အခန်း (၃၃၇) - ဒါက ယန်စွမ်းအင်ကို
အားကောင်းစေတယ်
ပရိသတ်ကြီးမှာ နောက်ဆုံးတော့
ဆွံ့အနေရာမှ အသိပြန်ဝင်လာကြသည်။ သူတို့သည် စိတ်လှုပ်ရှားခဲ့ကြသလို ရင်ကွဲပက်လက်လည်း
ဖြစ်ခဲ့ကြ၏။
[ထုတ်လွှင့်သူက အရမ်းရက်စက်တာပဲ။
တချို့လူတွေက ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းနေပြီးတော့ လူတိုင်းကို သူတို့ရဲ့ အမေလို့များ
ထင်နေကြတာလား။ သူတို့အသက် ဘယ်လောက်ရှိပြီလဲ ဆိုတာကိုပဲ ပြန်ကြည့်ပါဦး။ ဒီအရှက်မရှိတဲ့ကောင်တွေကို
ငါ မုန်းတယ်။]
[အဟင့်၊ အဟင့်၊ တင်ဆက်သူက အကြောင်းပြချက်မရှိဘဲ
ဆဲဆိုခံခဲ့ရပြီး သူက နှစ်သိမ့်ခံရတဲ့လူ ဖြစ်သင့်တာတောင် ငါတို့ကို ပြန်နှစ်သိမ့်ပေးနေသေးတယ်။
ဒီလောက်ကောင်းတဲ့ နတ်သမီးလေးကို ငါ followထားခဲ့တာပဲ အဟင့် …]
[ဆန့်ကျက်ဘက် ပရိသတ်တွေကို မကြောက်ဘဲ
စကားလုံးနည်းနည်းနဲ့ သူတို့တွေရဲ့ ပါးစပ်ကို ပိတ်သွားအောင် ပြောနိုင်တဲ့ တင်ဆက်သူကို
ငါ တကယ်သဘောကျတယ်။ ငါတို့လို သာမန်ကြည့်ရှုသူတွေအပေါ် တင်ဆက်သူရဲ့ နူးညံ့သိမ်မွေ့ပြီး
စိတ်ရှည်တဲ့သဘောထားကို တကယ်ကြိုက်တယ်။ တချို့လူတွေက တင်ဆက်သူ ချက်ပြုတ်တဲ့ စားစရာတွေကို
စားသောက်ဖို့ တကယ်မထိုက်တန်ဘူး။]
[တင်ဆက်သူကို အပြည့်အဝ ထောက်ခံပါတယ်။
အဲဒီအရူးပို့စ်တွေကို ဖတ်မိတာ အရမ်း ဒေါသထွက်ရတယ်။ တင်ဆက်သူက တရုတ်ဆေးဖက်ဝင်မျိုးစေ့တွေကို
အလကား လှူလိုက်ရုံနဲ့ တင်ဆက်သူက သူ့ရဲ့ နာမည်ဂုဏ်သတင်းကို ကျော်ကြားစေဖို့ တခြားလူတွေကိုပါ
အမြဲခစားပေးနေရမှာလား။ သူတို့က မထိုက်တန်တဲ့ အမြတ်အစွန်းကို ရဖို့ ကြိုးစားနေတာပဲ။
ဘယ်လောက်တောင် အရှက်မဲ့လိုက်သလဲ။]
[မှန်တယ်၊ မှန်တယ်။ ဌာနအားလုံး
သတိထားကြပါ။ နောက်ဆို အဲ့လိုမှတ်ချက်တွေ အွန်လိုင်းမှာ တွေ့မိရင် တင်ဆက်သူက ကြင်နာတတ်ပြီး
တခြားလူတွေကို ကူညီတတ်တယ်ဆိုတာ လူတိုင်းကို ပြောပြရမယ်။ တင်ဆက်သူကိုပဲ မပြီးနိုင်မစီးနိုင်
ထောက်ပံ့ပေးဖို့ တောင်းဆိုနေတာက တကယ်ရှက်ဖို့ကောင်းတယ်။ နင့်ကို ကယ်တင်တယ်ဆိုတာ သူက
ကြင်နာလို့ပဲ၊ ဒါပေမယ့် နင့်ကို မဖြစ်မနေ ကယ်တင်ပေးရမယ်လို့ မသတ်မှတ်ထားဘူးလေ။ တင်ဆက်သူက
