အပိုင်း ၂၇၅-၂၇၆
Viewers 22k

Chapter 275 (End)


ချန်းဟွမ် သည် စင်မြင့်တစ်ခုစီတိုင်း၏ရှေ့တွင် အချိန်အတော်ကြာ ရနေပြီး သူမလက်ထဲတွင်လည်း မုန့်များ အမြဲရှိနေသည်။ သူမတို့ မသိလိုက်ခင်မှာပင် ညသန်းခေါင်ကျော်နေပြီ ဖြစ်သည်။


ညွှန်ကြားထားသည့်အတိုင်း စင်မြင့်အားလုံးသည် သန်းခေါင်ယံတွင် ရပ်တန့်သွားကြသည်။ ပွဲကျင်းပရာနေရာမှာ ရုတ်ခြည်း ငြိမ်သက်သွား၍ ခရီးသွားများ အားလုံး အံ့သြသွားကာ ဘယ်သွားရမှန်း မသိဖြစ်နေကြသည်။ 


ချန်းဟွမ် သည် သစ်အယ်သီး ကိတ်မုန့်ကို ကိုက်စားလိုက်ပြီး ကျန်းမင်ယွမ်အား မော့ကြည့်လိုက်ရာ သူ အလွန်ငြိမ်သက်နေ၏။


  "ရှင် ဘာဆက်လုပ်မလို့လဲ…"


"လာပါ…" 


ကျန်းမင်ယွမ် က သူမ မေးခွန်းကို မဖြေဘဲ သူမ လက်ကို ဆွဲကာ လျှောက်လာခဲ့သည်။ 


မြစ်ကမ်းပါးသည် လုံးလုံးလျားလျား ပြင်ညီမဟုတ်ဘဲ ကုန်းမြင့်တစ်ခုရှိနေလေ၏။ထိုကုန်းမြင့်ပေါ်တွင် ဘယ်သူမှလည်း မရှိသလို ရှုခင်းကလည်း အလွန်ကောင်းမွန်သည်။ ကမ်းပါးကို ရိုက်ခတ်လိုက်သည့် လှိုင်းသံကိုလည်း ကြားနေရလေသည်။


 "ဒီနေရာက ဘယ်နေရာလဲ…"


 "နေပါဦး…"


ချန်းဟွမ် အကြံတစ်ခုရပြီး ပါးစပ်ပိတ်ပြီး ငြိမ်သွားရသည်။


နောက်ဆုံးတော့ သန်းခေါင်ကျော်ပြီ။  အဝေးမှ ခေါင်းလောင်းမျှော်စင်ကြီး ဆီမှ အချက်ပြလိုက်ရာ မြစ်တစ်ဖက်ကမ်းရှိ မှောင်မည်းနေသော အဆောက်အအုံများသည် သီချင်းသံများထွက်လာပြီး ရောင်စုံမီးများ လင်းဖြာလာရသည်။ 


ထို့နောက် ဧရာမ LED ဖန်သားပြင်တစ်ခု လင်းလာရပြီး ပုံမှန်ဆိုလျှင် အနုပညာရှင်များ၏ ဓာတ်ပုံများပေါ်လာ‌တတ်သော်လည်း ယခုမူ  နှစ်သက်ဖွယ်ကောင်းသော ဟင်းပွဲများ တစ်ခုပြီးတစ်ခု ပြသလျက်ရှိသည်။


အစားအသောက်ပုံများကို ညသန်းခေါင်အချိန်တွင် ပြသလိုက်ခြင်းသည် လူအများကို နှိပ်စက်ညှဉ်းပန်းလိုက်ခြင်းပင်။ထိုနေရာတွင် ရှိနေသော ခရီးသွားများ သည် မြင်ကွင်းကို ကြည့်ပြီး အနီးစပ်ဆုံး တဲများထဲကို လှမ်းဝင်ရင်း အဆာပြေ မုန့်များ စားနေကြသည်။


