အပိုင်း ၃၃၉
Viewers 1k

 

အခန်း (၃၃၉) - စျေးကြီးသော အခမဲ့ကြော်ငြာ

 

ဟောက်ရှောက်ဖုန်း တာဝန်ယူထားသော ပရောဂျက်သည် အစောပိုင်းအဆင့်များတွင် ကြီးမားသော ရင်းနှီးမြှုပ်နှံမှုများ ပါဝင်သည်။ အခု ဒီမြေအား လှူဒါန်းမည်ဆိုပါက သူ့ကိုယ်သူ တွင်းတူးပေးနေသလိုပင်။ ထိုအပေါက်အား ဖာထေးဖို့ အင်မတန် ခက်ခဲပေမည်။

 

ဟောက်ချီဟန်၏ လုပ်ရပ်မှာ ကျိုးကြောင်းဆီလျော်သည်ဟု ဘုတ်အဖွဲ့ဝင်များက နားလည်ကြသော်လည်း သူတို့ ဒေါသထွက်နေကြသေးသည်။

 

အထူးသဖြင့် ဟောက်ရှောက်ဖုန်းမှာ ကုမ္ပဏီတာဝန်ခံ ဟောက်ချီဟန်၏ သား ဖြစ်နေသောကြောင့် ဟောက်ချီဟန်ကိုပင် မကျေနပ်ကြတော့ပေ။

 

 

ကုမ္ပဏီ၏ အကြီးတန်းတွေကြား တင်းမာနေသော လေထုသည် အောက်ခြေရှိ ဝန်ထမ်းငယ်များကို ထိခိုက်စေသည်။ နှစ်သစ်ကို ဂုဏ်ပြုရန် ဝန်ထမ်းတော်တော်များများက နှစ်ကုန် ဘောနပ်စ်ကို ရေတွက်နေကြပြီဖြစ်၏။

 

ယခု ကုမ္ပဏီမှာ ကျဉ်းထဲကြပ်ထဲ ရောက်နေပြီ ဖြစ်သောကြောင့် ဒီနှစ်ကုန် ဘောနပ်စ်လေးသည် ရေထဲ ပလုံသွားမည့်ပုံပေါ်သည်။

 

တစ်နှစ်တာလုံး စောင့်မျှော်ခဲ့ရတဲ့ အကျိုးကျေးဇူးကြီးမှာ ပျောက်ကွယ်သွား၏။ ဤအရာတစ်ခုတည်းနှင့်ပင် ဝန်ထမ်းများသည် ဘယ်နေရာက ထွက်လာမှန်း မသိသော သခင်ငယ်လေး ဟောက်ရှောက်ဖုန်းနှင့် ၎င်းတို့၏ သူဌေးကြီး ဟောက်ချီဟန်အား မကျေမနပ်ဖြစ်ဖို့ လုံလောက်ပေသည်။

 

သူတို့သည် ပျော့ညံ့သည့်အတွက် သူတို့၏ မကျေနပ်မှုများကို ပေါ်တင် မပြဝံ့ကြပေ။ သို့သော် အချို့အရာများသည် အက်ကွဲမှုတစ်ခု ဖြစ်လာသည်နှင့် မူလအခြေအနေသို့ ပြန်သွားရန် အလွန်ခဲယဉ်းသွားပြီဖြစ်သည်။ အပြောင်းအလဲများမှာ သိမ်မွေ့နက်နဲလှပေသည်။

 

သူတို့က မကျေနပ်တာကို ထုတ်မပြောရဲကြဘူးဆိုပေမယ့် ကုမ္ပဏီရဲ့ အကြီးတန်းအဖွဲ့ဝင်တွေကတော့ သူတို့ရဲ့ မကျေနပ်မှုတွေကို ထုတ်ပြောရဲပေသည်။

 

ဟောက်ကော်ပိုရေးရှင်းအား တည်ငြိမ်စေရန်အတွက် ဟောက်ချီဟန်သည် ဆေးရုံတက်ပြီးနောက် သုံးရက်မြောက်နေ့တွင် ကုမ္ပဏီသို့ ဘီးတပ်ကုလားထိုင်ဖြင့် ပြန်လာခဲ့သည်။

 

ဒါရိုက်တာများမှာ သူထိုင်နေသည့် ဘီးတပ်ကုလားထိုင်အား မြင်လိုက်ရသောအခါ သူတို့၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားပေမယ့် ခဏအကြာမှာပဲ ပုံမှန်အတိုင်း ပြန်ဖြစ်သွားကြ၏။

 

“မြို့ပြင်က ဖွံ့ဖြိုးရေးဇုန်အကြောင်း ခင်‌ဗျားတို့သိပြီးသားဖြစ်မှာ သေချာပါတယ်။ ခင်ဗျားတို့မှာ အကြံရှိကြလား။”

 

“ဒီလို ထက်မြက်တဲ့ အကြံဥာဏ်မျိုးကို ငါ မပေးဝံ့ပါဘူး။ အဲ့ဒီတုန်းက ဒီလိုပရောဂျက်ကြီးကို အခုမှ လူမှုပတ်ဝန်းကျင်ထဲ ထွက်လာတဲ့ လူငယ်တစ်ယောက်ကို တာဝန်ယူခိုင်းတယ်ဆိုတာ အရမ်းအန္တရာယ်များကြောင်း ငါတို့ မင်းကို သတိပေးခဲ့တယ်လေ။ အခု ခန့်မှန်းချက်ကြီးက မှန်လာတော့ ငါတို့မှာ ပြောစရာကို မရှိတော့ဘူး။”

 

