အပိုင်း ၂၇၉-၂၈၀ (End)
Viewers 20k

Chapter 279 (Extra 4)


အဖေဖြစ်သူက အပီတီးထားသောကြောင့် ကျန်းရှင်းချန်၏အောက်ပိုင်းက နာကျင်နေလေသည်။


သို့သော်လည်း သူက ပျော်နေ၏။


အဖေက ဤသို့သော စကားအား ဆတ်ဆတ်ထိမခံဖြစ်နေပုံအရ ကွာမရှင်းဖြစ်မည်မှာ သေချာသလောက်မဟုတ်ပါလော။


 


ကျိန်းသေပေါက်သေချာလွန်းသည်ပင်။


နောက်ရက်များမှစ၍ အဖေဖြစ်သူသည် အိမ်ပုံမှန်ပြန်လာခဲ့သည်။ကျန်းရှင်းချန်သည်စိတ်သက်သာရာရသွား၏။


 “လူကြီးတွေမှာ အိမ်ထောင်မကွဲချင်ရတဲ့ အကြောင်းရင်းတွေ အများကြီးရှိတယ်... ငါ့အမေဆိုရင် ပိုင်ဆိုင်မှုတွေခွဲဝေပေးရမှာစိုးလို့ ကွာမရှင်းချင်တာ...ရှင်းလိုက်ရင် ငါ့အဖေကို ပိုက်ဆံအများကြီးပေးရမှာတဲ့လေ...အခုတော့ အမေက အဖေ့ကိုတစ်လကို ယွမ်တစ်သောင်းထောက်ပံ့နေရတယ်... ငါ့ကိုပေးတာထက်တော့နည်းတာပေါ့” ​​


ကျန်းရှင်းချန်၏သူငယ်ချင်းက မေးငေါ့လျက် ပြောလေသည်။


 “အဲ့လိုလား…ဒါပေမဲ့ ငါ့အဖေက ပိုက်ဆံပေါပါတယ်... လစဉ်ထောက်ပံ့ကြေးတော့ လိုမယ်မထင်ဘူး ” 


ကျန်းရှင်းချန်သည် သူငယ်ချင်း၏စကားကြောင့်မျက်လုံးပြူးသွားသော်လည်း


ထို့နောက်တွင် ချက်ချင်းပင် ငြင်းဆန်ပြောလိုက်သည်။  


 "မင်းအမေကရော"


 "အမေလည်း ပိုက်ဆံရှိပါတယ်"  


ကျန်းရှင်းချန်၏အမေသည် တစ်ရာကြိမ်မြောက်ဆိုင်ခွဲကိုပင် ဖွင့်လှစ်ရန် ပြင်ဆင်နေလေ၏။


ကျန်းရှင်းချန်သည် အမေဖြစ်သူထံကပင် မုန့်ဖိုးပိုရသေးသည်။


 “အင်း... တွေးရတာခက်တယ်”  


သူငယ်ချင်းဖြစ်သူက ပြောရင်းဆိုရင်း ခေါင်းကိုတဂျစ်ဂျစ်ကုတ်ပြီး ဆံပင်ကိုခါလေသည်။


ထိုအခါ ကျန်းရှင်းချန်က မသတီသောမျက်နှာထားဖြင့် တစ်ဖက်သို့အမြန်ရှောင်လိုက်လေ၏။


 "အင်း...ဘယ်လိုပဲဖြစ်ဖြစ် ကွာမရှင်းကြတာ ကောင်းပါတယ်...  အဖေက ငါ့ကို ဆောင်းရာသီ အားလပ်ရက်ကျရင်  တောင်ဝင်ရိုးစွန်းကို လိုက်ပို့မှာတဲ့ ”


 "မိုက်တာပေါ့"


သူငယ်ချင်း၏ဖခင်သည် လစဉ်ထောက်ပံ့ကြေး ယွမ်တစ်သောင်းသာရရှိပြီး တစ်ခါတစ်ရံ သားဖြစ်သူထံမှပင်ငွေပြန်တောင်းနေရသေးသည်။


ကျန်းရှင်းချန်၏စကားကိုကြားသောအခါ ထိုသူငယ်ချင်းက အလွန်မနာလိုဖြစ်သွား၏။


ထို့နောက် သူသည် နောက်ကောက်အကျမခံဘဲ ကြွားလုံးပြန်ထုတ်တော့သည်။


 


