Chapter 273
ချန်းဟွမ် ထိတ်လန့်သွားပြီး မေးလိုက်သည်။
"ဘာလို့ သူ့ကို တွေ့ချင်တာလဲ…"
"ဘာတွေ စိတ်ပူနေတာလဲ… ငါ နင့်ဆီကနေ သားကို လုမယူဘူး စိတ်ချ…"
ရှန်းရှီက နှုတ်ခမ်းကို တင်တင်းစေ့ထားပြီး ရှုတ်ချသလို ပြောလိုက်သည်။
"ငါ့သားကိုတွေ့ဖို့ နင့်ခွင့်ပြုချက်လိုလို့လား…"
"တစ်ကယ်တမ်းကျတော့ နင်က သူ့ရဲ့ အန်တီလေ…"
ရှန်းရှီ စိတ်တိုနေပုံရသည်။
"တွေ့ခွင့်ပေးမလား မပေးဘူးလားပဲ ပြောလိုက်…သူက ငါ့သား…"
***
နှစ်ယောက်သား ရှေ့မတိုးနောက်မဆုတ်သာ ဖြစ်နေစဥ် ကားတစ်စီး ထိုးစိုက်လာရ၏။ထို့နောက် ကားတံခါးပွင့်လာပြီး ကျန်းမင်ယွမ် ထွက်လာကာ ချန်းဟွမ် ကို ပြုံးပြပြီး ရှင်းရှင်း ကို ကားထဲမှ ပွေ့ခေါ်လိုက်သည်။
"ဘာလို့ဒီမှာစောင့်နေတာလဲ… ညဘက် ကြီး လေတွေကလည်း တိုက်နေတဲ့ဟာ…"
ကျန်းမင်ယွမ်က သူမလက်ကို ကိုင်ထားလိုက်သည်။
"တွေ့လား… မင်းလက်တွေ အေးစက်နေတာပဲ…"
ထိုသို့ပြောပြီးနောက် သူတို့ဘေးတွင် ရပ်နေသည့် ရှန်းရှီကို သူ သတိပြုမိသွားပုံရသည်။ သူက မျက်မှောင်ကြုတ်ကာ ပြောလိုက်သညိ။
"မစ္စ ရှန်း..."
"မစ္စတာ ကျန်း…"
ရှန်းရှီ လည်း ယဉ်ယဉ်ကျေးကျေး ပြန်ပြောပြီး ရှင်းရှင်းကို လှည့်ကြည့်လိုက်သည်။ယနေ့မူကြိုတွင် ကလေးများအတွက် ပွဲတစ်ခုခုရှိပုံရသည်။ ကလေးလေးလေးမှာ အရပ်ပိုမြင့်ပုံပေါက်စေသည့် အဖြူရောင် အနောက်တိုင်းဝတ်စုံလေးကို ၀တ်ထားပြီး ဆံပင်ကလည်း ဂျယ်လ်ဖြင့် သေသပ်နေသည်။ သူကြည့်ရသည်မှာ လူကြီးပေါက်စတစ်ယောက်နှင့် တူနေတော့သည်။ကလေးလေးသည် ချန်းဟွမ်၏ အဝတ်အစားကို ခေါင်းဖြင့်ပွတ်နေပြီး ဂျယ်လ်များ ကွာကျသွားအောင် လုပ်နေတော့သည်။အမေဖြစ်သူက သူ့ကို တွန်းဖယ်လိုက်သော်လည်း သူ အလျှော့မပေးသေးချေ။
"သူတို့ သားအမိက တစ်ယောက်နဲ့တစ်ယောက် အရမ်းရင်းနှီးကြတယ်မဟုတ်လား…"
