အပိုင်း ၃၅၉
Viewers 1k

 

အခန်း (၃၅၉) - လုံးဝ ထိပ်မပြောင်ဘူး

 

"ကျွန်မတို့နှစ်ယောက်ရဲ့ နာမည်တွေလား။" စုယန်ယန်သည် နောက်ဆုံးမှာတော့ ညတွင်းချင်း ချမ်းသာလာသောကြောင့် မိန်းမောနေရာမှ ရုန်းထွက်နိုင်ခဲ့ပြီး “ကျွန်မတို့ရဲ့ နာမည်ကို အသုံးပြုဖို့ ဘယ်သူက စပြီး အကြံပေးလိုက်တာလဲ” ဟု မေးလိုက်သည်။

 

ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားခဲ့သည်။ သူ့မျက်နှာကို တစ်ဖက်သို့လှည့်ပြီး "ဒါက ရှောက်ယန်ရဲ့ အကြံပြုချက်ပဲ" ဟု ပြောလိုက်ပါသည်။

 

စုယန်ယန်က သူ့ကို သံသယနဲ့ စိုက်ကြည့်နေခဲ့သည်။ သူမ ခံစားချက်အရ ဒါက အဲ့လောက်မရိုးရှင်းဘူး။

 

ထို့အပြင်၊ ကုရှောက်ယန်၏ အကြံပြုချက်သည် အမှန်တကယ်ပင် သူဌေး၏ ခွင့်ပြုချက်မရှိဘဲ ဂိမ်း၏ နောက်ဆုံးအမည်ကို ပေါ့ပေါ့ဆဆ ဆုံးဖြတ်ဖို့ ဘယ်လိုလုပ်ပြီး လုပ်ဆောင်နိုင်ပါ့မည်နည်း။

 

ဒါကို တွေးလိုက်တော့ စုယန်ယန်ရဲ့ မျက်လုံးတွေက ချိုမြိန်ပြီး ရယ်မြူးရိပ် ထင်ဟပ်သွားသည်။ ဟောက်ချန်ဟွမ်း၏ နားရွက်တွေက နီရဲနေလေသည်။

 

"ဒီဂိမ်းကို စိတ်ဝင်စားလား။"

 

စုယန်ယန်က ခေါင်းညိတ်သည်။ "ကျွန်မ တော်တော်လေးကို စိတ်ဝင်စားတယ်။"

 

"ဂိမ်းရဲ့ ပဏာမစမ်းသပ်မှုပြီးတဲ့အခါ၊ မင်းအတွက် ဂိမ်းစက် နှစ်စုံလောက် ပို့ပေးဖို့ ကိုယ်ပြောလိုက်မယ်။"

 

"နှစ်စုံလား။ ရှင် ကျွန်မနဲ့အတူ ကစားချင်တာလား။"

 

ဟောက်ချန်ဟွမ်းက နှုတ်ဆိတ်နေခဲ့သည်။ စုယန်ယန်က မျက်လုံးပိတ်လုမတတ် ပြုံးရယ်ပြလိုက်သည်။ "ရှင် ကျွန်မနဲ့ ကစားချင်ရင် ကျွန်မ ရှင်နဲ့အတူ ကစားမှာပေါ့။ မဟုတ်ရင် ကျွန်မတစ်ယောက်တည်း ကစားရတာ ပျင်းဖို့ကောင်းတယ်။”

 

ဟောက်ချန်ဟွမ်းက စုယန်ယန်ကို ခဏလောက် စိုက်ကြည့်နေခဲ့ပြီး‌နောက် "ကောင်းပြီ။" ဟု ပြောလိုက်ပါသည်။

 