ချန်းဟွမ် မှလွဲ၍ အခြားသူများမှာ ထိုပုံများကို ဖန်သားပြင်ပေါ်တွင် ဘာကြောင့် ပြသနေမှန်း မသိခဲ့ကြပေ။ သူမ ဘာလုပ်ရမှန်း မသိဖြစ်နေရပြီး အနည်းငယ်ရှက်ရွံ့သလို ခံစားနေရသည်။သူမက ကျန်းမင်ယွမ် ၏ ရှပ်အင်္ကျီစကို ကိုင်လိုက်ပြီး မေးလိုက်သည်။


"ရှင် ဒါ ဘာအတွက် လုပ်တာလဲ…"


 "ကိုယ်တို့ပုံတွေကို သုံးရတာ သင့်တော်မယ်မထင်ဘူး... ဒါကြောင့် ဒါတွေကို ရွေးခဲ့တာ…မကြိုက်လို့လား…"


"ကြိုက်ပါတယ်…"


သူမ အနည်းငယ် ရှက်မိသော်လည်း အမှန်အတိုင်းပြောရလျှင် လန့်သွားသည်ဆိုသည်က ပိုမှန်လိမ့်မည်။


ချန်းဟွမ် မြစ်ပြင်ကိုကြည့်လိုက်ရင်း သူမအသံက လေထဲမှာ ပျံ့လွင့်သွားရသည်။


 "မွေးနေ့လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်…"


"မင်းကြိုက်ရင်…"


သူက သူမအနားကပ်လာပြီး ခါးကို ဖက်ထားလိုက်ကာ လက်ထပ်လက်စွပ်ဘူးကို ဖွင့်ပြလိုက်သည်။


 "ကိုယ့်ကိုလက်ထပ်မယ်မလား…"


ဒရာမာထဲမှာ မြင်ဖူးသလိုမျိုး လူအုပ်ကြီးက လက်ခုပ်များလည်း မတီးကြပေ။ မြစ်တစ်ဖက်ကမ်းမှ မီးရောင်များ ဖြာကျနေသော သူတို့နှစ်ဦးသာ ရှိသည်။ 


ချန်းဟွမ်  right time မဟုတ်ဟု စဉ်းစားမိသည်။


'ငါတို့က တစ်ယောက်နဲ့တစ်ယောက် သိတာလည်း မကြာသေးဘူး… ငါတို့ကြားမှာလည်း လိုအပ်ချက်တွေ ရှိနေတုန်းပဲ…အဓိက ကွာဟနေတာက သူ့အမေက တို့နှစ်ယောက်ကို ကန့်ကွက်နေတုန်းပဲ...'


သို့သော်လည်း မည်သူမှ အချိန်တိုင်း ဆင်ခြင်တုံတရား မရှိနိုင်ကြ။ ဤအချိန်တွင် ထိုစိုးရိမ်မှုအားလုံးကို ဘေးဖယ်ထားပြီး သူမ yes ဟု ပြောလိုက်လေတော့သည်။


 *** 


လက်ထပ်ခွင့်တောင်းသည့်အချိန်နှင့် မင်္ဂလာပွဲ ကြားထဲမှ အချိန်သည် ကုန်လွန်သွားရပြီး မင်္ဂလာပွဲ နီးကပ်လာရပြီ။


ကျန်းမင်ယွမ် နှင့် ချန်းဟွမ် တို့သည် ဆောင်းဦးတွင် မင်္ဂလာဆောင်ကြမည် ဖြစ်သည်။သူတို့ မင်္ဂလာပွဲအတွက် ဟိုတယ်တစ်ခုလုံးကို သီးသန့်ထားလိုက်ကာ ထင်ရှားကျော်ကြားသော မိသားစုများစွာ တက်ရောက်ခဲ့ကြသော်လည်း မင်္ဂလာပွဲမှ ဓာတ်ပုံများကို သတင်းထောက်များ ရိုက်ခွင့်မရခဲ့ကြပေ။ 


သတို့သမီးလေးဖြစ်သည့် ချန်းဟွမ် သည် မင်္ဂလာပွဲမစမီ ရက်ပိုင်းအလိုတွင် စတင်ပြင်ဆင်ရမည်ဖြစ်သည်။ သူမသည် မင်္ဂလာပွဲနေ့တွင် ခေါင်းမှ ခြေဖျားအထိ ပြီးပြည့်စုံစေရန် skincare ပစ္စည်းအမျိုးအမျိုး အသုံးပြုနေရသည်။