ကျန်းမင်ယွမ် အသံက သူမအတွေးကို အနှောင့်အယှက်ပြုလာသဖြင့် ရှန်းရှီမော့ကြည့်လိုက်ရာ သူ့မျက်လုံးများမှာ လေးနက်နေသည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီး ဖြစ်၍ ရှန်းရှီ သည် ကျန်းမင်ယွမ်၏ ရုပ်သွင်ကို မေ့လျော့နေခဲ့ရသည်။ မည်သို့ပင်ဆိုစေ သူမသည် သူ့စကား ဆိုလိုရင်းကို သဘောပေါက်လေသည်။
သူမ စိတ်ကို တည်ငြိမ်အောင် ထားရင်း ပြောလိုက်သည်။
"သူ့အမေပဲလေ....ရင်းနှီးမှာပေါ့…"
"ဝမ်းနည်းစရာကောင်းတာက အစောပိုင်း နှစ်တွေကတော့ ဒီလို မရင်းနှီးခဲ့ရဘူးလေ…"
ကျန်းမင်ယွမ် က ရိသဲ့သဲ့ပြောလိုက်ပြီး သူက ချန်းဟွမ် အနား လျှောက်လာလိုက်ရာ မိသားစုသုံးယောက် ယှဉ်၍ ရပ်မိသလို ဖြစ်သွားသည်။ သုံးယောက်သားမှာ တစ်ယောက်နှင့်တစ်ယောက် လိုက်ဖက်ညီနေကြပြီး နွေးထွေးသည့် မိသားစုလေး တစ်ခုပင်။
ရှင်းရှင်း က ချန်းဟွမ် ၏ လက်ဖဝါးကို ပွတ်သပ်လိုက်ရင်း ရှန်းရှီကိုတစ်ချက်ကြည့်၍ ချန်းဟွမ်အနားပို၍ပင် တိုးကပ်သွားသည်။
ချန်းဟွမ်က သူ့ကို ဆွဲထားလိုက်ပြီး ရှန်းရှီ နှင့် မိတ်ဆက်ပေးလိုက်သည်။
"ဒါ သားရဲ့အန်တီပဲ…ခေါ်လိုက်နော်…"
"အန်တီ…"
ကောင်လေးက အံ့သြသွားပုံဖြင့် အဒေါ်ဖြစ်သူကို နှုတ်ဆက်လိုက်သည်။
"အန်တီ… သားတို့နဲ့ ကစားမလား…"
ရှန်းရှီ မှာ ယခုအချိန်ထိ ကလေးကို မချစ်သေးဘဲ သူ့အသံကြားရသည်နှင့်ပင် စိတ်အနှောင့်အယှက်ဖြစ်နေမိသည်။ သူမက မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင် ကျန်းမင်ယွမ် ရှိနေသဖြင့် သဘောတူလိုက်သည်။
"အင်း ကစားမယ်လေ…"
"ကျွန်မတ်ို့ တစ်နေရာရာ သွားကြမလား…"
ရှန်းရှီက သဘောတူပြီးနောက် ချန်းဟွမ်က သူ့ကို မေးလိုက်သည်။
ကျန်းမင်ယွမ် က ခေါင်းညိတ်ပြသော်လည်း ဘာမှပြန်မပြောဘဲ ချန်းဟွမ်အတွက် ကားတံခါးကိုဖွင့်ပေးလိုက်သည်။ ထို့နောက် သူက ရှင်းရှင်း ကို ကလေးထိုင်ခုံတွင် ပွေ့ချီ၍ ထိုင်ခိုင်းလိုက်သည်။
ရှန်းရှီ သည် ကားထဲသို့ဝင်လာပြီး ရှင်းရှင်း ကိုကြည့်ကာ ပြုံးကြည့်ရန် ကြိုးစားလိုက်သည်။
ယနေ့ ကားမောင်းသမားလည်း မရှိသဖြင့် ကျန်းမင်ယွမ် မောင်းမည်ဖြစ်သည်။ရှေ့ခန်းက နှစ်ယောက်သားမှာ စကားစမြည်ပြောနေကြသည်။
