အပိုင်း ၂၇၇-၂၇၈
Viewers 22k

Chapter 277 (Extra 2)


ဆောင်းရာသီအားလပ်ချိန်ကုန်ဆုံးပြီး ကျောင်းပြန်ဖွင့်သောအခါ ရှန်းရှီ၏ မုန့်ဖိုးအားလုံး ကုန်ဆုံးသွားခဲ့ပြီး သူမသည် စုဆောင်းငွေအများအပြားကိုလည်း ဖြုန်းတီးပစ်မိခဲ့သည်။ရှန်းရှီသည် သူမကိုယ်သူမ ထောက်ပံ့နိုင်မည့်လမ်းကြောင်းတစ်ခုကို အလွန်လိုအပ်နေပေ၏။


ခန္ဓာကိုယ်ဟောင်းက သူမကိုလာမရှာမီတွင် မည်သို့သောအလုပ်မျိုးရမည်ကိုပင် မမှန်းဆနိုင်ချေ။


 ရှန်းရှီသည် မိမိကိုယ်မိမိ အခြားရှုထောင့်မှ  ကြည့်ရှုခံစားနေရသည့် တစ်ဦးတည်းသောသူဖြစ်နိုင်သည်။


သူမသည် ချောမောလှပပြီး မိတ်ကပ်ပါးပါးလိမ်းခြယ်ထား၏။ အဝတ်အစားနှင့် လက်ဝတ်ရတနာများက သပ်ရပ်လှပပြီး သူမ၏ကိုယ်ပိုင်စတိုင်နှင့် အလွန်ကွဲပြား‌နေသည်။


 ရှန်းရှီသည် တစ်ဖန်ပြန်လည်၍ မှားသွားသလို ခံစားလိုက်ရပြန်သည်။ ချန်းဟွမ်သည် သူမ၏သားကြောင့်သာ ယခုအခြေအနေထိ ရောက်လာနိုင်ခြင်းဖြစ်ကြောင်း ထိုအမျိုးသမီးကြီးက ပြောပြခဲ့သည်။


သို့သော် လက်တွေ့၌ အမှန်တကယ်မီးဖွားခဲ့သူက သူမပင်ဖြစ်လေသည်။


အခြေအနေများသာ ပြောင်းလဲမသွားခဲ့လျှင် သူမသည် ယခုအချိန်၌ မစ္စကျန်းဖြစ်နေမည်မှာ မလွဲမသွေပင်။


စိတ်ထဲတွင် ဂယက်ထနေသော်လည်း ရှန်းရှီသည် တည်တည်ငြိမ်ငြိမ်ပင်ပြုမူခဲ့သည်။


သူမသည် ချန်းဟွမ်၏လက်ရှိဘဝကို အာရုံလုံးဝမစိုက်ဘဲ  ကိုယ့်ကိုယ်ကိုတန်ဖိုးထားမှုအား တတ်နိုင်သမျှ မြှင့်တင်ထား၏။


ထိုတစ်ယောက်က အလွန်နုံအပြီး အားပျော့လွန်းသည်။


ချန်းဟွမ်သည် ကျသင့်ငွေကို အမြဲဒိုင်ခံရှင်းသောကြောင့် ရှန်းရှီက သူမအား မကြာခဏချိန်းဆိုခဲ့သည်။


နှစ်ယောက်သားအတူရှိသော အချိန်ပိုကြာလာလေလေ သူမ၏မနာလိုစိတ်က ပို၍ကြီးထွားလာလေလေဖြစ်၏။ထိုတစ်ယောက်က သူမ၏ခန္ဓာကိုယ်ကို အသုံးပြုပြီး အရာအားလုံးကို ပိုင်ဆိုင်ထားနိုင်သော်လည်း သူမမှာ နေထိုင်စရိတ်ပင်မလောက်ငှသည့်ဘဝမျိုးသို့ရောက်နေရသည်။