 ထုံးတမ်းစဉ်လာအရ မင်္ဂလာပွဲနေ့မှာ တစ်ယောက်နှင့်တစ်ယောက် ခွဲနေရမည်ဖြစ်သည်။ ရှင်းရှင်း ကို ကျန်းမင်ယွမ် ဆီ ထားရပြီး ချန်းဟွမ်မှာ ဆံပင် ၊ မိတ်ကပ်လိမ်းပြီး မင်္ဂလာဝတ်စုံ ၀တ်ဆင်ရန် မိုးမလင်းမီ အိပ်ရာထရလေသည်။ ထို့နောက် ကျန်းမင်ယွမ် ရောက်လာမည့် အချိန်ကို စောင့်မျှော်နေရသည်။


ချန်းဟွမ်တွင် ဆွေမျိုးများ ၊သူငယ်ချင်းများစွာမရှိသောကြောင့် သတို့သမီးဘက်မှ ဖိတ်ထားသူများသည် မကြာသေးမီက ရင်းနှီးခဲ့သူများဖြစ်၍ ခြွင်းချက်မှာ ရှုလီ ဖြစ်သည်။ ရှုလီ နှင့် သူမ ခင်ပွန်းသည် အသားကင်ဆိုင်များတွင်သာ လုပ်ကိုင်နေဆဲဖြစ်သည်။ သူတို့က ချန်းဟွမ် ကို ကူညီဖို့ ရက်များစွာခွင့်ယူခဲ့ကြပြီး စေတနာပါပါ လုပ်ကိုင်ပေးကြသည်။


 


မနက် 8 နာရီထိုးသည်နှင့် အပြင်မှာ လူရှုပ်စပြုလာရသည်။ 


ချန်းဟွမ် သည် အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေပြီး ပန်းစည်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ သူမ အနည်းငယ် စိတ်လှုပ်ရှားနေပြီး အာခြောက်နေသော်လည်း ရေမသောက်ချင်ပေ။ 


မကြာမီ အခန်းတံခါး ပွင့်လာသည်။ 


ကျန်းမင်ယွမ် သည် သတို့သားဝတ်စုံဖြင့် တစ်ဖက်တွင် ရပ်နေသည်။ သူ့ဝတ်စုံမှာ လက်ချုပ်ဝတ်စုံဖြစ်ပြီး အနီဖျော့ရောင်ရှိသည်။ ပန်းထိုးထားသည့် နဂါးရုပ်အား ကြည့်ရသည်မှာ ယခုချက်ချင်း အသက်ရှင်လာမည့်ဟန် ရှိနေသည်။အင်္ကျီရှေ့ဘက်ရှိ အနီရောင်ပန်းပွင့်ကြီးများသည် အနည်းငယ် ကြောင်တောင်တောင် နိုင်သော်လည်း သူ့ရုပ်ရည်ကို မထိခိုက်သွားပေ။ မင်္ဂလာပွဲသည် ထုံးတမ်းစဉ်လာအတိုင်း အားလုံး ချောမွေ့နေသဖြင့် ချန်းဟွမ်ကြည်နူးမိရသည်။


ကျန်းမင်ယွမ် ၏အရှိန်အဝါကြောင့် မည်သူမှ သူ့ကို တခြားမင်္ဂလာပွဲများလို မတားဝံ့ကြချေ။ ချန်းဟွမ် တွင် ညီအစ်ကိုမောင်နှမ၊ ဆွေမျိုးသားချင်းများ မရှိသောကြောင့် ကျန်းမင်ယွမ် က သူမကို လာခေါ်လေသည်။အနီရောင်သတို့သမီးဝတ်စုံ၏ အရောင်ဟပ်နေမှုကြောင့် သူမ ပါးပြင်များမှာ ပန်းရောင်သန်းနေရသည်။ 


 "ကျွန်မ အရမ်းရုပ်ဆိုးနေလား…"