ရှင်းရှင်း သည် အဒေါ်ဖြစ်သူကို အလွန်စိတ်ဝင်စားသဖြင့် တစ်ချိန်လုံး ရွှင်မြူးနေလေသည်။ ရှန်းရှီ သူ့ကို စိတ်အနှောက်အယှက်ဖြစ်ရသဖြင့် လစ်လျူရှုထားသော်လည်း ခဏအကြာတွင် သည်းမခံနိုင်စွာဖြင့် အငြိမ်မနေသည့် ရှင်းရှင်းကို ဆူပြောပြောလိုက်သည်။
"မင်း အရမ်း ဆူညံနေတာပဲ…"
သူမ၏ အသံကြောင့် ရှင်းရှင်း လန့်ဖျပ်သွားပြီး တခြားဘာမှ မပြောဝံ့တော့ပေ။ ကားထဲတွင် ချက်ချင်းငြိမ်သက်သွားကာ စက္ကန့်အနည်းငယ်အကြာတွင် ကားသည် လမ်းဘေးဘက်သို့ ချရပ်လိုက်သည်။
ထို့နောက် ကျန်းမင်ယွမ်က တည်ငြိမ်စွာ ပြောလိုက်သည်။
"မစ္စရှန်း…မင်း ငါ့သားကို စိတ်အနှောင့်အယှက်ပေးနေတယ်... ကားပေါ်က အခုဆင်းလိုက်တော့…"
ရှန်းရှီ သည် ရှင်းရှင်း နှင့် ပိုမိုနီးစပ်ချင်ခဲ့ သော်လည်း သူမကိုယ်တိုင် ဖျက်ဆီးမိလိုက်သည်။သူမ နှုတ်ခမ်းကို ကိုက်ထားရင်း အနည်းငယ် ဝမ်းနည်းသွားမိသည်။ သူမ တောင်းပန်ချင်သော်လည်း ကျန်းမင်ယွမ် ၏အကြည့်အောက်တွင် စကားတစ်ခွန်းမှ မပြောနိုင်ပေ။ ရှန်းရှီက ချန်းဟွမ်ကို စေ့စေ့ကြည့်လိုက်ရာ သူမလည်း ကူညီနိုင်မည့်ပုံမပေါ်ကြောင်း သတိပြုမိလိုက်သည်။
ကားတံခါးပွင့်လာပြီး ရှန်းရှီ ရှက်ရွံ့စွာ ဆင်းလိုက်သည်။
ကားထဲတွင် လူပိုမရှိတော့သဖြင့် လေထုမှာ ချက်ချင်းပင် ပြန်လည်အဆင်ပြေသွားရသည် ချန်းဟွမ် လည်း ဘာပြောရမှန်းမသိပေ။ ကံကောင်းစွာနှင့် ရှင်းရှင်း မှာ စိတ်ထဲမထာဘဲ ပျော်ရွှင်နေကာ စကားများဖောင်ဖွဲ့နေတော့သည်။
ကားကလေးသည် အဆောက်အဦးတစ်ခုရှေ့တွင် ရပ်လိုက်ပြီး သုံးယောက်သာ အထဲသို့ ဝင်လာခဲ့သည်။ ဤအဆောက်အဦးသည် မြို့ S ရှိ နာမည်ကြီး စားသောက်ဆိုင်တစ်ခုဖြစ်သည်။ ပုံမှန်အားဖြင့် လပေါင်းများစွာ ဘိုကင်ချိတ်ထားမှသာ စားသုံးနိုင်သော ဆိုင်ဖြစ်ကာ အလွန် တိတ်ဆိတ်နေသည်။ ကြည်လင်သော မှန်တံခါးကို ဖြတ်သွားပြီးနောက် အတွင်းပိုင်းတွင် မှုန်မှိုင်းမှိုင်း အဆင်အပြင်များ ပြုလုပ်ထားကာ အလယ်လမ်း ဘေးနှစ်ဖက်တွင် မီးမှိန်မှိန်လေးသာရှိသည်။
