Chapter 13
ရှန်းလျန့်၏ အမူအရာကလည်း အရုပ်ဆိုးလာခဲ့သည်။ ဟူဟုန်က မိသားစု မျိုးဆက် စစ်မှန်မှုကို အလွန်အလေးထားသည်။ သူမသာ ထန်ရို့က ထန်မိသားစု၏ သမီးအရင်း မဟုတ်မှန်း သိသွားပါက သူတို့၏ ဆက်ဆံရေးကို သေချာပေါက် ကန့်ကွက်ပေလိမ့်မည်။
ရှန်းလျန့်က အကြောင်းအရာကို ပြောင်းဖို့ ကြိုးစားလိုက်သည်။
"ထန်ရို့အကြောင်း မပြောနဲ့... ငါ မင်းကို တောင်းပန်ဖို့က မဖြစ်နိုင်ဘူး... မင်းက အရင် ငါ့ကို နှောင့်ယှက်ခဲ့တာ"
"တူလေး... မင်းက တကယ် အဓိပ္ပါယ် မရှိတာတွေ ပြောနေတာပဲ... ငါကကန်းနေတာမှ မဟုတ်တာ"
ထန်ချောင်းချောင်း ကတော့ ရွံရှာမှု အပြည့်ပင်။ မူလကိုယ်က ဒီလို ဦးနှောက်မရှိတဲ့ ကသိကအောက် ဖြစ်ရာ ကောာင်လို လူမျိုးကို ဘယ်လိုကြည့်ကြိုက်ခဲ့လဲ ဆိုတာ ဘယ်သူကသိမှာလဲ။
ရှန်းလျန့်က သူမ၏ ရွံရှာနေသော အမူအရာဖြင့် စော်ကားခံလိုက်ရသလိုပင်၊ "မင်း"
ဟူဟုန်က သူမ၏ ထန်ရို့ အပေါ် သံသယများကို ယာယီ ဖိနှိပ်လိုက်ကာ စိတ်ဆိုးမာန်ဆိုး ဖြစ်နေသော သူမ၏ သားကို နှောင့်ယှက်လိုက်သည်၊
"တကယ်တော့ ဒီလိုကိစ္စမျိုးက တောင်းပန်စကားပြောဖို့မလိုပါဘူး... ငါတို့တွေက မိသားစုတွေပဲဟာ... ထားလိုက်တော့"
"ဒါပေမယ့် ရှန်းမိသားစုက ဂုဏ်သတင်းကြီးတဲ့ မိသားစုဖြစ်ပြီးတော့ နောက်မှပေါက်တဲ့ ရွှေကြာပင် မဟုတ်ဘူးဆိုတာ မင်းကို ရှင်းရှင်းလင်းလင်း ပြောပြချင်သေးတယ်... အထူးသဖြင့် ရှန်းလျန့်က နာမည်ကျော် တစ်ယောက်... ပြီးတော့ သူ့ဂုဏ်သတင်းကလည်း အရမ်းအရေးကြီးတယ်... မင်းကလည်း အနုပညာလောကထဲကပဲ... မင်းက ကိုယ့်နေရာ ကိုယ်သိပြီး နေတတ်ထိုင်တတ်ဖို့နဲ့ အမြဲသတိကပ်ဖို့ မျှော်လင့်တယ်... ရွံစရာ အတင်းအဖျင်းတွေ ဖြန့်နေပြီး ရှန်းမိသားစု မျက်နှာပျက်အောင် လုပ်နေတာတွေ ရပ်လိုက်တော့"
အဆုံးမှာတော့ ဟူဟုန်၏ ရည်ရွယ်ချက် ပေါ်လာခဲ့လေပြီ။ ထိုအရာကတော့ သူမကို အပြစ်တင်ဖို့ အခွင့်အရေးပေးရန်ပင်။
ထန်ချောင်းချောင်းက တည်ငြိမ်စွာ ပြောလိုက်သည်၊
"ငါ့တူလေးကရော မင်းအမေပြောတာ ကြားလိုက်ရဲ့လား... အနာဂါတ်မှာ ငါ့ရဲ့နေရာကို သေချာ မှတ်ထားပါ... ငါက မင်းအဒေါ်ဆိုတာ မမေ့လိုက်နဲ့.. ပြီးတော့ မင်းရဲ့အကြီးတွေကို လေးစားတတ်ဖို့ လိုတယ်"
