟောက်ကော်ပိုရေးရှင်းအား အမွေဆက်ခံပိုင်ခွင့်ရှိသည့် အခြားလူတစ်ယောက်ရှိသော်လည်း ထိုလူက…

 

ဟောက်ချီဟန်သည် ဒေါသအကြီးအကျယ်ထွက်သွားကာ သူ့လက်ဖြင့် စားပွဲအား ကျယ်လောင်စွာ ရိုက်လိုက်သည်။ “မရဘူး၊ မင်းတို့ အဲ့လိုလုပ်လို့မရဘူး။”

 

“ငါတို့ လုပ်လို့မရဘူးလား။” ဒါရိုက်တာအိုကြီးသည် အန္တရာယ်ရှိစွာ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ သူသည် တစ်ချက်ရယ်ကာ ပြောလိုက်၏။ “လူငယ်လေးဟောက်၊ မင်း ဒီကိစ္စကို ရှင်းရှင်းလင်းလင်း သိဖို့လိုတယ်။ ဒီအဓိက ပရောဂျက်ရဲ့ အမှားအတွက် လျော်ကြေးမတောင်းတာက ငါတို့အကြီးပိုင်းတွေက မင်းကို အကြီးမားဆုံး သက်ညှာပေးထားတာကွ။ ငါတို့က မင်းအပေါ် အသက်ညှာ‌ပေးဆုံးသူတွေပဲ။”

 

ထိုသူ၏ ယတိပြတ် စကားများသည် ဟောက်ချီဟန်ကို ပြောင်ပြောင်တင်းတင်း ခြိမ်းခြောက်နေသည်။

 

ဤဒါရိုက်တာအိုကြီးများတွင် ကုမ္ပဏီရှယ်ယာအချို့လည်းရှိကြသော်လည်း သူတို့ထဲက အများစုမှာ ရှယ်ယာများများစားစား မရှိကြပေ။ သူတို့သည် ဟောက်ချီဟန်နှင့် မယှဥ်နိုင်‌သောကြောင့် သူ့အား ကုမ္ပဏီအုပ်ချုပ်ခွင့် ပေးထားတာ ဖြစ်သည်။

 

သူတို့အကုန်လုံးသာ သူနဲ့ တိုက်ခိုက်ကြဖို့ ဆုံးဖြတ်လိုက်တာ ဒါမှမဟုတ် သူတို့ရဲ့ ရှယ်ယာများကို ရောင်းထုတ်လိုက်မယ်ဆိုပါက ဟောက်ချီဟန်သည် သူတို့အား အနိုင်မယူနိုင်ပေ။

 

သူတို့၏ ရည်ရွယ်ချက်မှာ ရှင်းလင်းလှသည် - ဟောက်ရှောက်ဖုန်းက ကုမ္ပဏီအတွက် တာဝန် ယူသင့်တယ်။ ဒါမှမဟုတ်ရင် ဒီလူတွေက သင်္ဘောကနေထွက်ခွာပြီး နောက်ဖြစ်လာမယ့် အကျိုးဆက်အားလုံးကို သူတို့သားအဖ နှစ်ယောက်လုံးအပေါ်ကိုပဲ ပုံချလိုက်မယ်။

 

ဒါကိုကြည့်ခြင်းအားဖြင့် ဟောက်ချီဟန်၏ ကိုယ်ကျိုးဖက်မှုနှင့် ဟောက်ရှောက်ဖုန်း ပြုလုပ်ခဲ့သော ကြီးမားသည့် အရှုပ်အထွေးများသည် ဤဘုတ်အဖွဲ့ဝင်များကို လုံးလုံးလျားလျား ဒေါသထွက်စေခဲ့ပြီး သူတို့သားအဖနှစ်ယောက်အား အလွန်စိတ်ပျက်ခဲ့ကြသည်ကို တွေ့မြင်နိုင်သည်။

 

ဟောက်ချီဟန်၏ အမူအရာသည် အလွန်ရုပ်ဆိုးနေပြီး မျက်လုံးများကို မှေးမှိတ်လိုက်သည်။ နောက်ဆုံးတွင် သူသည် သူနှင့် သူ့သားကြား တစ်ယောက်ကို ဆုံဖြတ်ချက်တစ်ခု ချလိုက်သည်။

 

“ငါ… ငါ သဘောတူတယ်” ဒါကိုပြောပြီးနောက် ဟောက်ချီဟန်၏ နောက်ကျောမှာ ရုတ်တရက် ပြိုလဲကျသွားသည်။ သူသည် ရုတ်တရက်ကြီး အသက်ဆယ်စုနှစ်တစ်ခုလောက် အိုစာလာပုံရပြီး သူ၏အမူအရာမှာ ဖြူဖတ်ဖြူရော်ဖြစ်နေ၏။

 

တခြားသူများသည် ဟောက်ချီဟန်တစ်ယောက် ဘယ်လို စိတ်ပိုင်းဆိုင်ရာ ရုန်းကန်မှုမျိုး ကြုံနေရသည်ဆိုတာကို ဂရုမစိုက်ကြပေ။ သူတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြောလိုက်သည်။ “အဲဒါဆိုရင် မဲပေးကြရအောင်။ ဟောက်ရှောက်ဖုန်းကို အလုပ်ထုတ်ပြီး ဘယ်တော့မှ အလုပ်ပြန်မခန့်ဖို့ သဘောတူတဲ့ သူတွေ ကျေးဇူးပြုပြီး လက်ကို မြှောက်ပေးပါ။”

 

ဟောက်ချီဟန်မှလွဲ၍ အစည်းအဝေးခန်းရှိ လူတိုင်း လက်ထောင်ကြသည်။

 

“လူတိုင်း ထောက်ခံမဲပေးကြတယ်။ ဒါက အကုန်လုံး တညီတညွတ်တည်း သဘောတူညီခဲ့တာ။ ဒီတော့ ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ ဝန်ထမ်းကြီးကြပ်မှုဌာနကို ချက်ချင်း အကြောင်းကြားပြီးတော့ နောက်ဆက်တွဲ ကိစ္စရပ်များကို အမြန်ဆုံး ကိုင်တွယ်ဆောင်ရွက်ပါ။”