လမ်းတစ်ဖက်၊တစ်ချက်စီရှိ မြက်ခင်းပြင်ဧရိယာသည်လည်း သလင်းကျောက်များဖြင့် ပြုလုပ်ထားသည်။
ဤအဆင်အပြင်ကို ကြည့်ခြင်းအားဖြင့် ပုံမှန်ညစာမဟုတ်မှန်း သိသာနေသည်။ ယနေ့မှာ ထူးထူးခြားခြား နေ့တစ်နေ့လားဟု ချန်းဟွမ် တွေးနေမိတော့သည်။
"ဒီနေ့ ကျွန်မမွေးနေ့မဟုတ်ဘူးနော်…"
"ကိုယ် သိပါတယ်…"
ကျန်းမင်ယွမ် သူမလက်ကို ကိုင်ကာ ရှေ့သို့ လျှောက်သွားနေသည်။
"ကိုယ်တို့ ညစာ စားဖို့လာတာလေ… အတွေးလွန်မနေပါနဲ့…"
Xxxxxxx
Chapter 274
အတွေးလွန်မနေဖို့ ပြောလိုက်သော်လည်း ချန်းဟွမ် စပရိုက်စ် တစ်ခုခုများ ဖြစ်နေမလားဟု ရင်တထိတ်ထိတ်နှင့် စောင့်မျှော်နေခဲ့သည်။ သို့သော် ညစာစားပြီး စားသောက်ဆိုင်မှ ထွက်လာသည့်အထိ ဘာမှ ထူးခြားမလာပေ။
ချန်းဟွမ် စိတ်ပျက်သွားမိပြီး ထိုင်ခုံခါးပတ်ကို ပတ်ထားရင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဒါဆို ညစာစားဖို့ ဒီကိုလာတာလား…"
"ဟုတ်တယ်လေ…"
ကျန်းမင်ယွမ် က သူမခေါင်းကို ပွတ်သပ်ကာ ကားစက်နှိုးလိုက်သည်။ ချန်းဟွမ်သည် ကားမှန် ပြတင်းပေါက်မှ လှမ်းကြည့်လိုက်ပြီး သူ့ကိုမေးလိုက်သည်။
"ကျွန်မတို့ အိမ်မပြန်ဘူးလား…"
"ကိုယ့်မှာ ဖျော်ဖြေပွဲ လက်မှတ်ရှိနေတယ်လေ… ကိုယ်တို့ ပွဲသွားကြည့်ရအောင်…"
"အိုး…"
ချန်းဟွမ် အံ့အားသင့်သွားရပြီး သူမ ၀တ်စုံကို ငုံ့ကြည့်လိုက်သည်။
"ဒီလို ဝတ်ထားတာ ကောင်းပါ့မလား…"
သူမသည် ယခင်က ဖျော်ဖြေပွဲကို တစ်ခါမှ မရောက်ဖူးသော်လည်း လှလှပပ ၀တ်ဆင်ရန် လိုအပ်သည်ဟု ထင်မိသည်။ ကျန်းမင်ယွမ် သည် မီးပွိုင့်တစ်ခုတွင် မီးနီပြနေသဖြင့် ကားကို ရပ်လိုက်ပြီး သူမကို လှည့်ကြည့်လိုက်သည်။
"ကိုယ်တော့ ကြည့်ရတာ အဆင်ပြေပါတယ်…"
