အပိုင်း ၃၃၈
Viewers 1k

 

အခန်း (၃၃၈) - သွေး အလွန်အကျွံထွက်စေရန် ဖိအားပေးခြင်း။

 

စုယန်ယန်သည် စားနေတာကို ရပ်လိုက်ပြီး တူများကို အသာအယာ ချလိုက်သည်။ သူမသည် ရှက်သွေးဖြာသွားကာ ပြောလိုက်သည်။ “အဲ့ဒါက… အဲ့ဒီတစ်ခုတည်းအတွက်မှ မဟုတ်တာ။ ပြီးတော့ အဲ့ဒါက ရီယန်(ယန်စွမ်းအင်ကို အကျိုးပြုခြင်း) ပါ ကျောင်းယန်(ယန်စွမ်းအင် အကောင်းစေခြင်း) မဟုတ်ပါဘူးနော်။ အဲ့နှစ်ခုက ကွဲပြားပါတယ်။”

 

“အိုး။” ဟောက်ချန်ဟွမ်း မျက်ခုံးပင့်လိုက်သည်။ “အကျိုးအာနိသင်က ကွဲပြားတယ်ဆိုပေမယ့် အဲ့ဒါက ကျောက်ကပ်ဖြည့်စွက်ဆေးပဲလေ။ ဒါနဲ့ မင်း အလျင်လိုနေတာလား။”

 

စုယန်ယန်၏ မျက်နှာမှာ နီရဲသွားသည်။

 

သူမသည် ဟောက်ချန်ဟွမ်းအား ဒေါသတကြီး စိုက်ကြည့်ကာ သူ၏ပန်းကန်ထဲမှ ငရုတ်သီးတောင့်ကြီးတစ်ပိုင်းကို ကောက်ယူလိုက်၏။ သူမ ပြင်းပြင်းထန်ထန် ပြောလိုက်သည်။ “စားစရာရှိတာသာ စားစမ်းပါ။ ဒီလောက်စားစရာတွေ အများကြီးက ရှင့်ပါးစပ်ကို မပိတ်နိုင်ဘူးပေါ့ ဟုတ်လား။”

 

ဟောက်ချန်ဟွမ်းသည် သူမအား လေးလေးနက်နက် စိုက်ကြည့်လိုက်ကာ ခပ်ပေါ့ပေါ့ ပြောလိုက်သည်။ “ကိုယ့်ပါးစပ်ကို ပိတ်ထားနိုင်တဲ့အရာက တစ်ခုပဲ ရှိတယ်။”

 

စုယန်ယန်သည် သူမ၏ တူများကို ကိုက်ရင်း ဟောက်ချန်ဟွမ်း ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နားလည်ရန် အချိန်ခဏလောက် ယူလိုက်ရ၏။ စုယန်ယန်သည် သူမရှေ့ကလူအား မယုံနိုင်စွာ စိုက်ကြည့်ရင်း မျက်လုံးတွေ ပြူးကျယ်သွားမိသည်။

 

သူ့လို လေးနက်တည်ကြည်တဲ့ လူတစ်ယောက်က သူမရှေ့မှာ တကယ် အရှက်မရှိပြုမူလိမ့်မယ်လို့ မမျှော်လင့်ထားဘူး။

 

နှစ်ယောက်သား အချိန်အတော်ကြာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတွင် စုယန်ယန်မှ အရှုံးပေးလိုက်ကာ ဟောက်ချန်ဟွမ်းအား နမ်းလိုက်၏။

 

“ကောင်းပြီ၊ စားကြစို့။”

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ နီမြန်းနေသော မျက်နှာကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူသည် နာခံစွာ ထမင်းစားလိုက်သည်။

 

အိမ်ပြန်ရောက်ကတည်းက ခွေးစာတွေ စားနေရတဲ့ အမေ့ခံ ခွေးလေးမှာ ပြောစရာစကားမရှိတော့ပေ။

 

ယောက္ခမအိမ်မှ နှင်ထုတ်ခံရပြီး ဇနီးမယားကို မတွေ့ရတဲ့ ခွေးတစ်ကောင်ရှေ့မှာ မင်းတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ပြသနေတာ မင်းတို့မှာ အပြစ်ရှိတယ်လို့များ မခံစားရဘူးလား။

 

နာကျင်နေသော ကောင်လေးသည် ခပ်တိုးတိုး ဟောင်လိုက်ပြီး ထိုင်ခုံပေါ်သို့ လှဲချလိုက်သည်။

 

ဟောက်ချန်ဟွမ်း မျှော်လင့်ထားသည့်အတိုင်းပင် ဟောက်ချီဟန်သည် ဆေးရုံတွင် နိုးလာပြီးနောက် ဟောက်ရှောက်ဖုန်း ချက်ချင်းပြန်ရောက်နေသည်ကို တွေ့လိုက်ရ၏။ သူသည် ဒေါသထွက်လွန်းသဖြင့် အခန်းထဲမှ အရာအားလုံးကို ရိုက်ချိုးခဲ့ကာ ဒေါသကြောင့် မူးလဲလုနီးပါးဖြစ်ခဲ့သည်။

 

ဟောက်ရှောက်ဖုန်းသည် ဖခင်ဖြစ်သူ ဒီလောက်ဒေါသထွက်နေသည်ကို ပထမဆုံးအကြိမ် ရင်ဆိုင်ရခြင်း ဖြစ်သည်။ ဖန်ခွက်နှင့် အပေါက်ခံရသောကြောင့် သူ့နဖူးတွင် ဒဏ်ရာကြီးတစ်ခု ဖြစ်လာပြီး မျက်နှာပေါ်သို့ သွေးများ စီးကျလာ၏။ ဆေးရုံက သူ့အဖေဘေးမှာ ကုတင်တစ်လုံး ထပ်ထည့်ဖို့ကလွဲလို့ ရွေးချယ်စရာမရှိပေ။