 ရှန်းရှီသည် ယခင်နှစ်များအတွင်း၌ မှန်ကန်စွာ ငွေမရှာနိုင်ခဲ့ဘဲ ယခု၌လည်းတစ်ပုံစံတည်းပင်ဖြစ်လေသည်။


အချိန်ကြာလာသည်နှင့်အမျှ လူချမ်းသာနှင့်လက်ထပ်မည်ဟူသည့်အတွေးက သူမ၏ခေါင်းထဲ ရောက်လာပြန်၏။


ရှန်းရှီ၏ပထမဆုံးနှင့် အဓိကပစ်မှတ်မှာ ကျန်းမိသားစု၏ အထွတ်အခေါင်ခေါင်းဆောင်ပင်ဖြစ်လေသည်။ 


သို့သော်ထိုသူမှာ အေးစက်လွန်းပြီး ရင်းနှီးဖို့ရန်ခက်ခဲလှ၏။ရှန်းရှီသည် သူ့အကြောင်းကို ချန်းဟွမ်အား  တစ်ချိန်လုံး မေးနေခဲ့ဖူးပြီး တစ်ကြိမ်မှမတွေ့ရသေးပေ။


 ကျန်းမင်ယွမ်တို့၏ဆက်ဆံရေးသည် ထိုအမျိုးသမီးကြီးပြောပြခဲ့သလောက် မနီးစပ်ဟု ရှန်းရှီက သံသယဖြစ်ခဲ့လေသည်။ချန်းဟွမ်က သူ၏ချစ်သူတစ်ယောက်သာ ဖြစ်ကောင်းဖြစ်နိုင်သည်။ ရှန်းရှီသည် အနည်းငယ်စိတ်ပျက်မိသော်လည်း  ကျေနပ်၏။ သူမ၏အိပ်မက်သည် လက်တွေ့ဖြစ်လာနိုင်သေးသည်။


ထို့နောက်ပိုင်းတွင် ရှန်းရှီသည် ကျန်းမိသားစု၏ခေါင်းဆောင်နှင့် သားဖြစ်သူကိုတွေ့ခဲ့သည်။


ထိုကလေးကို မတွေ့ရသည်မှာ ၆ လခန့်ကြာပြီဖြစ်ပြီး အရပ်ပိုထွက်လာ၏။သူသည် ပို၍ဆွဲဆောင်မှုရှိလာပြီး ရုပ်ရည်သန့်ပြန့်သည်။


သူသည် ယခင်က စကားနည်းသော်လည်း ထိုအမျိုးသမီးကို အလွန်ရင်းနှီးဖော်ရွေနေလေ၏။ 


 ရှန်းရှီသည် အနည်းငယ် ဒေါကန်သွားတော့သည်။ 


သို့သော်သူမသည် ယခုအချိန်တွင် ဤသို့သောခံစားချက်ကို ကောင်းကောင်းထိန်းချုပ်နိုင်နေပြီဖြစ်၏။


ရှန်းရှီသည် စိတ်ခံစားချက်များကို အချိန်အတော်ကြာမျိုသိပ်ထားခဲ့ရသောမိခင်တစ်ဦးပုံစံဖမ်းကာ အာရုံစိုက်ခံရအောင် ပြုမူနေခဲ့သည်။


ကံဆိုးစွာဖြင့် ထိုယောက်ျားသည် သူမရှိရာဘက်သို့   ယောင်လို့ပင် လှည့်မကြည့်ခဲ့ပေ။


 ရှန်းရှီသည် သူတို့၏စကားဝိုင်းထဲသို့ ဝင်မဆန့်နိုင်တော့ဘဲ သူမ၏ဘေး၌လည်း ကလေးပေါက်စက မြည်တွန်တောက်တီးနေသေးသည်။


သူမသည် ချန်းဟွမ်ပိုင်ဆိုင်ထားသည်များကို မနာလိုဖြစ်မိပြီး သူမအမြဲလုပ်ခဲ့သည့်အတိုင်း ကလေးအား ဆူပူတော့၏။


