အခန်း (၃၃၆) - ကျွန်မက သာမန်လူတစ်ယောက်ပါပဲ
“ရှေးခေတ်ကမ္ဘာမြေကြီးမှာ ‘ပျောက်ဆုံးနေတဲ့အရာတွေမှန်သမျှကို
ပြန်လည်ဖြည့်တင်းလို့ရတယ်’ ဆိုတဲ့ ဆိုရိုးတစ်ခုရှိတယ်။ အရိုးတွေက ကယ်လ်စီယမ်နဲ့ ပရိုတင်းဓာတ်တွေ
ကြွယ်ဝပြီး အရိုးတွေမှာ ဂျယ်လတင်း အများကြီး ပါဝင်တယ်။ သူတို့ကို များများစားသုံးတာက
ကယ်လ်စီယမ်ကို ဖြည့်ပေးပြီး အရိုးတွေကို သန်မာစေတယ်။ ကျွန်မ ခုနက ပြောခဲ့တဲ့ သစ်အယ်သီးက
ကျောက်ကပ်ကို အာဟာရဖြစ်စေပြီး ခါးကို သန်မာစေတယ်။ အဲ့ဒါက အရိုးပွရောဂါအပေါ် အကျိုးသက်ရောက်မှုအချို့လည်းရှိတယ်။”
စုယန်ယန်သည် ထိုသို့ပြောပြီးသည်နှင့်
အိုးထဲကို တစ်ခုခုထည့်လိုက်သော အသံသည် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအခန်းကနေ ထွက်ပေါ်လာပြီး
ကြက်သွန်နီနဲ့ ဂျင်း၏ အမွှေးအကြိုင်ရနံ့များလည်း ပျံ့လွင့်လာသည်။
ထို့နောက် စုယန်ယန်သည် ဝက်နံရိုး၊
လှီးဖြတ်ထားသည့် ပြောင်းဖူးများ၊ သစ်အယ်သီးများနှင့် ပြင်ဆင်ထားသော ဟင်းချိုရည်တို့ကို
ပေါင်းထည့်လိုက်သည်။ သူမသည် အိုးအဖုံးကို အုပ်ကာ ကျက်သည်အထိ ချက်ပြုတ်လိုက်သည်။
“စွပ်ပြုတ်ချက်ထားတုန်း နောက်ထပ်
မွှေကြော်သုံးမျိုး ချက်ပြုတ်ကြမယ်။ မှိုနဲ့ကြက်ဥကြော်၊ ကြက်သွန်မြိတ်၊ သစ်ကြားသီးနဲ့
ဝက်ပေါင်သားကြော်၊ မြစ်ပုဇွန်နဲ့ ပဲစိမ်းကြော်။ ဒီဟင်းပွဲသုံးမျိုးလုံးက ကျောက်ကပ်နဲ့
ခန္ဓာကိုယ်ကို အာဟာရဖြစ်စေတဲ့ အိမ်ချက်ဟင်းလျာတွေဖြစ်ပြီးတော့ အထူးသဖြင့် ကြက်သွန်မြိတ်နဲ့
သစ်ကြားသီးပါတဲ့ ဝက်ပေါင်သားကြော်က အရိုးကျိုးတာတွေအတွက် အကျိုးသက်ရောက်မှုရှိတယ်။
မှိုနဲ့ကြက်ဥမွှေကြော်က ကြွက်သားအားနည်းတာအတွက် ပိုသင့်တော်ပါတယ်။”
စုယန်ယန်သည် အစီအစဉ်တကျ ခပ်သွက်သွက်လုပ်လိုက်၏။
မိနစ်အနည်းငယ်အတွင်းတွင် သူမသည် ပါဝင်ပစ္စည်းအားလုံးကို ပြင်ဆင်ကာ စတင်ချက်ပြုတ်တော့သည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအခန်းထဲမှာ
မီးခိုးတွေပြည့်နေပြီး ချက်ပြုတ်နေသော ဟင်းလျာများ၏ ရနံ့များမှာ သင်းပျံ့နေသည့်အတွက်ကြောင့်