 "မဟုတ်ဘူး… အရမ်း ပြီးပြည့်စုံပြီး အရမ်းလှနေတယ်…" 


ထို့နောက် ကျန်းမင်ယွမ်က သူမကို ပွေ့ခေါ်လာပြီး နောက်ခန်းထဲ ထိုင်ခိုင်းလိုက်သည်။ ပန်းခြင်းကိုင်သူ ရှင်းရှင်းက အံ့အားသင့်စွာ ပြောလိုက်သည်။


"မေမေ ဒီနေ့ အရမ်းလှတာပဲ…" 


တစ်ဖက်က ကားတံခါးပွင့်လာပြီး ကျန်းမင်ယွမ် အထဲကို ဝင်လာသည်။


"ဟုတ်​တယ်​ ကိုယ်ရော အဲ့လိုထင်တယ်…" 


ချန်းဟွမ် တွင် မိဘများမရှိသလို၊ ကျန်းမင်ယွမ် ကလည်း ကုမင်လီ ကို မင်္ဂလာပွဲသို့ မဖိတ်ကြားခဲ့ပေ။ ထို့ကြောင့် မိဘများနှင့် လက်ဖက်ရည်မသောက်ကြတော့ပေ။သို့သော်လည်း အခြားကိစ္စများမှာ ‌ချောချောမောမော ပြီးသွားခဲ့ကြသည်။


အားလုံးပြီးသွားချိန်၌ ချန်းဟွမ် ဝတ်စုံမလဲရသေးခင် ကုတင်ပေါ် ပစ်လှဲလိုက်သည်။


ကျန်းမင်ယွမ်မှာ နောက်ဆုံးကျန်နေသော ဧည့်သည်ကို နှုတ်ဆက်ကာ တံခါးမကြီးကိုပိတ်လိုက်ပြီး အပေါ်ထပ် တက်လာခဲ့သည်။သူတို့ အိမ်ဟောင်းကို ပြန်လည်မွမ်းမံပြီး အရံအိပ်ခန်းကို မာစတာအိပ်ခန်းအဖြစ် ပြောင်းလဲခဲ့လေသည်။ 


ချန်းဟွမ် သည် အိပ်ယာပေါ်တွင် လှဲအိပ်နေသဖြင့် သူမ၏ အနီရောင် သတို့သမီးဝတ်စုံသည် အိပ်ယာခင်းများနှင့် ရောယှက်နေရသည်။ ကျန်းမင်ယွမ် သည် သူ့ရင်ဘတ်တွင်ထိုးထားသော အနီရောင်ပန်းပွင့်ကို ဖြုတ်လိုက်ပြီး သူမ အနား လာနေသည်။


သူက ချန်းဟွမ်ဘေးတွင် လှဲအိပ်လိုက်ပြီး သူမခေါင်းပေါ်က ဇာဝတ်ရုံကို ချွတ်လိုက်သည်။


"မအိပ်ခင် ဘာလို့ ဒါတွေကို မချွတ်တာလဲ…"


"အင်း…" 


ချန်းဟွမ် အသံပြုလိုက်သော်လည်း တုတ်တုတ်မျှပင်မလှုပ်။သူမ သူ့ကို ဇာဝတ်ရုံချွတ်ခိုင်းနေခြင်းပင်။ 


ကျန်းမင်ယွမ် က ဇာဝတ်ရုံကို ဖယ်ပေးပြီးသူမ ဆံပင်တို့ကိုပွတ်သပ်ရင်း သူမ နားနား ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။


"ထပြီး ရေချိုးလိုက်ပါ့လား…"


 "မထချင်ဘူး…" 


"ကိုယ်တို့မင်္ဂလာဦးညလေ…ပျင်းမနေနဲ့…"


ကျန်းမင်ယွမ် က သူမကို နူးညံ့စွာ ငုံ့ကြည့်လိုက်ပြီး ရေချိုးခန်းထဲပွေ့ခေါ်သွားရာ လမ်းတစ်ဝက်တွင်  အနီရောင်ဂါဝန်က ကြမ်းပြင်ပေါ်ကို ပြုတ်ကျသွားသည်။ 


 မင်္ဂလာဦးည .....