စုယန်ယန်က တောက်ပစွာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် တစ်စုံတစ်ခုကို သတိရသွားပုံရပြီး “သူတို့ သုံးယောက်က မတူညီတဲ့ ပရောဂျက်တွေကို တာဝန်ခံရတယ်လို့ ရှင် ပြောခဲ့တယ်နော်။ ရှောက်ယန်နဲ့ ကျစ်ယန်တို့ရဲ့ တာဝန်ယူမှုအပိုင်းကို ရှင်ပြောပြီးပြီဆိုတော့ ယန်ပိုင်ကရော ဘယ်အပိုင်းကို တာဝန်ထားတာလဲ။” ဟု မေးလိုက်သည်။

 

"သူက စက်ရုပ်တွေအတွက် တာဝန်ရှိတယ်။"

 

စုယန်ယန်၏ မျက်လုံးများ တောက်ပသွားခဲ့သည်။ "စက်ရုပ်တွေလား။ ဉာဏ်ရည်ထက်မြက်တဲ့ စက်ရုပ်တွေမျိုးလား။ သူ့မှာ ဘာလုပ်ဆောင်ချက်တွေ ပါဝင်လဲဟင်။ ကလေးတွေနဲ့ ကစားပြီး အိမ်မှုကိစ္စတွေ ကူလုပ်ပေးတာမျိုး ရလား။”

 

“အင်း ရတယ်၊ သူတို့က ဇီဝစက်ရုပ်တွေလေ။ အခြေခံအားဖြင့်တော့ သူတို့တွေက လူသားတစ်ဦး လုပ်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်နိုင်ပြီး လူသားတွေ မပြုလုပ်နိုင်တဲ့အရာတွေကိုလည်း လုပ်ဆောင်ပေးနိုင်တယ်။ ယန်ပိုင်နဲ့ ကျန်တဲ့သူတွေက အဓိကအားဖြင့် ကာကွယ်ရေးစက်ရုပ်တွေကို တီထွင်နေကြတယ်…”

 

“ကာကွယ်ရေးစက်ရုပ်လား။”

 

“ဟုတ်တယ်၊ ပိုင်ရှင်ကို ကာကွယ်ပေးနိုင်တဲ့ စက်ရုပ်။”

 

စုယန်ယန်သည် အံ့အားသင့်သွားပြီး မသိစိတ်က ဟောက်ချန်ဟွမ်းကို စိုက်ကြည့်လိုက်မိသည်။ ပိုင်ရှင်ကို ကာကွယ်ပေးနိုင်တဲ့ စက်ရုပ်ကို တီထွင်သည့် မူလရည်ရွယ်ချက်မှာ... သူနဲ့ ပတ်သက်တာတွေ ရှိနိုင်မလား။

 

ဟောက်ချန်ဟွမ်းက သူမရဲ့ ထူးဆန်းတဲ့ တုံ့ပြန်မှုကို သတိမထားမိဘဲ “ဒီလုပ်ဆောင်ချက်က ဖွံ့ဖြိုးနေဆဲဖြစ်ပြီး သိပ်ပြီး မတိုးတက်သေးပါဘူး။ စောစောက ပြောခဲ့တဲ့ အခြေခံလုပ်ဆောင်ချက်တွေပါတဲ့ စက်ရုပ်တချို့တော့ ရှိနေပြီ။ တကယ်လို့ မင်းစိတ်ဝင်စားတယ်ဆိုရင် မင်း ကစားဖို့ တစ်ယောက်ကို လာပို့ခိုင်းလိုက်လို့ရတယ်။"

 

စုယန်ယန်၏ မျက်လုံးများ လင်းထိန်သွားသော်လည်း သူမ စိုးရိမ်နေဆဲပင်။ “အဲဒါက အရမ်းကောင်းတဲ့အကြံမဟုတ်ဘူးလို့ ကျွန်မ ထင်တယ်။”

 

ဤအရာသည် စက်ရုပ်တစ်ပိုင်း အချောထည် ဖြစ်သော်လည်း၊ ဤစက်ရုပ်သည် စီးပွားရေးဆိုင်ရာ လျှို့ဝှက်ချက် ဖြစ်နေဆဲ ဖြစ်သည်။ အိမ်ကို ပြန်ယူပြီး ကစားဖို့ဆိုတာ တကယ်တော့ ပြဿနာ မဟုတ်ဘူးလား။