ထို့နောက်တွင် ထိုအမျိုးသားက ရှန်းရှီကို ကားပေါ်မှ ကန်ချခဲ့သည်။ 


သူမသည် လမ်းထောင့်တစ်နေရာ၌ မတ်တပ်ရပ်ရင်း ဘာတွေဘယ်လိုဖြစ်သွားမှန်း မတွေးတတ်ဖြစ်နေလေ၏။


ရှန်းလင်မယားနှစ်ယောက်သည်ပင်လျှင် သားသမီးအပေါ်ကောင်းပေးရမှန်းသိတတ်ကြသည်။


ဤကောင်စုတ်ကလေးက အဘယ်ကြောင့် သူမသည် သူ့မိခင်အရင်းအချာဖြစ်ကြောင်း ထုတ်ဖော်မပြောနိုင်ရပါသနည်း။


ဖြူစင်ရိုးသားချင်ယောင်ဆောင်နေသော ဝံပုလွေငယ်ပင်မဟုတ်ပါလော။


 


အတွေးများက သူမအား ခံစားချက် ပိုကောင်းလာစေသည်။ ရှန်းရှီသည် သူမ၏အစီအစဉ်များကို လက်မလျှော့သေးသော်လည်း ချန်းဟွမ်သည် ထို့နောက်ပိုင်းမှစ၍ သူမနှင့်အပြင်အတူထွက်ရန် ငြင်းဆန်ခဲ့သည်။  သို့သော်လည်း  ဆင်ခြေတစ်ခုအဖြစ် ရှန်းရှီပါဝင်ခဲ့သော talent show၏ရလဒ်က အံ့အားသင့်ဖွယ်ကောင်းလှ၏။


သူမသည် တတိယနေရာတွင် ရပ်တည်ခဲ့သည်။


ထိပ်တန်း ၁၀ ယောက်လုံး၌ အထောက်အပံ့အသီးသီးရှိကြပြီး ရှန်းရှီသည် သူမ၏ကိုယ်ပိုင်အစွမ်းအစဖြင့် ဤနေရာအထိရောက်လာသည်ကို မယုံနိုင်ခဲ့ပေ။


ရှန်းရှီသည် သူမအား ဤနေရာအထိရောက်အောင် မည်သူက ကူညီခဲ့ပါသနည်းဟု အတွေးများနေ‌ခဲ့လေသည်။


သူမသည် ထိုသူပေါ်လာမည့်ရက်ကိုစောင့်မျှော်နေခဲ့ပြီး မည်သည့်အရာကိုမဆို လုပ်လိုစိတ်ရှိနေခဲ့၏။


အချိန်အတော်ကြာအောင် စောင့်နေခဲ့သော်လည်း ထိုလူက ပေါ်မလာတော့ပေ။ 


သို့သော် သူမသည် အခြားသူများနှင့်အတူ ထိပ်တန်း ၁၀ ယောက်ထဲတွင် ပွဲဦးထွက်ခွင့်ရခဲ့သည်။


 ရှန်းရှီ ပွဲဦးထွက်ပြီးကတည်းက သူမ၏ဘဝက လုံးဝ ပြောင်းလဲသွား၏။‌သူမကိုကျောထောက်နောက်ခံပြုမည့်သူများလည်းမရှိတော့ဘဲ အားအင်တစ်စက်မှမကျန်တော့သည်အထိ အလုပ်ကို ဇယ်ဆက်အောင်လုပ်ရပေသည်။သို့သော် ပြန်လည်ရရှိသည့် များပြားလှသောလစာငွေသည် အချိန် ၊ လုပ်အားများနှင့်ထိုက်တန်သည်ဟု သူမခံစားခဲ့ရ၏။


ဤသို့ဖြင့် တစ်နေ့တွင် ထိုအတွဲက လက်ထပ်သွားကြောင်းကြားသိခဲ့ရလေသည်။


မိန်းကလေးသူငယ်ချင်းတစ်ယောက်၏အလုပ်ရှင်ဆီမှ တစ်ဆင့်ရလာသော ဓာတ်ပုံကို ရှန်းရှီမြင်လိုက်ရ၏။