နင့်ကို ဘာအကြွေးမှ မတင်ထားဘူး။]
စုယန်ယန်သည် သူမအတွက် အမှန်တကယ်
စိတ်ပူပေးနေကြသော မှတ်ချက်များကို ကြည့်ကာ သူမ၏ အကြည့်တွေက နွေးထွေးလာ၏။
“ကောင်းပြီ၊ ဒါကို စိတ်မပူကြနဲ့တော့။
အခု ကံစမ်းမဲဖောက်ကြစို့…”
စုယန်ယန်သည် ထုံးစံအတိုင်းလိုပင်
ဟင်းပွဲအချို့အား မဲဖောက်ရန် ပရိသတ်အနည်းငယ်ကို ရွေးချယ်လိုက်၏။ ထို့နောက် သူမသည် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို
ပိတ်လိုက်ပြီး ဟင်းပွဲများကိုယူကာ ထွက်သွားလိုက်သည်။
ဟောက်ချန်ဟွမ်းသည် သူမ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု
ပိတ်လိုက်သည်ကို မြင်သောအခါ ထမင်းစားပွဲ၌ ထိုင်ကာ သူမအား စောင့်ဆိုင်းနေခဲ့သည်။ စုယန်ယန်
ပြုံးလိုက်သည်။ “စောင့်နေရတာ ကြာသွားပြီလား။”
“ကိစ္စမရှိပါဘူး။ မင်း နေ့တိုင်း
အလုပ်ရှုပ်နေခဲ့တာပဲကို။ ပင်ပန်းနေမှာပဲ ဟုတ်တယ်မလား။”
စုယန်ယန်တစ်ယောက် အနည်းငယ် ထိတ်လန့်သွားမိသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က အချိန်ပြည့်ဖြစ်နေခဲ့သော သူမ၏ အချိန်ဇယားသည် သူမအား အမှန်တကယ်
ပင်ပန်းနွမ်းနယ်စေသည်။ သူမကိုယ်သူမ ကောင်းကောင်း
ဖုံးကွယ်ထားနိုင်သည်ဟု ထင်ခဲ့သောကြောင့် ဟောက်ချန်ဟွမ်းသည် ဒါကို သတိပြုမိသွားလိမ့်မယ်ဟု
မမျှော်လင့်ခဲ့ပေ။
စုယန်ယန်သည် သူမ မပင်ပန်းကြောင်းပြောဖို့
ပါးစပ်ကို ဖွင့်လိုက်သော်လည်း ဟောက်ချန်ဟွမ်း၏ နူးညံ့သိမ်မွေ့ပြီး စူးရှသော အကြည့်အား
တွေ့မြင်လိုက်သောအခါ သူမသည် ရိုးရိုးသားသားပင် အမှန်အတိုင်း ပြောလိုက်သည်။ “ပင်ပန်းတာပေါ့။
ကျွန်မ အရမ်းပင်ပန်းတာပဲ။ ကျွန်မမှာ မိသားစုကို ထောက်ပံ့ဖို့ ရက်အနည်းငယ်လောက် ငွေရှာခဲ့ရတာ
ကျွန်မ တကယ်ပင်ပန်းနေပြီ။ ကျွန်မကလေ အိမ်မှာပဲနေပြီး လှပတဲ့ ပန်းလေးတစ်ပွင့်ဖြစ်ဖို့ပဲ
ပိုသင့်တော်တယ်။ အဲ့ဒါကြောင့်မို့ ရှင် မြန်မြန်ကောင်းလာရမယ်နော်။ ကျွန်မ အခုကစပြီး
ရှင့်ကိုပဲ အားကိုးနေရတော့မှာ။”
ဟောက်ချန်ဟွမ်းမှာ အနည်းငယ်