 "ငါ့အမေက ဒီတစ်ပတ် နောက်ဆုံးပေါ် ဂိမ်းစက်ဝယ်ပေးမယ်တဲ့ "


 “ငါ့အမေလည်းဝယ်ပေးတယ်...ငါနဲ့တောင်အတူတူဝင်ဆော့ပေးသေးတယ် ”


သူသည် ဤတစ်ခေါက်နှိုင်းယှဉ်ရာတွင်လည်း ရှုံးနိမ့်သွားပြန်ပြီဖြစ်သည်။


ထိုသူငယ်ချင်းက အလွန်ဝမ်းနည်းသွားပြီး ကျန်းရှင်းချန်နှင့်စကားဆက်မပြောတော့ဘဲ ဘတ်စကတ်ဘောကိုကိုင်လျက်ထွက်သွားလေ၏။


သို့သော်လည်း ကျန်းရှင်းချန်က မတားပေ။


မည်သို့ပင်ဆိုပါစေ သူ့ထံ၌အခြားသူငယ်ချင်းများရှိသေးသည်။


 ***


ကျန်းရှင်းချန်  ၆ တန်း ရောက်သွားသောအခါ


ထိုသူငယ်ချင်း၏မိဘများက ကွာရှင်းခဲ့ကြသည်။ 


ထိုတစ်ယောက်၏အမေက ရုပ်ချောချောခပ်ငယ်ငယ်အမျိုးသားတစ်ဦးနှင့်လက်ထပ်သွားပြီး အဖေမှာ ချမ်းသာသောအမျိုးသမီးတစ်ယောက်နှင့် နောက်အိမ်ထောင်ပြုသွားလေသည်။


ထိုအခါ ထိုသူငယ်ချင်းက ဖြေမဆည်နိုင်ဖြစ်ပြီး ကျန်းရှင်းချန်အား သူနှင့်အတူ အရက်သောက်ရန် ဆွဲခေါ်သွားခဲ့၏။


 ဤသည်မှာ ကျန်းရှင်းချန်အတွက် ပထမဆုံးအတွေ့အကြုံဖြစ်ပြီးပုလင်းတစ်ဝက်ခန့်သောက်ပြီးနောက် မူးလာသည်။ အိမ်ပြန်ရောက်သောအခါ ကျန်းရှင်းချန်သည် ငိုယိုပြီး သူ့အမေ၏ခြေထောက်ကိုဖက်ကာ ကွာရှင်းခြင်းမပြုရန်တောင်းဆိုလေသည်။


 ထို့နောက်ပိုင်းတွင် အဖေဖြစ်သူထံမှ ဆော်ပလော်တီးခံရတော့၏။


 ***


 အလယ်တန်းကျောင်းသူကျောင်းသားများသည် အချစ်ရေးကို စမ်းသပ်တတ်လာကြသည်။ကျန်းရှင်းချန်သည်လည်း ထိုအရာကို သိလိုစိတ်ပြင်းပြနေလေသည်။


သူသည်လည်း အချစ်ရေးနှင့် မည်ကဲ့သို့သောပတ်သတ်ဆက်နွှယ်မှုမျိုးရှိနေကြောင်း ကျန်းရှင်းချန်က သိချင်၏။


 သို့သော် သူ့ထံ၌ ကောင်မလေးများဝိုင်းဝိုင်းလည်နေသောကြောင့် ကျန်းရှင်းချန်သည် ပွဲကျင်းပ၍ ရွေးချယ်ရန်ဆုံးဖြတ်ခဲ့သည်။ပွဲတွင် နောက်ဆုံးဇကာတင်ကျန်ရှိသော ကျောင်းသူနှစ်ဦးသည် အငြင်းအခုံဖြစ်ကြပြီး နောက်ဆုံး၌ အတန်းပိုင်ထံသို့ သတင်းရောက်သွားခဲ့လေ၏။