Xxxxxxxxပြီးပါပြီxxxxxxxx


Chapter 276 (Extra 1)


ရှန်းရှီတစ်ယောက် သူမ၏မျက်လုံးများကို ပြန်ဖွင့်လိုက်သောအခါတွင် ဒုတိယမြောက်အခွင့်အရေးက စောင့်ကြိုနေလျက်ရှိပေသည်။


အိပ်ရာသည် သူမ၏ခန္ဓာကိုယ်နစ်မြုပ်သွားနိုင်သည်အထိ အလွန်ပျော့ပျောင်းအိစက်လှ၏။


အိပ်ခန်းသည် ထင်မှတ်ထားသည်ထက်ပို၍ကြည့်ပျော်ရှုပျော်ဖြစ်နေသည်။


ထိုမျှသာမက ဓာတ်ပုံထဲတွင်သာတွေ့ဖူးခဲ့သော ထိုအမျိုးသမီးက သူမကိုစိုးရိမ်တကြီးဖြင့်ကြည့်နေပြီး နေထိုင်၍ကောင်းမကောင်းမေးနေလေသည်။


 


ရုတ်တရက် ရှန်းရှီသည် အလွန်အောင့်သက်သက် ခံစားလိုက်ရသည်။ဤနှစ်များအတွင်းတွင် ထိုအမျိုးသမီးက သူမအားဂရုထားခြင်းမရှိခဲ့ပေ။


သူမ၏အဖွားက အမေဖြစ်သူထံ၌ အကြောင်းရင်းများရှိပြီး သူမအား ရည်ရွယ်ချက်ရှိရှိလျစ်လျူထားခြင်းမဟုတ်ကြောင်း အမြဲလိုလိုဖြန်ဖြေပေးတတ်ခဲ့သည်။


သို့သော် အမှန်တရားသည် ဟားတိုက်ရယ်ချင်စရာပင်။ 


ဤအမျိုးသမီးသည်  သူမထက် အဆတစ်ရာ သာလွန်သောဘဝမျိုးနှင့်နေထိုင်ခဲ့သည်။သူမသည် လက်ညိုးတစ်ချောင်းပင် မစရာမလိုဘဲ အိမ်သို့လိုက်လံပို့ဆောင်ပေးမည့် ဇိမ်ခံကားများသာမက လက်ထောက်များစွာလည်းရှိသည်။သူမသည် ရှန်းရှီမျှော်ကြည့်ရုံသာတတ်နိုင်သည့် တန်ဖိုးကြီးပစ္စည်းများကိုလည်း အလွယ်တကူဝယ်ယူနိုင်ပြီး အဆောင်အယောင်အပြည့်အဝနှင့် နေထိုင်ခဲ့ရသည်။သို့သော် သူမ၏အခြားသမီးတစ်ယောက်ကိုမူ သတိမရနိုင်ခဲ့ရှာပေ။


 ရှန်းရှီသည် ညီမဖြစ်သူ(မူလပိုင်ရှင်)၏ အတိတ်မှ မှတ်ဥာဏ်အားလုံးကို လက်ခံရရှိခဲ့သည်။ ဤမိန်းကလေးသည် လူကြီးများဖြစ်စေချင်သည့်ပုံစံအတိုင်း ကြီးပြင်းလာခဲ့၏။ 


သူမ၏ဘဝခရီးလမ်းကချောမွေ့နေပြီး မိဘများက အရာရာကို ဖြည့်ဆည်းပေးကြရုံသာမက လူအများထံမှလည်း


ချီးမွမ်းခြင်းကို ခံရသေးသည်။


သူမလို အားကိုးရာမဲ့သည့် တစ်ကောင်ကြွက်မဟုတ်သည်မှာတော့ သေချာလွန်း၏။


ရှန်းရှီသည် ညီမဖြစ်သူ၏မှတ်ဉာဏ်များကိုအသုံးချကာ ထိုလင်မယားကို လှည့်စားနိုင်သော်လည်း ထိုသို့မလုပ်ခဲ့ချေ။


