အပိုင်း ၃၃၅
Viewers 1k

 

အခန်း (၃၃၅)

 

-သစ်အယ်သီးပြောင်းဖူးဝက်နံရိုးစွပ်ပြုတ်

 

ထို့နောက် သူသည် လက်ဆောင်များစွာကို ပို့ခဲ့ပြီး တိုက်ရိုက်ထုတ်လွှင့်မှုတွင် သူ၏ လက်ဆောင်များနှင့် မက်ဆေ့ချ်တို့အား လူတိုင်း မြင်နိုင်သည့်နေရာတွင် ရှိနေအောင် ပြုလုပ်ခဲ့သည်။

 

ဤကြေငြာချက်ထွက်လာသောအခါတွင် ကီးဘုတ်စစ်သည်တော်များမှာ ဆွံ့အသွားကြ၏။

 

သူတို့ရဲ့မိသားစုဝင်တွေ ဖျားနာမှုတစ်ခုခုကို မခံစားရနိုင်ဘူးဆိုတာ ဘယ်သူမှ အာမခံလို့မရနိုင်ပေ။ တစ်စုံတစ်ယောက်ရဲ့ အကူအညီအား သူတို့ ဘယ်အချိန်တွင် လိုအပ်လောက်မည်နည်း။

 

သူတို့ အရင်က ပြောရဲဆိုရဲကြသည်မှာ ထုတ်ဖော်ခံရမှာကို မကြောက်ကြလို့ဖြစ်သည်။

 

ကောင်းလိုက်တာ။ အခုတော့ အဲ့လူက သူတို့ရဲ့ မျက်နှာဖုံးတွေကို ခွာချပစ်ပြီး သူတို့ရဲ့ နောက်ဆုံးလမ်းကြောင်းလေးကိုပါ ပိတ်ချလိုက်ပြီ။

 

[တိုက်ရိုက်ထုတ်လွှင့်မှုအခန်းရဲ့ ကံစမ်းမဲများမှာ ပါဝင်လို့ မရရုံတင်မကဘူး။ လက်တွေ့ဘဝမှာ ဆေးဖက်ဝင်ဟင်းလျာတွေ ရလာဖို့ တွေးတောင်မတွေးလိုက်နဲ့။]

 

[မင်းတို့ သူ့ကိုမုန်းတယ်မလား။ အဲ့တော့ သူလုပ်ထားတဲ့ အရာတွေကို ထိဖို့ တွေးတောင်မတွေးကြည့်နဲ့။ သူမကို လွှတ်ထားလိုက်မယ်ဆိုရင် မင်းတို့ကိုလည်း လွှတ်ပေးထားလိမ့်မယ်။]

 

ခုနက တားမြစ်ခံထားရသည့် လူများမှာ ခုန်ပေါက်ဖို့ ထွက်လာပြန်၏။ ၎င်းတို့ထဲမှ အများစုသည် သူတို့၏ မိသားစုဝင်တွေရဲ့ အထောက်အထားဖြင့် မှတ်ပုံတင်ထားသော အကောင့်အသစ်များ ဖြစ်ကြသည်။

 

အခုတော့ သူတို့မိသားစုဝင်တွေကိုလည်း နာမည်ပျက်စာရင်း အသွင်းခံလိုက်ရပြီ။ အဲ့ဒါတင်မဟုတ်ဘဲ တခြားမိသားစုဝင်တွေလည်း နာမည်ပျက်စာရင်း အသွင်းခံရနိုင်သည်။

 

ထို့ကြောင့်ပင် လူအများအပြားသည် စားသောက်ဆိုင်တွင် ကြိုတင်စာရင်း ပေးသွင်းခဲ့ချင်ကြသော်လည်း အထောက်အထားစိစစ်ခြင်းကို မကျော်ဖြတ်နိုင်ခဲ့ကြပေ။

 