 အတန်းပိုင်ဆရာမက မည်းမှောင်နေသောမျက်နှာထားဖြင့် စာသင်ခန်းထဲသို့ရောက်ရှိလာသည်။


ထို့နောက်ဆရာမက သုံးယောက်လုံးကို ရုံးခန်းထဲ ဆွဲခေါ်သွားပြီး မိဘခေါ်တော့သည်။


မိဘခေါ်ခြင်းနှင့်ပတ်သက်၍ ကျန်းရှင်းချန်က လုံးဝ စိတ်မပူချေ။သူ၏အဖေမှာ လွန်ခဲ့သောနှစ်ရက်က အလုပ်ခရီးထွက်သွားပြီး အမေဖြစ်သူမှာ နှလုံးသားမဲ့သူမဟုတ်ပေ။


ဖုန်းခေါ်ဆိုပြီးနောက် ကျန်းရှင်းချန်၏အမေ ရောက်ရှိလာခဲ့သည်။သူမသည် ခပ်သွက်သွက် လမ်းလျှောက်လာပြီး အလုပ်သွားသော၀တ်စုံကို ဝတ်ဆင်ထားဆဲဖြစ်၏။ 


ထိုအရာက သူမ၏အသွင်အပြင်အား လူရိုသေရှင်ရိုသေဖြစ်စေသည်။


အုပ်ထိန်းသူသုံးယောက်လုံးက အချင်းချင်း သိကျွမ်းကြပြီး ဆွေးနွေးမှုကလည်း အလွန်ချောမွေ့ခဲ့၏။


ဆွေးနွေးမှု၏နောက်ဆုံးရလဒ်မှာ ကျန်းရှင်းချန်တို့သုံးဦးစလုံးအား ၎င်းတို့အမှားလုပ်ခဲ့သမျှကို ဖော်ပြသည့် စာစီစာကုံးတစ်ပုဒ်စီရေးခိုင်းခြင်း ဖြစ်လေသည်။


ကျောင်းသူနှစ်ဦးက စာလုံးရေတစ်ထောင်ပြည့်အောင်ရေးရမည်ဖြစ်ပြီး ပွဲစီစဉ်ခဲ့သောကျန်းရှင်းချန်အတွက်ကိုမူ စာလုံးရေသုံးထောင် သတ်မှတ်ပေးထားသည်။


 ရုံးခန်း၌ အချိန်အတော်ကြာပြီးနောက် သားအမိနှစ်ယောက်သားအိမ်ပြန်လာခဲ့ကြ၏။


အိမ်ထဲသို့ ခြေချမိသည်နှင့်တစ်ပြိုင်နက် ကျန်းရှင်းချန်သည် မိခင်၏ရိုက်နှက်ဆုံးမခြင်းကို ခံရတော့သည်။


 အမှန်အတိုင်းပြောရလျှင် ကျန်းရှင်းချန်သည် အမေဖြစ်သူထံမှ ဆော်ပလော်တီးခံရမည်ဟုမထင်ထားခဲ့ပေ။


သို့သော်လည်း သူသည် ယောက်ျားလေးတစ်ဦးဖြစ်သောကြောင့် အပြစ်ဒဏ်ကိုကျေကျေနပ်နပ်လက်ခံခဲ့သည်။


အိမ်၌ရှ်ိသည့်တစ်ဦးတည်းသော မိန်းမသားအပေါ် ကောင်းကောင်းမွန်မွန်ဆက်ဆံပေးရပေမည်။


ကျန်းရှင်းချန်၏မိခင်သည် သွန်သင်ဆုံးမခြင်း၌


တစ်ဖက်ကမ်းခတ်ကျွမ်းကျင်လှ၏။ 


သူမသည် ကျန်းရှင်းချန်အား ခြေသလုံးမှပေါင်အထိ နေရာလွတ်မရှိအောင်ရိုက်ရုံသာမက စာစီစာကုံးကိုပင် စာလုံးရေသုံးထောင်မှ ငါးထောင်အထိ တိုးမြှင့်ပစ်ခဲ့သည်။


ထို့နောက် အသက် ၁၈ နှစ်မပြည့်ခင်အထိ ရည်းစားမထားရဟု စည်းကမ်းချက်ထုတ်ပြီး ‌ထပ်မံ၍ပွဲကျင်းပခြင်းမျိုးမပြုရန် ကတိတောင်းခဲ့လေသည်။