စကားပြောနေသော ဒါရိုက်တာကိုကြည့်ပြီး ဟောက်ချီဟန်၏မျက်နှာမှာ မည်းမှောင်သွားသည်။  ထိုသူသည် အသက်ခြောက်ဆယ် သို့မဟုတ် ခုနစ်ဆယ်လောက်ရှိပြီဖြစ်တဲ့ အဘိုးကြီးဖြစ်သည်။ ထိုလူ၏ဆံပင်များသည် ဖြူနေပြီး ထိုလူသည် ယခင်ဥက္ကဌဟောင်း တည်ထောင်ခဲ့သည့် ဟောက်ကော်ပိုရေးရှင်း၏ ကျောရိုးတစ်ချောင်း ဖြစ်ခဲ့သည်။

 

အခုချိန်ထိပင် သူသည် ကုမ္ပဏီတွင် ပြောရေးဆိုခွင့်ရှိနေသေးသည်။

 

ဤစစ်မှုထမ်းဟောင်းကြီးသည် အငြိမ်းစားယူပြီးနောက် ကုမ္ပဏီသို့ ခဏခဏမလာခဲ့ပေ။ ထိုလူ ကုမ္ပဏီသို့ နောက်ဆုံးအကြိမ် ရောက်လာသည်မှာ ကုမ္ပဏီ၏ သုံးလပတ် ဘုတ်အဖွဲ့ အစည်းအဝေးတွင် ဖြစ်ပြီး၊‌ ဟောက်ချီဟန်မှ ဟောက်ရှောက်ဖုန်းအား ဒီပရောဂျက်ကို လွှဲပေးခဲ့တဲ့အချိန်လည်း ဖြစ်သည်။

 

ယခုတစ်ကြိမ်တွင်၊ ဒီစီနီယာကြီးမှ သူ့အား မကျေမနပ်ဖြစ်ကာ ဘေးကနေ ထိုင်ကြည့်ဖို့ ပြင်ဆင်ထားတယ်ဟု ဟောက်ချီဟန်တစ်ယောက် ထင်ခဲ့မိသည်။ သူ့ရဲ့ နှလုံးသားမှာ အေးစက်လာပြီး သူ့အမူအရာသည်လည်း ကြည့်မကောင်းတော့ပေ။

 

သို့သော် သူသည် တကယ်ပဲ အမှားလုပ်ခဲ့သည့်လူဖြစ်သည်။ ဟောက်ချီဟန် ဘယ်လောက်ပဲ ဒေါသထွက်နေပါစေ ဒေါသကို မပြဝံ့ပေ။

 

“ဒါက တကယ့်ကို ရှောက်ဖုန်းရဲ့ လက်အောက်ကလူ‌တွေ အမှားပါ၊ ဒါပေမယ့် အခု အရေးကြီးဆုံးက ဒါကို ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲလေ။”

 

ဒီကိုရောက်ရှိနေကြသူတိုင်းသည် မြေခွေးအိုကြီးများ ဖြစ်သောကြောင့် ဟောက်ချီဟန်မှာ ဟောက်ရှောက်ဖုန်းအား ကာကွယ်ချင်နေကြောင်းနှင့် သခင်လေးဟောက်ကိုယ်စား အပြစ်ဒဏ်ကျခံပေးဖို့အတွက် ဓားစာခံ ဆိတ်တစ်ကောင်ကို အစားထိုးဖို့ ပြင်ဆင်ထားပြီဖြစ်ကြောင်း သိလိုက်ကြသည်။

 

ထိုလူများထဲမှ အနည်းငယ်သည် သူ့ကို ဘာမှထုတ်မပြောဘဲ ပေါ့ပေါ့လေးပဲ မေးလိုက်သည်။ “ဒါက ကုမ္ပဏီရဲ့ ဂုဏ်သတင်းနဲ့ အနာဂတ် ဖွံ့ဖြိုးတိုးတက်မှုနဲ့ သက်ဆိုင်နေတယ်။ ဥက္ကဌ‌ဟောက်မှာ အစီအစဉ်တစ်ခုခုများ ရှိနေပြီလား။”

 

“ဒီမြေကွက်ကို သုတေသနာဌာနကြီးကို အခမဲ့ ပေးလိုက်ဖို့ စီစဉ်ထားတယ်။ ဒီလိုဆို ကျွန်တော်တို့ အသာစီးရနိုင်ရုံသာမကဘဲ ကုမ္ပဏီရဲ့ ဂုဏ်သိက္ခာကိုလည်း အတိုင်းအတာတစ်ခုအထိ ပြန်ဆယ်ပြီးသား ဖြစ်သွားမယ်။ အဲ့ဒါကို ကုမ္ပဏီအတွက် အခမဲ့ ကြေငြာတစ်ခုအဖြစ် သဘောထားလိုက်ကြတာပေါ့။”

 

ဟောက်ချီဟန်တစ်ယောက် ထိုသို့ပြောပြီးသည်နှင့် ဒါရိုက်တာတစ်ယောက်သည် ချက်ချင်းရယ်မောကာ လှောင်ပြောင်လိုက်၏။ “အခမဲ့ကြော်ငြာလား။ ဒီကြော်ငြာရဲ့ စျေးနှုန်းက စောက်ရမ်းကောင်းလွန်းတာပဲကွ။”

 

အစည်းအဝေးခန်းရှိ လေထုသည် အေးစက်လာကာ ဟောက်ချီဟန်၏ မျက်နှာသည်လည်း ဖျော့တော့သွားသည်။

 

နောက်ဆုံးတွင် ဒါရိုက်တာအိုကြီးမှ ပြောလာခဲ့သည်။ “ဈေးကြီးတယ်ဆိုပေမယ့် ငါတို့မှာ တခြားရွေးချယ်စရာ မရှိတော့ဘူး။”