ကြက်သေ သေသွားရ၏။ စုယန်ယန်တစ်ယောက် ဒီလိုချွဲချွဲနွဲ့နွဲ့လေး ပြောလာလိမ့်မည်ဟု မထင်ထားခဲ့ပေ။
သူ့နှလုံးသားလေး ယားယံလာကာ ရယ်မောလိုက်၏။
“ကောင်းပြီ၊ အမြန်ဆုံး ပြန်ကောင်းလာဖို့ ကိုယ် အကောင်းဆုံး ကြိုးစားပါ့မယ်။
ကိုယ်က မိသားစုကို ထောက်ပံ့ပေးနိုင်ဖို့ ပိုက်ဆံရှာမယ်၊ မင်းကတော့ အိမ်မှာပဲ အလှပန်းပွင့်လေး
လုပ်ပေါ့၊ ဟုတ်ပြီလား။”
စုယန်ယန်သည် ဟောက်ချန်ဟွမ်းအတွက်
စားစရာတချို့ ထည့်ပေးရင် သဘောတူလိုက်သည် ။
“မြန်မြန်ပြန်ကောင်းချင်ရင် ကောင်းကောင်းစားပြီး စိတ်ချမ်းချမ်းသာသာနေ။ နောက်ရက်နည်းနည်းကြာရင်
ခန္ဓာကိုယ်တစ်ခုလုံး ဆေးစစ်ဖို့ ဆေးရုံကို ကျွန်မ အတူတူလိုက်ခဲ့ပြီး ရလဒ်တွေကို ကြည့်ရမယ်။”
သူမ၏ အရန်လုပ်ဆောင်ချက်သည်
လူတစ်ဦး၏ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို အကြမ်းဖျင်း မြင်ရသော်လည်း ဆေးဘက်ဆိုင်ရာ အဖွဲ့အစည်းမှ
တိကျသော အချက်အလက်များကို ရရှိခြင်းက ပို၍ စိတ်သက်သာရာ ရပေမည်။
ဒါ့အပြင် အဓိကလူသည် သူမကိုယ်တိုင်
မဟုတ်ဘဲ ဟောက်ချန်ဟွမ်းဖြစ်သည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းအား
သူ အမှန်တကယ် ပြန်ကောင်းလာနေပြီဟူသော ခံစားချက်မျိုး ရစေချင်ပြီး သူ့ရဲ့ ယုံကြည်မှု
တိုးတက်လာဖို့လဲ မျှော်လင့်မိ၏။ ဒါက နောက်ကုသမှုများအတွက် အကျိုးရှိနိုင်သည်လေ။
ဟောက်ချန်ဟွမ်းသည် ခေါင်းညိတ်ပြရင်း
မျက်တောင်ခတ်လိုက်၏။
အတော်ဆုံးဆရာဝန်မှ သူ့ခြေထောက်များကို
ပြန်ကောင်းလာနိုင်ဖို့ လုံးဝမဖြစ်နိုင်ဘူးဟု ပြောပြီးကတည်းက သူ ဆေးရုံမသွားတော့ပေ။
သို့သော် စုယန်ယန်နှင့် အတူတူ ဆိုပါက သူလည်း တစ်ချက်လောက်တော့ ကြည့်ရှုရန် ဆန္ဒရှိပေသည်။
စုယန်ယန်သည် နောက်ဆုံးတွင် ပျော်ရွှင်စွာဖြင့်
ဟောက်ချန်ဟွမ်းအား ဟင်းများ ဆက်ထည့်ပေးနေခဲ့သည်။
ဟောက်ချန်ဟွမ်းသည် သူ့ပန်းကန်ထဲသို့
ပို၍ပို၍များသော ဟင်းများ ရောက်လာသည်ကို ကြည့်လိုက်သည်။ ထို့နောက် သူသည် မျက်တောင်ခတ်လိုက်ပြီး
အဓိပ္ပါယ်ရှိစွာ ပြောလိုက်၏။ “ကိုယ် မှတ်မိတာ မမှားရင် ကြက်သွန်မြိတ်က... ယန်စွမ်းအင်
အားကောင်းစေတာ ဟုတ်တယ်မလား။”