ပရိသတ်များနှင့် ဝန်ထမ်းများမှာ သူတို့လုပ်လက်စအလုပ်တွေကို ရပ်တန့်ကာ တံတွေးကို မျိုချနေရတော့သည်။
ဟင်းပွဲများ ချက်ပြုတ်ပြီးသည်နှင့်
စွပ်ပြုတ်မှာ အဆင်သင့်ဖြစ်လုနီးပါးဖြစ်သည်။
စုယန်ယန်သည် မြည်းကြည့်ကာ မီးပိတ်လိုက်၏။
ထို့နောက် သူမ ခေါင်းကို မော့ကြည့်မိသောအခါ မှတ်ချက်တွင် လူတစ်ယောက်က ကျိန်ဆဲနေသည်ကို
တွေ့လိုက်ရသည်။
စုယန်ယန်သည် သေချာကြည့်ရှုလိုက်ပြီးမှ
ဖြစ်ပျက်နေသည်များကို သဘောပေါက်သွားသည်။ စုယန်ယန်အား ဆဲဆိုသောကြောင့် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုမှ
နာမည်ပျက်စာရင်း အသွင်းခံလိုက်ရသူသည် သူ၏မိသားစုတစ်ခုလုံးကိုလည်း နာမည်ပျက်စာရင်းသွင်းထားကြောင်း
သိလိုက်ရသောအခါ စုယန်ယန်အား နေရာများစွာတွင် လိုက်လံဆဲဆိုတော့သည်။
သူတို့သည် နာမည်ပျက်စာရင်း သွင်းခံရပြီးဖြစ်သောကြောင့်သူတို့ကိုယ်သူတို့
စွန့်လွှတ်လိုက်ကြပြီး စုယန်ယန်အား ‘သွေးအေးသည်’ တခြား အများပြည်သူသုံး ပလက်ဖောင်းများတွင်
‘လူများကို အနိုင်ကျင့်သည်’ စသည်ဖြင့် စတင် ကျိန်ဆဲကြတော့သည်။
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအခန်းရှိ
ကြည့်ရှုသူများသည် ဤအဖြစ်အပျက်၏ အစီအစဥ်အားလုံးကို သူတို့မျက်လုံးများဖြင့် ကိုယ်တိုင်
မြင်တွေ့ခဲ့ရသည်။ ထိုလူများက အမှန်တရားကို ဖုံးကွယ်ကာ မဟုတ်တာတွေကိုပဲ ပြောနေတာမြင်တော့
ဒေါသထွက်လာကြ၏။
တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအခန်းရှိ
ပရိသတ်တွေက စုယန်ယန်အား ထိုအရာများကို စိတ်ထဲမထားရန်နှင့် တစ်ကမ္ဘာလုံးက သူတို့ကိုပဲ
လှည့်ပတ်သည်ဟု ထင်နေသော မောက်မာသည့် အရူးများကို ဂရုမစိုက်ရန် တစ်ယောက်ပြီးတစ်ယောက်
နှစ်သိမ့်ပေးခဲ့ကြ၏။
စုယန်ယန်သည် ထိုပို့စ်များထဲမှ
တစ်ခုကို စတင်ဖတ်ရှုနေပြီဖြစ်သည်။ တခြားတစ်ဖက်မှ လူသည် သူတို့အသက်အန္တရာယ်ရှိနေရင်တောင်
သူမက သူတို့အား ကယ်တင်မှာ မဟုတ်ဘူးဟု ထပ်ခါတလဲလဲ အလေးပေး ရေးသားထားခဲ့သည်။ စုယန်ယန်သည်
တရုတ်ဆေးဖက်ဝင် အပင်မျိုးစေ့များကို သုတေသနဌာနအား အခမဲ့ပေးအပ်ခဲ့သည်ကိုပင် လှောင်ပြောင်ခဲ့ကြ၏။