ကျန်းရှင်းချန်သည် စာစီစာကုံးရေးရန်နှစ်ရက်အချိန်ယူလိုက်ရပြီး ပြီးဆုံးချိန်တွင် လက်ပြုတ်ထွက်တော့မတတ်ခံစားခဲ့ရ၏။သို့သော်လည်း ရေးပြီးရုံနှင့်မပြီးသေးပေ။


တနင်္လာနေ့ ၌ကျင်းပသော ကျောင်းစုဝေးပွဲ၌ လူတကာကြားအောင် ဖတ်ပြရဦးမည်ဖြစ်လေသည်။


 အမှန်အတိုင်းပြောရလျှင် ကျန်းရှင်းချန်သည် ငယ်စဥ်ကတည်းက သူငယ်ချင်းကောင်းများရှိခဲ့ပြီး ဤကဲ့သို့သောအရာမျိုးကို မကြာခဏလူသိရှင်ကြား ရွတ်ဖတ်ပြခဲ့ဖူးသည်။ 


သို့သော်လည်း အမှားလုပ်မိသည့်အရာအားပြန်လည်သုံးသပ်ထားသောစာကို ဖတ်ပြရခြင်းက ကျန်းရှင်းချန်အတွက် ပထမဆုံးအကြိမ်ဖြစ်လေ၏။


ဤအရာက အလွန်ရှက်စရာကောင်းကြောင်း သိရှိသွားသည်နှင့်တစ်ပြိုင်နက် ကျန်းရှင်းချန်သည် တိတ်ဆိတ်သွားတော့သည်။


သို့သော်လည်း ကျန်းရှင်းချန်သည် တစ်ကျောင်းလုံး၏ထိပ်တန်းကျောင်းသားဖြစ်သည့်အလျောက်


သူရေးသော အမှားပြန်လည်သုံးသပ်သည့်စာစီစာကုံးက အခြားသူများအတွက် အတုယူစရာ စံနမူနာတစ်ခုသဖွယ်ဖြစ်နေပြန်လေ၏။


တနင်္လာနေ့၌ ဖတ်ပြခဲ့သော စာစီစာကုံးကအံ့မခန်းဖြစ်ပြီး ကျန်းရှင်းချန်အား တော်တော်များများက သိကုန်ကြသည်။ကျန်းရှင်းချန်၏ရည်းစားဖြစ်ချင်‌ကြသော မိန်းကလေးများသည်လည်း ယခင်ကထက် ပိုမိုများပြားလာတော့၏။


ကျန်းရှင်းချန်သည် အမေဖြစ်သူနှင့်ကတိပြုထားပြီး


ထိုသဘောတူညီချက်အား ပြန်လည်မရုတ်သိမ်းနိုင်ပေ။


ထို့ကြောင့် သူသည်  ထိုမိန်းကလေးများအားလုံးကို အလေးအနက် ငြင်းဆိုခဲ့သည်။


ထိုသို့ငြင်းလိုက်ခြင်းက ပြဿနာပိုတက်စေမည်ဟု မည်သူမှမသိခဲ့ကြပေ။


ကျန်းရှင်းချန်ငြင်းဆိုလိုက်သော ကျောင်းသူများက


နည်းနည်းလေးမှ စိတ်မဆိုးကြဘဲ " ရှင်းချန်ရဲ့ဖြူစင်မှုကိုကာကွယ်ကြ " ဟူသောဆောင်ပုဒ်ဖြင့် ဖန်ကလပ်တစ်ခုပင် ထောင်လိုက်ကြသေးသည်။


 ကျန်းရှင်းချန်သည် သူ၏ဖန်ကလပ်အား ကန့်ကွက်ရန်ကြိုးပမ်းခဲ့သော်လည်း သူသည် အခန်းပြင်ထွက်ဖို့ကိုပင် ကြောက်လန့်နေခဲ့ရပြီး ထိုအကြောင်းကို နောက်တစ်ကြိမ်စကားမစရဲတော့ပေ။


Xxxxxxx


Chapter 280 (End of Extra )


ကျန်းရှင်းချန်သည် ငယ်စဉ်ကတည်းက international schoolများ၌ တက်ရောက်ခဲ့ပြီး ထိုနေရာမှ


ကျောင်းသား ထက်ဝက်ကျော်သည် အမျိုးသားတက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည်မဟုတ်ချေ။