ပုံထဲတွင်ပါဝင်သော အမျိုးသားနှင့်အမျိုးသမီးက မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားကြပြီး အကြည့်ချင်းဖလှယ်နေကြသည်။ထိုနှစ်ယောက်၏ချစ်ခြင်းမေတ္တာများအား ဓာတ်ပုံမှတစ်ဆင့်ပင် ထိုးထွင်းခံစားနိုင်လေသည်။


မင်္ဂလာဆောင်၌ နှစ်ဖက်မိဘများမရှိခဲ့ကြကြောင်း သူငယ်ချင်းမလေးက ရှန်းရှီအားပြောပြခဲ့၏။


သတိုးသမီးဘက်မှမိဘများနှင့် သတိုးသား၏ဖခင်မှာ ဆုံးပါးသွားကြပြီဖြစ်ပြီး သတိုးသား၏သက်ရှိထင်ရှားရှိနေသေးသောမိခင်မှာ နာမကျန်းဖြစ်၍ ရေခြားမြေခြားတွင် အနားယူနေကြောင်း ကြားသိခဲ့ရသည်။


ရှန်းရှီသည် ယခင်က သူမ တွေ့ဖူးခဲ့သော အမျိုးသမီးကြီးကို ပြန်လည်သတိရသွား၏။ထိုတစ်ယောက်သည် ဤစုံတွဲကို  အလွန်ပြတ်ဆဲစေချင်ခဲ့သည်။ 


ရှန်းရှီ၏ရင်ထဲ၌ ဒူးရင်းသီးများသီးလာပြန်၏။


သူမသည် အဘယ်ကြောင့် ဤကဲ့သို့သောအသေးအမွှားကိစ္စများကို ပြီးမြောက်အောင် မစွမ်းဆောင်နိုင်ရပါသနည်း။


သို့သော်လည်း အခြေအနေမှာ ထင်သလောက်မဆိုးပါပေ။


မည်သို့ပင်ဆိုပါစေ ထိုသူသည် သူမ၏ခန္ဓာကိုယ်ပင်ဖြစ်သည်။


ရှန်းရှီသည် ထိုဓာတ်ပုံကို ပရင့်ထုတ်ပြီး ခေါင်းအုံးအောက်၌ထားလိုက်၏။သူမသည် ညစဉ်ညတိုင်း သူမကိုယ်သူမ ပြောင်းလဲသွားမည့် တစ်နေ့နေ့ကို အိပ်မက်မက်နေခဲ့သည်။


 တစ်နေ့နေ့တွင် သူမသည် လူတကာ မနာလိုရသည့် မစ္စကျန်း ဖြစ်လာနိုင်လိမ့်မည်။


Xxxxxxx


Chapter 278 (Extra 3)


ကျန်းရှင်းချန်သည် သူ၏၁၀စတုရန်းမီတာ ကျယ်ဝန်းသော အိပ်ရာပေါ်တွင် နေ့တိုင်းနိုးထလာရပြီး 


အကောင်းတကာ့အကောင်းဆုံးအဆင့်သတ်မှတ်ချက်ရှိသည့် ထိပ်တန်းစားဖိုမှူးမှချက်ပြုတ်ပေးသော နံနက်စာကိုစားသုံးရသည်။ထို့နောက်ပိုင်းတွင်  တန်ဖိုးကြီးဇိမ်ခံကားကိုစီးပြီး ကျောင်းသို့သွား၏။


အခြားကျောင်းနေဖက်အားလုံး၏ နေထိုင်မှုပုံစံသည်လည်း အလားတူပင်ဖြစ်သောကြောင့် ကျန်းရှင်းချန်သည် ထိုအကြောင်းကို အထူးတလည်မခံစားရပေ။


ကျန်းရှင်းချန်သည် ယခုနှစ်တွင် အသက် ၁၀ နှစ်ရှိပြီဖြစ်ပြီး စတုတ္တတန်းသို့‌တက်ရရောက်ရတော့မည်ဖြစ်လေသည်။သူသည် အတန်းထဲတွင် နံပါတ်တစ် ကျောင်းသားဖြစ်ပြီး ရေပန်းစားကျော်ကြားလှ၏။