ဖျော်ဖြေပွဲသည် မြို့ S ရှိ ပြဇာတ်ရုံကြီးတစ်ခုတွင် ကျင်းပမည် ဖြစ်ပြီး ရုံထဲသို့ လျှောက်သွားလိုက်ရာ လူအနည်းငယ်သာ ရှိနေကြသည်။ ကျန်းမင်ယွမ် က သူမကို ပြဇာတ်ရုံအလယ်ပိုင်းနားသို့ ခေါ်သွားလိုက်သည်။ခဏအကြာတွင် မီးများပိတ်သွားကာ သူတို့ရှေ့မှ ကန့်လန့်ကာကြီး ပွင့်လာပြီး သီချင်းသံ ပျံ့လွင့်လာကာ ခန်းမအတွင်းမှ လူများ ထွက်လာကြသည်။
ဂန္ထဝင်ဂီတသည် စိတ်ကို လန်းဆန်းစေသည်မှာ သေချာသည်။ ဂီတသံကြောင့် လူတိုင်း၏ စိတ်အစဉ်သည် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်သွားလိမ့်မည်။ ဖျော်ဖြေပွဲက နှစ်နာရီကြာမြင့်ပြီး ပြီးသွားသည့်အခါ ချန်းဟွမ် အိမ်ပင်မပြန်ချင်တော့။
ပြဇာတ်ရုံအပြင်ဘက်တွင် လမ်းလျှောက်နေရင်း ချန်းဟွမ် သက်ပြင်းရှည်ကြီး မှုတ်ထုတ်ကာ ကျန်းမင်ယွမ်ကို လှည့်ကြည့်ပြီး ပြုံးပြလိုက်သည်။
"ကျွန်မတို့ ဘယ်သွားမလို့လဲ…"
သူမသည် တစ်ခုခုကို မျှော်လင့်နေဆဲပင်။ကျန်းမင်ယွမ် သည် အိပ်ပျော်နေသော ရှင်းရှင်းကို ပွေ့ချီထားကာ သူမအား ပြန်ပြုံးပြလိုက်သည်။
"မြစ်ကမ်းပါးတစ်လျှောက်မှာ ဖျော်ဖြေပွဲတစ်ခုရှိတယ်… ကြည့်ချင်လား…"
"ကြည့်ချင်တယ်…"
မြို့တော် S သည် မြစ်ကမ်းစပ်တွင် တည်ထားပြီး ထင်ရှားသော ခရီးသွားနေရာတစ်ခုဖြစ်သည်။
သူတို့သည် ရှင်းရှင်းကို စိတ်ချရသည့် လက်ထောက်တစ်ယောက်ထံ ထည့်ပေးလိုက်ပြီးနှစ်ယောက်သား လျှောက်လာကြသည်။ စောစောက ဖျော်ဖြေပွဲသည် သာယာနာပျော်ဖွယ် ကောင်းသော ဂီတများဖြစ်ပြီး ယခုဖျော်ဖြေပွဲမှာ မျက်စိပသာဒ ဖြစ်စေသည့် ဖျော်ဖြေမှုများပင်။
မြစ်ကမ်းပါးတစ်လျှောက်တွင် စင်မြင့်များစွာကို တည်ဆောက်ထားပြီး ဖျော်ဖြေသူများသည် စင်ပေါ်တွင် ဖျော်ဖြေပြီးနောက် ပရိသတ်များကြားတွင် လှည့်ပတ်သွားလာမည် ဖြစ်သည်။ လမ်း ဘယ်ဘက်တွင် street dance ကခုန်နေကြပြီး ညာဘက်တွင် မီးနဂါး အက ကနေကြသည်။
ချန်းဟွမ် သည် ကျန်းမင်ယွမ် တွင် အခြားအစီအစဥ်အချို့ရှိနေသည်ဟု မူလကထင်ခဲ့သော်လည်း ယခု မထင်ရဲတော့ပေ။ဤနေရာတွင်လည်း လူကြပ်နေသဖြင့် စပရိုက်စ်တစ်ခုခု ပြုလုပ်ရန် ခက်ခဲပေလိမ့်မည်။