ထို့ကြောင့် နောက်ဆုံးအကြိမ် အတန်းခွဲပြီးသောအခါ ကျန်းရှင်းချန်သည် အငယ်တန်းနှစ်မှ လူနည်းစုထဲတွင်ပါဝင်လာခဲ့သည်။


ဤတစ်ခေါက်၌လည်း သူငယ်ချင်း၏မိခင်က နောက်အိမ်ထောင်ထပ်ပြုသွားပြန်၏။


ဒုတိယမြောက်ပထွေးသည် သူ၏သူငယ်ချင်းထက် ၅နှစ်သာကြီးလေသည်။


 သူငယ်ချင်းဖြစ်သူသည် အလွန်စိတ်ပျက်သွားကာ  အမေဖြစ်သူအား ပုန်ကန်လျက် နိုင်ငံခြားပညာတော်သင်မသွားတော့ဘဲ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ဆုံးဖြတ်ခဲ့သည်။


 နိုင်ငံခြားပညာတော်သင်သွားမည့်သူများသည်


တက္ကသိုလ်ဝင်ခွင့်စာမေးပွဲသင်ရိုးညွှန်းတမ်းများကို ကောင်းစွာလေ့ကျင့်ထားခြင်းမရှိကြပေ။


ကျန်းရှင်းချန်၏သူငယ်ချင်းသည် စာလေ့လာရင်း စိတ်ကျရောဂါဖြစ်လုနီးနီးပင် ဖြစ်သွားခဲ့သည်။


သို့သော်လည်း ထိုသူငယ်ချင်း၏စာမေးပွဲရလဒ်က အလယ်အလတ်တက္ကသိုလ်များ၏လိုအပ်ချက်များထက် သာလွန်ခဲ့လေသည်။


သူငယ်ချင်းဖြစ်သူသည် သူကောင်းကောင်းလုပ်ခဲ့သည်ဟုခံစားရပြီး ကျောင်းတက်မည်ဖြစ်ကြောင်းကို တဖွဖွပြောနေတော့၏။ထိုအခါသူ၏အမေက ခေါင်းကိုက်လာကာ


ထိုသူငယ်ချင်းအား လေယာဉ်ပေါ်ဇွတ်တင်ပေးပြီး နိုင်ငံခြားသို့ပို့လိုက်လေသည်။


 ကျန်းရှင်းချန်သည် သူ၏သူငယ်ချင်းနိုင်ငံခြားသွားသည့်နေ့တွင် သွားရောက်မနှုတ်ဆက်နိုင်ခဲ့ပေ။


 ထိပ်တန်းတက္ကသိုလ်ဝင်ခွင့်ရသောကြောင့် သူ၏မိဘများက ဟိုတယ်တစ်ခုတွင် သီးသန့်ဂုဏ်ပြုပွဲတစ်ပွဲ ကျင်းပပေးနေခဲ့သောကြောင့်ဖြစ်လေသည်။


 ရေမြေခြားခြင်းက ထိုသူငယ်ချင်းနှင့် ဆက်ဆံရေးကို အဟန့်အတားမရှိစေသကဲ့သို့ နှစ်နိုင်ငံကြားတွင် အထူးတလည်အချိန်ကွာခြားမှုလည်း မရှိခဲ့ပေ။ 


စာများမှတစ်ဆင့် အချင်းချင်းအဆက်အသွယ်ရှိကြလေသည်။


 ပထမ၌ နိုင်ငံခြား မသွားချင်ခဲ့သော သူငယ်ချင်းက တစ်လအကြာ၌ စိတ်ပြောင်းသွားပြီး နိုင်ငံရပ်ခြား၌နေရခြင်းက ပျော်စရာကောင်းကြောင်းပြောလျက် ကျန်းရှင်းချန်အား အတူလိုက်လာရန် ဆွယ်တော့သည်။


ကျန်းရှင်းချန်သည် သူတို့၏တက္ကသိုလ်ဝင်ခွင့်စာမေးပွဲရမှတ်များကြား ကွာဟချက်ကို နှိုင်းယှဉ်ပြီး ထိုသူငယ်ချင်းတွေ့ရှိခဲ့သည့်ပျော်ရွှင်မှုသည် သူ့အတွက်မဟုတ်ကြောင်း ဆုံးဖြတ်ခဲ့သည်။  ထို့ကြောင့် ကျန်းရှင်းချန်သည် သူ၏သူငယ်ချင်းကို ပြတ်ပြတ်သားသား ငြင်းဆိုခဲ့လေသည်။