ဆယ်နှစ်အရွယ် ကျန်းရှင်းချန်ထံ၌ ပြဿနာများစွာရှိခဲ့ပြီး တုံးအစွာပြုံးရယ်ခြင်းကို ရပ်တန့်ခဲ့လေသည်။


သို့သော် အတန်းဖော်များက နားလည်မှုလွဲမှားကာ


ကျန်းရှင်းချန်အား “ရေခဲတောင်” ဟု အမည်တပ်ကြသည်။


 ကျန်းရှင်းချန်သည် " ရေခဲတောင် '၏အဓိပ္ပါယ်ကို နားလည်ပြီး သူသည် အခြားသူများနှင့် ဝေးကွာလာပြီဟု ကိုယ်တိုင်ကိုယ်ကျ ခံစားမိလေသည်။ သူသည် ကိုယ့်ကိုကိုယ်ဖိအားပေးခဲ့သော်လည်း ထူးထူးခြားခြားကောင်းမွန်လာသည်မျိုးမရှိပေ။


 အတန်းပြီးသည်နှင့် စာသင်ခန်းက ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ကျန်းရှင်းချန် သည် စာရွက်တစ်ရွက်ကို ဆွဲထုတ်ကာ ဆူဒိုကူ စတင်ကစားရန်ပြင်လိုက်၏။


သို့သော်လည်း ၂မိနစ်မပြည့်ခင်မှာပင် နှောက်ယှက်ခြင်းခံလိုက်ရသည်။


(ဆူဒိုကူကစားနည်းသည် ဘင်ဂိုကစားနည်းဖြင့်ဆင်တူသည် )


 "ရှင်းချန်...ငါဒီပုစ္ဆာသိပ်နားမလည်လို့လေ ... တွက်ပြပါလားဟင် "  


တစ်စုံတစ်ယောက်က  ကျန်းရှင်းချန်၏ပခုံးကို 


ဘောပင်ဖြင့် ခပ်သာသာထိုးလာသည်။


အထိအတွေ့မှာ မဆိုစလောက်နာကျင်ပြီး ကျန်းရှင်းချန်သည် အနောက်သို့လှည့်ကြည့်လိုက်၏။


ထိုအခါ ခုံနီးနားချင်းက သူ့ကိုပြုံးပြလာပြီး ဘောပင်ကိုပြန်ရုတ်လေသည်။


 အတန်းဖော်ကလေးမ၏ကျိုးနေသော


သွားများသည်ယခင်ကထက်ပင်ပိုများပြားလာ၏။


ကျန်းရှင်းချန်သည်ထိုသွားများကို တစ်ချက်ကြည့်ပြီးနောက် ခုံပေါ်ရှိစာအုပ်ကို ငုံ့ကြည့်လေသည်။


  "ဘယ်အပုဒ်လဲ"


 "ဒီဟာ"  


ထိုကလေးမလေးက သင်္ချာပုစ္ဆာတစ်ခုကို ထောက်ပြ၏။  ကျန်းရှင်းချန်က မေးခွန်းဖတ်ကြည့်လိုက်သည်။


ဤသည်မှာ တွက်ရလွယ်သောတစ်ခုပင်။


 


 ကျန်းရှင်းချန်က ဘောပင်ကိုကောက်ကိုင်လိုက်ပြီး  ဆူဒိုကူဆော့ရန်ပြင်ထားသော စာရွက်ပေါ်တွင် ပုစ္ဆာကိုချတွက်လိုက်သည်။ရှင်းချန်သည် ဆရာများရှင်းပြသကဲ့သို့ တုပရေးကာ တစ်ဆင့်ချင်းရှင်းပြလေ၏။


 "အခုနားလည်ပြီလား"  