ဤနှစ်များအတွင်းတွင် သူမသည် ဒုက္ခသုတ်ခမျိုးစုံကို တွေ့ကြုံခံစားခဲ့ရသည်။အဘယ်သို့သောအကြောင်းပြချက်ကြောင့် အခြားသူများကိုပျော်ရွှင်အောင် ဆက်လုပ်ပေးနေရမည်နည်း။


ရှန်းလင်မယားသည် သမီးဖြစ်သူ၏ အကျင့်စရိုက်များမှာ နာမကျန်းဖြစ်ပြီးချိန်မှစ၍ သိသိသာသာပြောင်းလဲသွားကြောင်း ရိပ်မိခဲ့လေသည်။အစောပိုင်းတွင် သူတို့သည် ဤသည်မှာ ဖျားနာခြင်း၏ နောက်ဆက်တွဲဆိုးကျိုးတစ်ခုသာဖြစ်သည်ဟု ဖြည့်တွေးပြီး သူတို့ဘာသာသူတို့ နှစ်သိမ့်ခဲ့ကြသည်။


မည်သို့ပင်ဆိုစေကာမူ အချိန်ကြာလာသည်နှင့်အမျှ သမီးဖြစ်သူ၏ပြောဆိုဆက်ဆံပုံများနှင့် ချာတူးလန်နေသောအဆင့်များကြောင့် ရှန်းလင်မယားလည်း သူတို့ကိုယ်သူတို့ ဆက်၍မနှစ်သိမ့်နိုင်ကြတော့ပေ။


ဖြစ်ပျက်ခဲ့သည်များက နာကျင်စရာကောင်းလှသော်လည်း သူတို့တတ်နိုင်သောအရာမရှိချေ။လင်မယားနှစ်ယောက်သည် သမီးဖြစ်သူအား စိတ်ကျန်းမာရေးဆေးရုံသို့လည်း မပို့ရက်ခဲ့ကြပေ။


ရှန်းရှီသည် သူမ၏ဘဝကို ဂရုမစိုက်ဘဲ နေထိုင်ခဲ့သည်။   သူမ၏မုန့်ဖိုးကို မရှိသလောက်လုနီးပါး လျှော့ချလိုက်သည်မှလွဲ၍ သူမထံတွင် စောဒဂတက်စရာမရှိခဲ့ချေ။။


အချိန်များက တရွေ့ရွေ့ကုန်ဆုံးလာပြီး သူမသည်


ကျောင်း၌ ပညာရင်း ရုန်းကန်နေခဲ့သည်။


ရှန်းရှီသည် နှစ်သစ်၌ အိမ်မပြန်ချင်သောကြောင့်


ညီမဖြစ်သူ၏စုဆောင်းငွေကို အသုံးချကာ နိုင်ငံရပ်ခြားသို့ ခရီးထွက်ခဲ့လေ၏။


နိုင်ငံခြားသို့ ခရီးထွက်ရခြင်းက သူမ စိတ်ကူးထားသလောက် ပျော်စရာမကောင်းပေ။


ရှန်းရှီသည် ဒေသန္တရဘာသာစကားကို မပြောတတ်ဘဲ ရောက်သည့်နေရာတိုင်းတွင် တုန်လှုပ်ခြောက်ခြားနေခဲ့ရသည်။သူမသည် မြို့မှထွက်လာမိခဲ့ခြင်းကို နောင်တရမိ‌သော်လည်း အိမ်မပြန်ချင်သောကြောင့် ဆက်နေဖို့ကိုပင် ရွေးချယ်လိုက်ရတော့၏။


နောက်တစ်နေ့တွင် ရှန်းရှီသည် ဈေးဝယ်ထွက်ခဲ့ပြီး အခြားတရုတ်ခရီးသွားတစ်ဦးနှင့် ဆုံမိလျက် စကားစမြည်ပြောဖြစ်ခဲ့ကြလေသည်။