ထိုသူငယ်ချင်းက နိုင်ငံရပ်ခြား၌ကောင်မလေးရသွားပြီး ကျန်းရှင်းချန်ကိုလည်း ရည်းစားရှာရန်တိုက်တွန်းတော့၏။ကျန်းရှင်းချန်သည် တုံ့ဆိုင်းသွားသည် ။  ရည်းစားထားခြင်းက အလုပ်ရှုပ်စေပြီး စာလေ့လာမှုအရည်အသွေးကို အကြီးအကျယ်ထိခိုက်စေသည်ဟု သူခံစားရ၏။သူငယ်ချင်းက ထိုစကားကိုကြားသောအခါ ရယ်ပြီး ရည်းစားမထားကြောင်းပြောသည့် သူများသာလျှင် ဦးစွာရည်းစားရတတ်‌သည်ဟု စနောက်သွားလေသည်။


 တစ်ပတ်အကြာတွင် ကျန်းရှင်းချန်သည် နိုင်ငံခြားမှ ပါဆယ်ထုပ်တစ်ခုကို လက်ခံရရှိခဲ့၏။ပါဆယ်ဘူးက အလွန်ရှည်လျားပြီး ဖွင့်ကြည့်လိုက်သောအခါ အထဲတွင် ဆီလီကွန်အရုပ်မတစ်ခုရှ်ိနေလေသည်။


 ထိုအချိန်က ဘေး‌၌ရှိနေသောအခန်းဖော်ထံမှအကြည့်သည် ကျန်းရှင်းချန်အတွက် ဒီတစ်သက်‌မမေ့နိုင်စရာပင်။


သူငယ်ချင်း၏လက်ဆောင်အတွက် ပြန်ပေးဆပ်ရန် ကျန်းရှင်းချန်သည်  ဆက်သွယ်ရေးနည်းလမ်းအားလုံးကို ဘလော့ပစ်ခဲ့သည်။ထို့နောက်တွင် ထိုသူငယ်ချင်း၏ဖုန်းနံပါတ်ကိုသုံးကာ ဖူးစာဖက်ရှာသောဝဘ်ဆိုဒ်တွင် VIP အဆင့်အတွက် စာရင်းသွင်းပေးခဲ့လေ၏။


ကျန်းရှင်းချန်၏ ပရိုဂရမ်ရေးဆွဲခြင်းဆိုင်ရာ ကျွမ်းကျင်မှုဖြင့် သူ့သူငယ်ချင်း၏ဖုန်းမှ အတည်ပြုကုဒ်ကို ရယူရန် သိပ်မခက်ခဲချေ။


 ***


 တက္ကသိုလ်ကျောင်းသားဘဝက မျှော်လင့်ထားသည်ထက် ပိုပျော်စရာကောင်းသည်။ကျန်းရှင်းချန်သည် ယခင်က မရှိခဲ့သော ဗဟုသုတများစွာကို ရရှိခဲ့၏။ လေးနှစ်တာသည် မျက်စိတစ်မှိတ်အတွင်း၌ပင် ကုန်ဆုံးသွားပြီး ကျန်းရှင်းချန်သည် ဘွဲ့လွန်ကျောင်းသားတစ်ဦးဖြစ်လာခဲ့သည်။


ဤသည်ကအလွန်စိတ်ကျေနပ်စရာကောင်းသော်လည်း သူ၏အမေကသိပ်မပျော်ပေ။


အမေဖြစ်သူသည် အားလပ်ရက်များ၌ သူ့ထံသို့အလည်အပတ်လာပြီး အဘယ်ကြောင့်ရည်းစားမရှိရသနည်းဟု ဆက်တိုက်ညဉ်းတွားနေတော့၏။


ကျန်းရှင်းချန်သည် ထူးဆန်းသလို ခံစားရသည်။


အမေကိုယ်တိုင်က သူ့အား ရည်းစားမထားစေလိုခဲ့ခြင်းဖြစ်ပြီး ယခု၌မူ ကောင်မလေးရှာစေချင်နေသည်။ အခက်တွေ့ချင်စရာပင်။