သူမသည် သုတေသနဌာန၏ အကြီးတန်းများကိုသာ ကပ်ဖားလိုပြီး သူတို့လို သာမန်လူများကိုတော့
ဂရုမစိုက်ကြောင်း စွပ်စွဲခဲ့ကြသည်။
စုယန်ယန် နှာခေါင်းရှုံ့လိုက်သည်။
“ကျွန်မက အပျိုစင်မယ်ရီ မဟုတ်ဘူးလေ။ ကမ္ဘာကြီးကို အလင်းလည်း မပေးနိုင်ပါဘူး။ ကျွန်မအပေါ်
မကောင်းကြံနေတဲ့သူတွေနဲ့ သူစိမ်းတွေကို အစွမ်းကုန် ကောင်းပေးနိုင်မှာ မဟုတ်ဘူး။ ကျွန်မက
သူတို့အမေ မဟုတ်လို့ သူတို့ကို အလိုလိုက်နေစရာလည်း မလိုဘူး။ နောက်ပြီးတော့ ကျွန်မက
သာမန်တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူနဲ့ သာမန်စားသောက်ဆိုင်ပိုင်ရှင်လေးပါပဲ။ ကျွန်မကို
မကြိုက်ရင် မလာဖို့ ရွေးချယ်လို့ရတယ်။ ကျွန်မလည်း ရှင်တို့ကို မကြိုက်တော့ ကျွန်မလုပ်အားနဲ့
ပြုလုပ်ထားတဲ့ အသီးအနှံတွေ ရှင်တို့ကို ရောင်းချဖို့ ငြင်းဆန်နိုင်တယ်။ အဲဒါနဲ့ ပတ်သက်ပြီး
ဘာမှ မှားနေတာ မရှိဘူးလို့ ထင်ပါတယ်။ နောက်ဆုံးအနေနဲ့ ကျွန်မကို မျက်နှာချိုသွေးနေစရာလည်း
မလိုပါဘူး၊ ဖျာလိုလိပ် ထိပ်ပေါ်တင်ထားစရာလည်း မလိုပါဘူး။ ရှင်တို့လုပ်နေတာက ကိုယ်ကျင့်တရား
ပျက်ယွင်းနေတာပဲ။ ကျွန်မက သာမန်လူတစ်ယောက်ပဲ။ လူတိုင်းက ကျွန်မကို ဘုရားလို ကိုးကွယ်နေတာကို
လက်မခံနိုင်ပါဘူးနော်။”
စုယန်ယန်တစ်ယောက် ထိုသို့ပြောပြီးသည်နှင့်
ပရိသတ် တော်တော်များများမှာ အံ့အားသင့်သွားပုံရသည်။ မှတ်ချက်များ ချက်ချင်းဆိုသလို
လျော့ကျသွား၏။
“ရှင်တို့ ကျွန်မကြောင့် ဒီလူတွေနဲ့
ရန်ဖြစ်စရာ မလိုဘူး။ နာမည်ပျက်စာရင်း သွင်းခံထားရတဲ့ လူတစ်ယောက်က ကျွန်မရဲ့ ဆုံးဖြတ်ချက်ကို
ဘယ်လောက်ပဲ မကြိုက်ပါစေ ဒီနေရာက သူတို့ကို ကြိုဆိုမနေဘူးဆိုတဲ့အချက်ကို ပြောင်းပစ်လို့မရဘူး။
ဒါက ရှင်တို့ရဲ့ ပြိုင်ဘက်အချို့ကို ဖယ်ရှားပစ်ဖို့ ကူညီပေးပြီးသား ဖြစ်နေလို့ ရှင်တို့
ပျော်တောင်ပျော်နေသင့်တယ်။ ကျန်တဲ့လူတွေက ရှင်တို့ကိုယ်တိုင် မဟုတ်ရင်တောင် ရှင်တို့နဲ့
တူညီတဲ့ စိတ်သဘောထားရှိသူတွေဖြစ်မှာ သေချာတယ်။ အဲဒါက ပိုပြီး စိတ်မချမ်းသာရဘူးလား။”