ရှန်းလျန့်က ထိုမိန်းမက အမှားနှင့်အမှန်ကို ပြန်ပြောင်းပြောတတ်လွန်းသည်ကို အလွန်ဒေါသထွက်နေရသည်။
သူမက ဟူဟုန်ကိုလည်း ထပ်ပြောလိုက်သေးသည် "ကောလဟာလတွေအတွက်တော့ ကျွန်မထက် ရှင့်သားကို ပိုပြီး စိုးရိမ်သင့်တယ်နော်... ထန်ရို့ကို လျို့ဝှက်ခိုင်းထားလိုက်အုံး... သူ့ရဲ့ ဝေ့ပေါ်အရန်အကောင့်ကနေ ပေါ်မသွားစေနဲ့"
မူလဇာတ်ကြောင်းတွင် ထန်ရို့က သူမနှင့် ရှန်းလျန့်တို့၏ အချစ်ဇာတ်လမ်း အခိုက်အတန့်လေးများကို မှတ်တမ်းတင်ရန်အတွက် အရန်အကောင့်တစ်ခု ဖွင့်ထားခဲ့သည်။ နောက်တွင် ဖန်များက ရှာတွေ့သွားခဲ့ကြပြီး သူတို့၏ ဆက်ဆံရေး ပေါ်သွားကာ ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သည်။
ရှန်းလျန့်က လှောင်ပြောင်လိုက်သည်၊ သူ့မှာ အရန်အကောင့် မရှိဘူး... လူတိုင်းကို မင်းလိုထင်နေတာလား... မာနကြီး ဘဝင်မြင့်နေပြီး ရွံစရာကောင်းတဲ့ အကြံအစည်တွေ ပြည့်နေတာ"
"အရမ်း ယုံကြည်မှု ရှိမနေနဲ့အုံး... သူ့ကိုမေးကြည့်လိုက်လို့ ရတယ်"
ထန်ရို့က ထိုအကောင့်ကို သုံးတာ တော်တော်လေး ကြာနေပြီ ဖြစ်သည်။ ဒါကို တမင်ရည်ရွယ်ပြီး ဖွင့်ခဲ့တာလား... သူမကတော့ သူမညီမကို အလွန်ဥာဏ်ကောင်းသည်ဟုသာ ပြောလိုက်ချင်သည်။
ဟူဟုန်က ထန်ရို့အကြောင်းကို ပိုပို၍ မေးခွန်းထုတ်လာတော့သည်၊
"ထန်ရို့က ဘာတွေ လုပ်နေတာလဲ... နာမည်ကျော်တစ်ယောက်ရဲ့ ချစ်သူက သိုသိုသိပ်သိပ်ပဲ နေရမယ်ဆိုတာ မသိဘူးလား"
ရှန်းလျန့်က စိုးရိမ်လာခဲ့တော့သည်၊
"အမေ... သူရဲ့ အဓိပ္ပါယ်မရှိတဲ့ စကားကို နားမထောင်နဲ့... ထန်ရို့မှာ အရန်အကောင့်မရှိပါဘူး... သူက မနာလိုနေတာ... ကျွန်တော်နဲ့ ထန်ရို့တို့ ဆက်ဆံရေးကောင်းတာကို မနာလိုဖြစ်နေတာ ... ပြီးတော့ သူကလည်း မသန်မစွမ်းတစ်ယောက်နဲ့ပဲ လက်ထပ်နိုင်ခဲ့လို့လေ"
"မင်း ဘာပြောတာလဲ" ထန်ချောင်းချောင်းက ခက်ထန်စွာ ပြောလိုက်သည်။
"မင်းငါ့ကို မလေးစားရင်တောင် ကိစ္စမရှိဘူး... ဒါပေမယ့် မင်းဦးလေးအရင်းကို ထိခိုက်အောင် လုပ်နေတယ်... ယောင်းမ... ဒါရှင့် သားသမီးကို သင်ကြားထားတဲ့ ပုံစံလား"