ထိုအကြောင်းပြချက်ကြောင့် နှောင့်ယှက်ခံနေရခြင်းသည် ကျန်းရှင်းချန်၏စာလေ့လာမှုကို ထိခိုက်စေသည်။ထိုပြဿနာကိုအပြီးသတ်နိုင်စေရန်အတွက် ကျန်းရှင်းချန်သည် အမေဖြစ်သူ၏ဆန္ဒအတိုင်းလုပ်ပေးရန် ဆုံးဖြတ်လိုက်၏။


ကျန်းရှင်းချန်သည် အထက်တန်းကျောင်း၌ သူ့ကိုဝိုင်းလုရင်းရန်ဖြစ်ခဲ့ကြသည့် မိန်းကလေးနှစ်ယောက်ထဲမှ တစ်ယောက်ကို ဆက်သွယ်ချိန်းဆိုလိုက်သည်။


ထိုတစ်ယောက်ကလည်း ချိန်းဆိုမှုကို အလွယ်တကူပင်လက်ခံလိုက်လေ၏။


သူတို့နှစ်ဦးစလုံး တက္ကသိုလ်တူကြသည်ကို ကျန်းရှင်းချန်က သိလေသည်။ထိုအရာကပင် ကျန်းရှင်းချန်အား ကယ်တင်လိုက်ခြင်းဖြစ်ပေ၏။သူတို့နှစ်ဦးက ဒုတိယမြောက်ကော်ဖီတန်းလျားတွင် တွေ့ဆုံရန်သဘောတူညီလိုက်ကြသည်။အချင်းချင်းမှတ်မိစေရန်အတွက်


အဆင့်မြင့်သင်္ချာစာအုပ်တစ်အုပ်ကိုယူလာပြီး အချက်ပြသ‌င်္ကေတအဖြစ်အသုံးပြုကြရန်ကိုပါ ဆွေးနွေးခဲ့ကြလေသည်။


ဦးစွာရောက်ရှိလာသူမှာ ကျန်းရှင်းချန်ဖြစ်၏။


သူသည် တစ်နေရာလုံးကို လှည့်ပတ်ကြည့်ကာ စာအုပ်ကို မြင်သာအောင်ချထားလိုက်သည်။


ကျန်းရှင်းချန်သည် နေ့ခင်း၂နာရီထိုးသည်အထိ စောင့်နေခဲ့ပြီး တန်းလျားတွင်လူအတော်ရှင်းသွားချိန်၌ မိန်းကလေးတစ်ဦး ပေါ်ပေါက်လာ၏။


ထိုမိန်းကလေးသည် ဆံပင်ကိုခပ်မြင့်မြင့်စည်းထားလျက် ဖက်ဖူးရောင်ဝတ်စုံကို ၀တ်ဆင်ထားပြီး လေတိုက်သွားသောအခါ စကတ်၏အနားဖျားများက အနည်းငယ် တုန်ခါသွား၏။ 


သူမသည် ကျန်းရှင်းချန်၏ရှေ့တည့်တည့်သို့ လျှောက်လာပြီး သူမ သယ်လာသည့် အဆင့်မြင့်သင်္ချာစာအုပ်ကို ချလိုက်သည်။


သူမ၏ပါးပြင်များသည် ပန်းရောင်သမ်းနေပြီး ပြုံးလိုက်သောအခါတွင် ပါးချိုင့်ကလေးများပေါ်လာ၏။


ဤတစ်ခါ၌သူမသည် သွားပေါ်အောင်မပြုံးတော့ပေ။


သင်္ချာစာအုပ်ကိုချရန် ငုံ့လိုက်ချိန်တွင် သူမ၏လည်ဆွဲမှ


တဖိတ်ဖိတ်တောက်နေသော စိန်လိပ်ပြာကလေးက အပြင်ထွက်လာလေသည်။


 သူမသည် လည်ဆွဲကို ကိုင်လိုက်ရင်း မတ်မတ်ပြန်ရပ်ကာ ကျန်းရှင်းချန်၏ရှေ့၌ လက်ကမ်းပေးရင်း ပြောလိုက်၏။


 "မတွေ့တာကြာပြီနော် သူငယ်ချင်းလေး"


 


Xxxxxxxxx ပြီးပါပြီ xxxxxxxxxx