 

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ စိတ်ကို ဖတ်မိပုံရသည်။ သူက စုယန်ယန်ရဲ့ ခေါင်းလေးကို ပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။ “အဆင်ပြေပါတယ်။ ဒီနည်းပညာက အလွန်အခြေခံကျတယ်။ ဒါ့အပြင်၊ ယန်ပိုင်တို့တွေက သူတို့ သုတေသနပြုလုပ်သောအခါတွင် အဓိကနည်းပညာကို သော့ခတ်ထားတဲ့ နည်းစနစ်ကို အသုံးပြုထားကြတယ်။ တကယ်လို့ သူတို့ရဲ့ သုတေသနပညာရှင် မဟုတ်တဲ့ သူတစ်ယောက်က သူ့ရဲ့ ကုဒ်ကို ဖျက်ချင်တာမျိုး ဒါမှမဟုတ် အင်အားသုံးပြီး ခွဲထုတ်ချင်တယ်ဆိုရင်၊ အဲဒီစက်ရုပ်က သူ့အတွင်းပိုင်းရှိ ကာကွယ်ရေးစနစ်အား စတင်စေပြီး အတွင်းချစ်ပ်ပြားကို ကိုယ်တိုင်ဖျက်စီးပစ်လိမ့်မယ်။”

 

"ဒီလောက်အဆင့်မြင့်တယ်လား။" စုယန်ယန်သည် တစ်ချိန်တည်းမှာပင် အံ့အားသင့်ကာ သိချင်လာမိသည်။ သူမသည် ဟောက်ချန်ဟွမ်းကို သူတို့၏ သခင်ထံ အရိုးတောင်းနေသည့် ခွေးကလေး၏ အကြည့်မျိုးဖြင့် ကြည့်လိုက်ပါသည်။

 

ဟောက်ချန်ဟွမ်းသည် သူမ၏ တိုက်ခိုက်မှုကို ဘယ်လိုလုပ်ပြီး ခုခံနိုင်ပါ့မည်နည်း။ ဟောက်ချန်ဟွမ်းက “ကိုယ် မနက်ဖြန်ကျရင် စက်ရုပ်ကို လာပို့ခိုင်းလိုက်မယ်” ဟု ကူကယ်ရာမဲ့စွာ ပြောလိုက်ပါသည်။

 

စုယန်ယန်သည် သူမကိုယ်သူမ ကမ္ဘာပေါ်မှာ အပျော်ဆုံးလူသားဟု ခံစားသွားရကာ ကြည်နူးပြုံးပျော်သွားခဲ့ပါသည်။

 

သူမ၏ ခင်ပွန်းသည်က ချမ်းသာရုံသာမက အရည်အချင်းလည်းရှိတယ်။ သူမကို ငွေကြေးဥစ္စာ အများကြီး ပြန်အပ်နိုင်ရုံသာမက အသစ်အဆန်း အရုပ်အမျိုးမျိုးကိုပါ စမ်းသုံးကြည့်နိုင်ပါသေးတယ်။ ဒါတွေအားလုံးက ငွေနဲ့ဝယ်လို့မရတဲ့ ရှားပါးပစ္စည်းတွေပါ။

 

အရေးအကြီးဆုံးကတော့ သူ့လက်ထဲမှာ နည်းပညာမြင့် ပညာရပ်တွေရှိတဲ့ သူဌေးကြီးတစ်ယောက်အနေနဲ့ သူမရဲ့ ခင်ပွန်းက အဲဒီပရိုဂရမ်မာတွေနဲ့ မတူညီစွာ ထိပ်မပြောင်ပါဘူး။

 

သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကြောင့် ထိပ်ပြောင်လာတဲ့ ပရိုဂရမ်မာများ “…”