ကျန်းရှင်းချန်က ဝမ်းသာအားရဖြင့် မေးလိုက်သည်။


သို့သော် ထိုကလေးမ၏အကြည့်က စာရွက်ပေါ်၌ရှိမနေချေ။သူမက မေးထောက်ပြီး ကျန်းရှင်းချန်အား စိမ်ပြေနပြေထိုင်ကြည့်နေလေသည်။


အတန်းဖော်က ခေါင်းဆက်တိုက်ငြိမ့်နေ‌ပြီး


‌သူမ၏ခေါင်းစည်းကြိုးမှ လိပ်ပြာရုပ်ကလေးက ယိမ်းနွဲ့နေလေ၏။ထိုတစ်ယောက်က အချိန်အတော်ကြာမှသတိပြန်ဝင်လာက ကျန်းရှင်းချန်၏အ‌မေးအား " ဟမ်.. "


ဟု‌ ပြန်ဖြေလေသည်။


 ကျန်းရှင်းချန်သည် တစ်ဖက်လူမှာလိမ်လည်နေကြောင်း သိရှိသွားပြီး ထိုတစ်ယောက်မှာ ရိုးရှင်းသော ပုစ္ဆာများကိုအကြောင်းပြ၍ သူ့ထံသို့ ထပ်မံ ရောက်ရှိလာမည်ဖြစ်ကြောင်း မှန်းဆကြည့်လိုက်သည်။


ကျန်းရှင်းချန်သည် အရှေ့ပြန်လှည့်ပြီး ဖတ်စာအုပ်ကိုသာငုံ့ကြည်နေလိုက်၏။ဤသည်မှာ အမေခဏခဏပြောဖူးသော အသုံးမကျသည့်သူမျိုး ဖြစ်နေမည်လော။


သို့သော် အခြားအတန်းဖော်များကလည်း သူ့ထံလာလည်ပြီး ရိုးရိုးရှင်းရှင်း ပုစ္ဆာများစွာကို လာမေးနေသောကြောင့် ကျန်းရှင်းချန်သည် ထိုမေးခွန်းကို အဖြေမထုတ်နိုင်ခဲ့ပေ။


သူသည်အဖိုးတန်အားလပ်ချိန်ကို ဖြုန်းတီးမိသွားပြီး


အတန်းပြန်စချိန်တွင် လေးလံသောစိတ် ၊ ညောင်းညာသောလက်တို့နှင့်အတူ ကျောက်သင်ပုန်းကို လှမ်းကြည့်လိုက်သည်။


မိန်းကလေးများက ဉာဏ်ထိုင်းလွန်းလှ၏။


အမေ့အား ညီမလေးမွေးမပေးရန် ပြောဖြစ်အောင် ပြောရဦးမည်။


 ကျန်းရှင်းချန်သည် ကျောင်းချိန်ပြီးသည့်နောက်တွင်လည်း အနားယူခြင်းမပြုနိုင်ရှာပေ။


သူသည် အိမ်ပြန်ရောက်သောအခါတွင် အဝတ်အစားလဲပြီး ကိုယ်ခံပညာလေ့ကျင့်ရန် လေ့ကျင့်ရေးအခန်းထဲသို့ သွာခဲ့သည်။


ဤသည်က ကျန်းရှင်းချန်အတွက် သီးသန့်အခန်းဖြစ်လေသည်။  တနင်္လာနှင့် ဗုဒ္ဓဟူးနေ့တိုင်းတွင် တရုတ်ရိုးရာလက်ဝှေ့သိုင်းကို နည်းပြဆရာနှင့်အတူလေ့ကျင့်ရသည်။


ယောက်ျားလေးမှန်လျှင်သန်မာရမည်။ထိုမှသာ အနိုင်ကျင့်ခြင်းခံရမည်မဟုတ်ဟု အမေက ပြောခဲ့ဖူးသည်။


နောက်ဆုံးတန်းတွင်ထိုင်သော ခပ်ဆိုးဆိုးကောင်လေးသည်ပင်လျှင် အခြားသူများထံမှ အနိုင်ကျင့်ခံရသေး၏။