ရှန်းလျန့်က ပြောပြီးပြီးချင်းပင် နောင်တရသွားသည်။ သူက အပြစ်ရှိစိတ်ဖြင့် လှည့်ပတ်ကြည့်လိုက်သော်လည်း ကံကောင်းစွာဖြင့် သူ့ဦးလေး ရှိမနေခဲ့ပေ။
သို့သော်လည်း ရှန်းယွဲ့က သူ့စကားများက အပေါ်ထပ်ကနေ ရှင်းရှင်းလင်းလင်း ကြားသွားသည့်အကြောင်းကိုတော့ သူမသိခဲ့ပါချေ။
အမှန်အတိုင်းပြောရလျှင် သူက ထို"မသန်မစွမ်း"ဟူသော စကားလုံးနှင့် သက်ဆိုင်နေသော်ငြား သူ့စိတ်ကိုဖြင့် မထိပါးစေနိုင်ပေ။ သို့သော်လည်း ထန်ချောင်းချောင်းနောက်ထပ်ပြောလိုက်သော စကားများက သူ့နှလုံးသားကို ကျောက်ခဲဖြင့် ပစ်လိုက်သကဲ့သို့ လှိုင်းများ ထပြီးရင်း ထသွားပုံရသည်။
"ရှန်းယွဲ့ခြေထောက်တွေက ယာယီပဲ... ပြီးတော့ နောက်ဆိုရင် သူသေချာပေါက် ပြန်ပြီး မတ်တပ်ရပ်နိုင်တော့မှာ... ဒါပေမယ့် တချို့လူတွေက ယဥ်ကျေးမှုလည်း မရှိတဲ့အပြင် စိတ်ကြီးဝင်နေကြသေးတယ်... သူတို့က လူ့အရေပြားအောက်က ခြေထောက်နှစ်ချောင်းပါတဲ့ တောကောင်သာသာပဲ"
ထန်ချောင်းချောင်းက သူမလက်များကို ဒူးပေါ်တွင် တင်ကာ မလှုပ်မယှက် ထိုင်နေသည်။ သို့သော်လည်း သူမ၏ အကြည့်စူးစူးများက ရှန်းလျန့်ကို ပြန်မတွန်းလှန်ရဲအောင် တစ်ခဏမျှ ဖိနှိပ်ထားသည်။
ဟူဟုန် ကြည့်မနေနိုင်တော့ပေ။ ထန်ချောင်းချောင်းက သူမရှေ့မှာ သူမသားကို အရိုင်းအစိုင်းဟု ကြိမ်းမောင်းနေသည်။ သူမကိုလည်း ကြိမ်းမောင်းနေတာတောင် ဖြစ်နိုင်သေးသည်။
သူမက မျက်မှောင်ကြုပ်ကာ ဒေါသတကြီး ပြောလိုက်သည်၊
"ထန်ချောင်းချောင်း... နင် အရမ်းလွန်သွားပြီ... ငါက နင့်ထက်အကြီး... ငါအခုထိ နင့်ရှေ့မှာ ရှိနေသေးတယ်...အမှားတွေ အမှန်တွေ လျှောက်ပြောဖို့ မကြိုးစားနဲ့... နင်က ဦးလေးနဲ့ တူကို သွေးခွဲဖို့ လုပ်နေတာ... ပြီးတော့ သူတို့က သွေးသားရင်းတွေ... နင်က အပြင်လူသက်သက်ပဲ... ချုံရှီ အတွက် နင့်ကို ဝယ်ခဲ့တာ ငါတို့ ရှန်းမိသားစုပဲ... အရှက်မမဲ့စမ်းနဲ့... နင်က နင့်ကိုယ်နင် အိမ်ကြီးရှင်ကတော်လို့ တကယ်ထင်နေတာလား...ငါသာ ဆန္ဒရှိရင် နင့်နေရာကို အချိန်မရွေး အစားထိုးနိုင်တယ်"
ဟူဟုန်၏ ဆိုးဝါးသော အမြင့်သံက အလွန် စိတ်ရှုပ်ဖို့ ကောင်းလှသည်။ သူမက ရှန်းလျန့်လိုသားမျိုး မွေးပေးထားတာ အံ့သြစရာ မရှိတော့ပေ။