ဟိုဟိုဒီဒီ လိုက်လံမေးမြန်းကြပြီးနောက် ဒီဆိုင်မှာ ဒီလိုသတ်မှတ်ချက်မျိုးတွေ ရှိနေတယ် ဆိုတာကို သိလိုက်ရသည်။ သူတို့ အိမ်ပြန်လာကြသောအခါ ပြဿနာရှာဖွေခဲ့သောသူအား ရှာဖွေကာ ရိုက်နှက်ခဲ့ကြ၏။

 

ဒါပေါ့ ဒါတွေအားလုံးက အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာတွေပါ။

 

စုယန်ယန်သည် ယနေ့တွင် အရာများစွာကို ပြင်ဆင်ခဲ့ပြီး နောက်ထပ် ပါဝင်ပစ္စည်းများ လိုအပ်နေပါသေးသည်။

 

စုယန်ယန်သည် လိုအပ်တာအားလုံးကို ပြင်ဆင်ပြီးသောအခါ၊ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းတွင် ကြည့်ရှုသူများနှင့် ရေတပ်များထံမှ မကျေနပ်သည့် မှတ်ချက်များနှင့် ပြည့်နှက်နေပြီဖြစ်သည်။

 

ထို့နောက် ဟောက်ချန်ဟွမ်း၏ ဖြေရှင်းမှုအား သူမ တွေ့လိုက်ရသည်။ ထိုလူသည် သူမအား ကာကွယ်ဖို့ ကြိုးစားနေမှန်း သိတာကြောင့် ရင်ထဲမှာ ချိုမြိန်နေသလို ခံစားလိုက်ရကာ အပျက်သဘောဆောင်တဲ့ မှတ်ချက်တွေကို လျစ်လျူရှုထားခဲ့၏။

 

စုယန်ယန်သည် သူမ၏ ဝမ်းနည်းနေသော ပရိသတ်ကြီးအား ပြောလိုက်သည်။ “အခုတစ်လော မင်္ဂလာပွဲနဲ့ ဆေးဖက်ဆိုင်ရာဟင်းလျာစားသောက်ဆိုင်ကြောင့် အလုပ်ရှုပ်နေခဲ့လို့ပါ။ တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန် တကယ်ပဲ နည်းသွားခဲ့တယ်။ ဒါပေမယ့် ဒီနေ့ကစပြီး မနက်ပိုင်း ဒါမှမဟုတ် ညဘက်မှာ အချိန်ရအောင် သေချာကြိုးစားပြီး တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးပါ့မယ် ဒါပေမယ့် တိုက်ရိုက်ထုတ်လွှင့်တဲ့အချိန်ကတော့ အရင်လို ကြာရှည်မှာ မဟုတ်ပါဘူး‌။”

 

စုယန်ယန်သည် အမှန်တကယ်ပင် ယခင်ကလောက် မအားလပ်တော့ပေ။ သူမသည် နေ့ခင်းဘက်တွင် သူမရဲ့ အင်တာတိန်းမန့်ကုမ္ပဏီသို့ သွားရောက် စီမံခန့်ခွဲရပြီး နေ့လည်ပိုင်းတွင် စားသောက်ဆိုင်ရှိ ဖောက်သည်များအတွက် အော်ဒါများကို ဆောင်ရွက်ပေးရသည်။ သူမ၏ အားလပ်သည့်အချိန်မှာ မနက်ပိုင်းနှင့် ညဘက်သာဖြစ်သည်။

 

ဒါပေါ့၊ သူမနဲ့ ဟောက်ချန်ဟွမ်းရဲ့ ကိုယ်ပိုင်အချိန်လေးတွေကိုလည်း ထည့်သွင်းစဉ်းစားဖို့ လိုအပ်တယ်လေ။ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုတဲ့ပရိသတ်တွေ မငြိုငြင်ရလေအောင် အချိန်ခပ်တိုတိုပဲ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနိုင်မှာ ဖြစ်သည်။