နှစ်နာရီကြာလေ့ကျင့်ပြီးနောက် နည်းပြဆရာက အမေ့ထံ


၌ အမွှမ်းတင်ပြနေလေသည်။သူ့အမေက အလွန်ကျေနပ်နေပုံရပြီး ဆရာကို လက်ဖက်ရေနွေးကြမ်းဖြင့် တည်ခင်းဧည့်ခံနေ၏။


 ကျန်းရှင်းချန်သည် သူ၏အမေအား နည်းပြဆရာကလှည့်စားနေသလိုခံစားခဲ့ရသည်။


သူသည် နည်းပြဆရာအား ယခုအချိန်ထိအနိုင်မယူနိုင်သေးပေ။အဘယ်ကြောင့်တော်ရမည်နည်း။


အမေဖြစ်သူအား ထိုသို့ပြောခြင်းက အဓိပ္ပါယ်မရှိချေ။


သူမသည် နည်းပြ၏ လှည့်စားခြင်းကို ခံနေရသည်။


ကျန်းရှင်းချန်သည် တစ်ကိုယ်တည်း သက်ပြင်းချလိုက်၏။မိန်းကလေးများသည် အယုံလွယ်လွန်းကြပေသည်။


 ထိုနေ့ညက ထမင်းဝိုင်းတွင် သူတို့သားအမိနှစ်ယောက်သာရှိခဲ့ပြီး အဖေဖြစ်သူမပါဝင်ခဲ့ပေ။


အဖေဖြစ်သူအိမ်ပြန်မလာသည်မှာ ယနေ့ဆိုလျှင် ဆယ်ရက်မြောက်ပြီဖြစ်သည်။


ကျန်းရှင်းချန်သည် သူ့မိဘများကြားတွင် တစ်ခုခုဖြစ်သွားလေသလားဟု အတွေးများနေမိတော့၏။ 


ကျောင်းမှအတန်းဖော်များသည် ၎င်းတို့၏မိဘများသာ သီးခြားနေထိုင်ကြပြီး အချင်းချင်းတွေ့ဆုံခဲကြပါက ကွာရှင်းပြတ်ဆဲလုနီးနီးအခြေအနေသို့ ရောက်လာပြီဟုမှတ်ယူရမည်ဟု စကားဝိုင်းဖွဲ့ပြောနေခဲ့ကြသည်။


မိဘများကွာရှင်းမည်ဟူသည့်စိတ်ကူးက ကျန်းရှင်းချန်အား စိတ်ဒုက္ခပေး၏။အတူလိုက်နေမည့်သူကိုရွေးချယ်ရခြင်းက သူ့အတွက်ခက်ခဲလှသည်။


 နောက်ပိုင်းတွင် ကျန်းရှင်းချန်သည် မိန်းမသားများကအားနွဲ့သည်ဟုအတွေးပေါက်ကာ အမေဖြစ်သူနှင့် အတူနေရန်ရွေးချယ်လိုက်၏။


သူသည် ယောက်ျားလေးတစ်ယောက်ဖြစ်ပြီး မိန်းမသားများကိုကာကွယ်ရန် အိမ်၌ရှိနေပေးသင့်သည်။


 


ကျန်းရှင်းချန်သည် ရုပ်မြင်သံကြားတွင် ကြည့်ဖူးသမျှဇာတ်လမ်းများကို အတုယူကာ ငါးတစ်ပိုင်းကိုအရိုးနွှင်ပြီး အမေဖြစ်သူ၏ပန်းကန်ထဲ ‌ထည့်ပေးလိုက်၏။


  "စိတ်မပူပါနဲ့  အမေ...အဖေနဲ့ ကွာရှင်းရင် သား အမေနဲ့လိုက်ခဲ့မယ်"


ကျန်းရှင်းချန်၏စကားဆုံးသည်နှင့် ထမင်းစားခန်းအပြင်မှ ယောကျာ်းသံတစ်သံက တိုးဝင်လာတော့သည်။


" ဘယ်သူက ကွာရှင်းမယ် ပြောလို့လဲ "


Xxxxx