ထိုခရီးသွားမိန်းကလေးက လည်ပတ်စရာနေရာများစွာကို သိရှိပြီး ရှန်းရှီ၏ခရီးစဉ်ကို ပို၍ပျော်စရာကောင်းအောင် ဖန်တီးပေးသည်။


နှစ်ဦးသားအချင်းချင်းရင်းနှီးလာခဲ့ချိန်တွင် ထိုမိန်းကလေးသည် ရှန်းရှီအား သူမ၏အလုပ်ရှင်နှင့်မိတ်ဆက်ပေးခဲ့၏။


 တစ်ဖက်မှ အလုပ်ရှင်အမျိုးသမီးကြီးသည် ဆောက်လုပ်ရေးကော်ပိုရေးရှင်းကြီးများ၏အကြီးအကဲဖြစ်သည်ဟု သို့လောသို့လော သတင်းများရှိသည်။ရှန်းရှီသည် လူချမ်းသာများကို အမြဲအထင်ကြီးခဲ့ပြီး 


ထိုအမျိုးသမီးနှင့်တွေ့ချိန်တွင် သတိကြီးကြီးထားနေခဲ့သည်။


 ထိုတစ်ယောက်သည် အလွန်လှပပြီး သန်စွမ်းရုံသာမက


 ပြေပြစ်သော အမူအကျင့်လည်းရှိသည်။


 ရှန်းရှီသည် ထိုအမျိုးသမီးကြီး၏ရှေ့တွင် သူမကိုယ်သူမသိမ်ငယ်စိတ်ဝင်သွား၏။နောက်ပိုင်းတွင် ရှန်းရှီသည် 


ထိုတစ်ယောက်ကို အထင်ကြီးပြီး အတုလည်းခိုးခဲ့သည်။


သို့သော် ထိုတစ်ယောက်က သူမ၏ချွေးမကိုဆန့်ကျင်ရန်အတွက် ရှန်းရှီအား အသုံးချနေခြင်းသာဖြစ်လေ၏။


သူမ၏ချွေးမ‌မှာ အခြားသူမဟုတ်ပေ။ရှန်းရှီ၏ အမေတူအဖေကွဲအစ်မ သူမ၏ မူလခန္ဓာကိုယ်ချန်းဟွမ်ပင်ဖြစ်ပေသည်။


 


ရှန်းရှီသည်  သူမ၏ မူရင်းနာမည်ကို အခြားသူထံမှ  ကြားလိုက်ရသောအခါတွင် ထူးဆန်းသလို ခံစားခဲ့ရ၏။ 


ထိုအမျိုးသမီးက ပြောပြနေသည့်မကောင်းသတင်းများကို‌နားထောင်ရသည်မှာ စိတ်ဝင်စားစရာကောင်းလှပေသည်။ထိုတစ်ယောက်က ချန်းဟွမ်အား တစ်နာရီဆက်တိုက် မှိုချိုးမျှစ်ချိုးပြောခဲ့လေ၏။


အထင်ကြီးခဲ့ရသူက အခြားလူများနှင့် မထူးမခြားဖြစ်နေကြောင်းသိလိုက်ရသောရှန်းရှီသည် အနည်းငယ်စိတ်ပျက်သွားတော့သည်။ရှန်းရှီသည်လည်း သူမ၏ချွေးမနှင့်ပတ်သတ်နေသော ဆက်နွှယ်မှုတစ်‌ခုကြောင့် ဒုက္ခများနေရသည်ဖြစ်လေသည်။အမှန်တကယ်တွင် ရှန်းရှီသည်လည်း ကြွက်စုတ်တစ်ကောင်ကဲ့သို့ အော်ဟစ်သောင်းကျန်းပစ်ချင်နေသည်ဖြစ်၏။


ထိုအမျိုးသမီးကြီးအပေါ်ထားရှိသော ရှန်းရှီ၏လေးစားသမှုများမှာ ပျောက်ကွယ်သွားပြီး နောက်တစ်ကြိမ်ဖိတ်ခေါ်ခံရချိန်များတွင် ရှန်းရှီသည် ပတ်သက်ဆက်ဆံလိုစိတ်ကုန်ခမ်းနေတော့သည်။


Xxxxxxxx