 

စုယန်ယန်သည် ပရိသတ်အား အကြာကြီး စောင့်ဆိုင်းစေခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် သူမ၏စကားကို ကြားလိုက်ရသောအခါ ပရိသတ်များမှာ စိတ်မပျက်ရုံတင်မကဘဲ စိတ်လှုပ်ရှားသွားခဲ့ကြ၏။

 

[နောက်ဆုံးတော့ တင်ဆက်သူက အလုပ်ကြိုးစားတော့မှာပေါ့။]

 

[တင်ဆက်သူ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ဖို့ ဆန္ဒရှိနေသရွေ့ တင်ဆက်သူ အဆင်ပြေသလောက်သာ အချိန်ယူပြီး လွှင့်ပါ၊ ရပါတယ်။]

 

စုယန်ယန်က ဒါကိုမြင်တော့ ပြုံးလိုက်ကာ ချက်ချင်းပဲ လိုရင်းကို ပြောလိုက်သည်။ “မင်းတို့ရဲ့ နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။ ဒီနေ့မှာတော့ အရိုးကို အာဟာရဖြည့်တင်းဖို့ ကယ်လ်စီယမ် လိုအပ်နေသူတွေအတွက် အိမ်ချက်ဆေးဖက်ဝင်ဟင်းလျာအချို့ကို ပြုလုပ်သွားမှာပါ။”

 

ဟောက်ချန်ဟွမ်းသည် “ကြွက်သားများ အားနည်းခြင်း” နှင့် “အရိုးများကို အားဖြည့်သည့် ကယ်လ်စီယမ်” ဟူသော စကားလုံးများကို ကြားလိုက်သောအခါ သူမသည် သူ့အတွက် ဤဟင်းလျာများကို ချက်ပြုတ်မှာဖြစ်ကြောင်း ချက်ချင်း မှန်းဆမိလိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ချက်ချင်းပေါ်လာ၏။

 

“အရင်ဆုံး ကျွန်မတို့ သစ်အယ်သီးပြောင်းဖူး ဝက်နံရိုးစွပ်ပြုတ် ပြုလုပ်ပါမယ်။  ပါဝင်ပစ္စည်းတွေကတော့ ရှင်းရှင်းလေးပါ။ သစ်အယ်သီး၊ ဝက်နံရိုး၊ ပြောင်းဖူးနဲ့ ကျွန်မ ဆိုင်ကနေ ပြန်သယ်လာတဲ့ ဟင်းချိုရည်အချို့ပါပဲ။”

 

စုယန်ယန်သည် ထိုသို့ပြောပြီးသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုမျက်နှာပြင်ပေါ်တွင် မေးခွန်းအချို့ ပေါ်လာသည်။

 

[ဟင်းချိုရည်ဆိုတာ ဘာလဲဟင်။]

 

“ဟင်းချိုရည် ဆိုတာ အချိန်အကြာကြီး ပြုတ်ထားတဲ့ ကြက်စွပ်ပြုတ်ကို ပြောတာပါ။ ခေါက်ဆွဲချက်တဲ့အခါ ဒီလိုစွပ်ပြုတ်ရည်မျိုးကို အသုံးပြုလို့ရတယ်။ ခေါက်ဆွဲဟင်းရည်ရဲ့ အရသာကို ပိုလန်းဆန်းစေပြီး ခေါက်ဆွဲရဲ့ အရသာကို ပိုမိုကောင်းမွန်စေတယ်။”

 

စုယန်ယန်သည် ပါးစပ်ကပြောနေရင်း ဝက်နံရိုးများကို အပိုင်းပိုင်း ပိုင်းဖြတ်ကာ အိုးထဲသို့ ပစ်ထည့်ပြီး မွှေလိုက်ကာ ခဏအကြာတွင် သူတို့ကို အသုံးပြုဖို့ ဆယ်ယူလိုက်သည်။