ရင်သပ်ရှုမောဖွယ်ကောင်းသော ဖျော်ဖြေပွဲများကို ကြည့်ရင်း ကျန်းမင်ယွမ် မှာ အခြားအစီအစဉ်များ မရှိလည်း ယခု ချန်းဟွမ် အလွန်ပျော်နေရသည်။ မြစ်ကမ်းပါးတစ်လျှောက် ဖျော်ဖြေပွဲများသည် အချိန်အတော် ကြာမြင့်ခဲ့ပြီး ယခုဆိုလျှင် ညသန်းခေါင်ကျော်နေလေပြီ။
ချန်းဟွမ်တို့ နှစ်ယောက်သား သည် တရုတ်ရိုးရာအကကို ဖျော်ဖြေနေသည့် စင်မြင့်နားမှ ထွက်လာခဲ့သည်။ သူမလက်ထဲတွင် သကြားချောင်းရှိပြီး သူမ ကိုက်စားကြည့်ရာ အလွန်ချဉ်နေသဖြင့် သူမ မျက်နှာတစ်ခုလုံး ရှုံ့မဲ့နေရ၏။သူမက ပါးစပ်ထဲရောက်ပြီသား သကြားခဲများကို မျိုချလိုက်ပြီး ကျန်သကြားခဲများကို အမှိုက်ပုံးထဲ ထည့်ပစ်လိုက်သည်။
ထို့နောက် သူမ ကျန်းမင်ယွမ်ကို
မေးလိုက်သည်။
"ဒါတွေအကုန် ရှင်လုပ်ထားတာလား…"
ကျန်းမင်ယွမ် ခေါင်းညိတ်လိုက်သည်။
"ဒီစီမံကိန်းက အစိုးရနဲ့ တွဲလုပ်ထားတဲ့ စီမံကိန်းလေ…နှစ်တိုင်းနှစ်တိုင် သုံးရက်ကြာ ဖျော်ဖြေတင်ဆက်သွားမယ်…ကိုယ်တို့ရဲ့ အစီအစဥ်က ခရီးသွားပွဲတော်တစ်ခု ကျင်းပဖို့ပဲ…"
"ရှင်က ဒါမျိုးလည်း လုပ်တာပဲလား…"
ကျန်းမင်ယွမ် က သူမခေါင်းကို ပွတ်သပ်လိုက်သည်။
"ဘာလို့ မလုပ်ရမှာလဲ…"
"မဟုတ်ပါဘူး…ရှင့် ပုံစံနဲ့ဒီလိုပွဲတွေ လုပ်တယ်ဆိုတာ ဆက်စပ်ကြည့်လို့တောင် မရဘူး…"
"ဒီလိုလူသိများလာတဲ့အခါကျရင် ခရီးသွားတွေ များလာမယ်… ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးလာရင် ဒီဒေသမှာရှိတဲ့ ဈေးဆိုင်တွေအားလုံးအတွက် ကောင်းတယ်လေ…"
"အဲ့ဒါတော့အမှန်ပဲ…လူတွေရှိရင် ငွေလည်း ရှိလာတာပါပဲ…"
ချန်းဟွမ် က ဘေးပတ်ပတ်လည်ကို ကြည့်ကာ သူမ မေးစေ့ကို ပွတ်သပ်လိုက်သည်။
"ဒီနားမှာ တဲလေးထိုးပြီး ကျွန်မတောင် ဈေးရောင်းရမလား မသိဘူး…ငွေတော့ အတော်ရွှင်မှာပဲ…"
"ကိုယ်က မင်းကို ပျော်ရအောင်လို့ ဒီကို ခေါ်လာခဲ့တာနော်…"
ချန်းဟွမ် ရယ်မောလိုက်သည်။
"နောက်တာပါ…"
သူမ ထိုသို့ပြောလိုက်သော်လည်း အမှန်က သူမဒီမှာ ဒုတိယဆိုင်တစ်ဆိုင်ဖွင့်နိုင်ဖို့ စဉ်းစားနေပြီး ဖြစ်သည်။
Xxxxxxx