 

ဟောက်ချီဟန်မှာ သူ့သားကို မြင်လိုက်တိုင်း ဒေါသဖြစ်နေရသည်။ သူနဲ့အတူတူ တစ်ခန်းထဲ မနေချင်ပေ။ နောက်ဆုံးတွင် သူတို့ သားအဖ အချင်းချင်း မမြင်နိုင်အောင်လို့ ကြားထဲတွင် ကန့်လန့်ကာ ချိတ်ထားပေးရုံကလွဲလို့ အခြားရွေးချယ်စရာ မရှိတော့ပေ။

 

နောက်ဆုံးတွင် မီဒီယာများသည် ခေါင်းစဉ်ရွေးပြီးသည်နှင့် သတင်းများကို တောမီးများကဲ့သို့ ဖြန့်ချိကြတော့သည်။

 

‘ဆေးရုံထဲက သားအဖ စစ်ပွဲ။ ဟောက်ကော်ပိုရေးရှင်းတာဝန်ခံက သူ့သားကို ဒေါသထွက်လွန်ပြီး မူးလဲသွားလို့ ဆေးရုံပို့လိုက်ရတယ်။’

 

။ဆေးရုံအခန်းထဲမှာ တိုက်ပွဲအကြီးအကျယ်ဖြစ်သွား။ ဟောက်ကော်ပိုရေးရှင်းအကြီးအကဲနှင့် သူ့ရဲ့သား နှစ်ဦးစလုံး ဆေးရုံတက်နေရ။’

 

“အဖေနဲ့သားက ရန်သူတွေဖြစ်သွားပြီ။ လူ့ကျင့်ဝတ် ဖောက်ပြန်မှုကြောင့်လား ဒါမှမဟုတ် အကျင့်စာရိတ္တပျက်ဆီးမှုကြောင့်လား။”

 

ဟောက်ချီဟန်မှာ ထိုသတင်းကိုမြင်သောအခါ ဆေးရုံအခန်းကို ထပ်မံဖျက်ဆီးမိလုနီးပါးပင်။ အခုအချိန်တွင် ဟောက်ရှောက်ဖုန်းဆိုတဲ့ကောင်ကို သူ့အမေဗိုက်ထဲ ပြန်ထည့်ချင်တာကလွဲပြီး ဘာမှမလုပ်ချင်ပေ။

 

တခြားလူတွေက ကလေးမွေးကြပေမယ့် သူကတော့ သူ့ကို အကြွေးတွေ စုဆောင်းပေးမယ့် အပြစ်ရှိတဲ့ သတ္တဝါတစ်ကောင်ကို မွေးဖွားခဲ့တယ်လေ။

 

အစပိုင်းတွင် ဟောက်ရှောက်ဖုန်း၏ မိသားစုသည် သူတို့၏ အိမ်ထောင်ရေးကတိပျက်မှုများကြောင့် လှောင်ပြောင်ခံရသည်။ ထို့နောက်တွင်တော့ ဟောက်ကော်ပိုရေးရှင်း၏ အဓိကပရောဂျက် ပြဿနာဖြစ်ခဲ့ပြီး ဟောက်ကော်ပိုရေးရှင်း၏ ရှယ်ယာစျေးနှုန်းမှာ အောက်ဆုံးအထိ ထိုးဆင်းသွားခဲ့သည်။

 

ဟောက်ချီဟန်သည် ဆေးရုံတွင်ရှိနေသော်ငြား ဒါရိုက်တာဘုတ်အဖွဲ့များထံမှ အဆုံးမဲ့‌သော တိုင်ကြားချက်များကို လက်ခံရရှိကာ ၎င်းတို့၏ လှောင်ပြောင်ပြောဆိုမှုများကို နှိမ့်ချစွာ လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

 

အဆုံးမှာတော့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကို ကျေနပ်စေရန်နှင့် ဟောက်ကော်ပိုရေးရှင်း၏ ရှယ်ယာစျေးနှုန်း တည်ငြိမ်စေရန် ဟောက်ချီဟန်သည် အရှုံးခံကာ အမွေအနှစ်များ တူးဖော်တွေ့ရှိခဲ့သည့် မြေကွက်ကို လှူဒါန်းရန်မှလွဲ၍ ဘာမှလုပ်မရတော့ပေ။

 

ဒီလှူဒါန်းမှုသည် ကုမ္ပဏီ၏ငွေအမြောက်အမြားအား ဆုံးရှုံးသွားရသည့်အပြင် ကုမ္ပဏီ၏ပုံမှန်လည်ပတ်မှုများကို ထိန်းသိမ်းထားနိုင်ဖို့အတွက် သူ့ကိုယ်ပိုင် ပိုင်ဆိုင်မှုတွေထဲမှ တချို့ကို ကုမ္ပဏီမှာ ရင်းနှီးမြုပ်နှံပေးရမယ်ဆိုတဲ့ အဓိပ္ပါယ်ပဲ ဖြစ်သည်။

 

ထိုငွေပမာဏမှာ ဟောက်ချီဟန်၏ နှစ်ပေါင်းများစွာ ကြိုးပမ်းအားထုတ်မှုအား ဖျက်ဆီးပစ်ရန် လုံလောက်ပေသည်။ ကုမ္ပဏီတွင် ရင်းနှီမြှုပ်နှံထားသူများအတွက် လျော်ကြေးပေးရန် နေနေသာသာ စကားထဲ ထည့်ပြောနေဖို့ပင် မလိုအပ်တော့ပေ။