'မြန်မြန် ပြောင်းလဲတတ်ပြီး အရှိန်ကမြင့်သေးတယ်... ဒီလို အနံ့အသက်ဆိုးတဲ့ မိသားစုကို ငါကလည်း ဂရုစိုက်မယ်ထင်လား ' ထန်ချောင်းချောင်းက ထိုစာကြောင်းကို ပြောချိန်မရလိုက်ပေ။ ကော်ဖီစားပွဲထက်မှ သူမဖုန်းက ရုတ်တရက် မြည်လာခဲ့သည်။
ထန်ချောင်းချောင်းက ဖုန်းကိုင်လိုက်သည်။ ထိုအဝင်ကောက အမှန်တကယ်တော့ အပေါ်ထပ်မှ ရှန်းယွဲ့ထံက ဖြစ်လေသည်။
သူက စကားသုံးလုံးသာ ပြောခဲ့သည်: "စပီကာ ဖွင့် လိုက်"
ထန်ချောင်းချောင်းက ဟူဟုန်ကို ဝေ့ကြည့်လိုက်ကာ ဖုန်းကို စပီကာ ဖွင့်ထားလိုက်သည်။
အနိမ့်အမြင့် အတက်အကျမရှိဘဲ ဆောင်းရာသီ ဆီးနှင်းခဲများလို အေးစက်နေသော အသံနက်နက်တစ်ခု ထွက်လာခဲ့သည်: "ထွက်သွား"
ဟူဟုန်နှင့် ရှန်းလျန့်တို့ ရှော့ရသွားကြသည်။ သူတို့က သူတို့ခေါင်းကို အလျင်အမြန်မော့ကာ ရှန်းယွဲ့ကို လိုက်ရှာလိုက်ကြသည်။
သူတို့ အခု ပြောလိုက်တဲ့စကားတွေ သူအကုန်ကြားသွားပြီလား။
ဟူဟုန်က ချွေးအေးများ ထွက်လာတော့သည်။ သူတို့တွေက သူမစားနိုင်မသောက်နိုင်ဖြစ်ပြီး လူသေလို ဖြစ်သွားပြီလို့ ပြောခဲ့တာ မဟုတ်ဘူးလား... ဘာလို့... ဘာလို့ သူက အင်အားအပြည့်နဲ့ ဖြစ်နေရသေးတာလဲ...
ထန်ချောင်းချောင်း၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားသည်၊
"ကြားကြတယ်မလား... သူက ရှင်တို့ကို ထွက်သွားဖို့ ပြောလိုက်တယ်"
ရှန်းလျန့်က သူ့မိဘများထံမှာ အလိုလိုက်ခံခဲ့ရတာ ဖြစ်သော်လည်း သူ့ဦးလေးကိုတော့ အလွန်ကြောက်ရွံ့ရသည်။ သူတို့က အသက်လည်း သိပ်မကွာခဲ့ပေ။ ကလေးဘဝမှ အရွယ်ရောက်လာသည်အထိ သူက ရှန်းယွဲ့၏ အရိပ်အောက်မှာသာ နေခဲ့ရတာ ဖြစ်သည်။
ဟူဟုန်နှင့် ရှန်းလျန့်က သူ၏ နတ်ဆိုးဆန်ဆန် အသံကို ကြားလိုက်သောအခါ ထန်ချောင်းချောင်း၏ စကားများကို လျစ်လျူရှုကာ ခပ်ရှက်ရှက်ဖြင့် တံခါးမှ ထွက်သွားကြတော့သည်။
ထန်ချောင်းချောင်းက အလွန်ပျော်ရွှင်စွာဖြင့် ပြုံးလိုက်သည်၊
"ငါ့တူလေး ဖြည်းဖြည်းလျှောက်နော်... ဒေါ်လေးက လိုက်မပို့တော့ဘူး"
ဟူဟုန်နှင့် သူမသားတို့ တံခါးအပြင်ဘက်သို့ ရောက်ရောက်ချင်း တံခါးက 'ဘန်း' ဟူသော အသံဖြင့် ပိတ်သွားတော့သည်။
ဟူဟုန် ဗီလာအပြင်ဘက်သို့ ရောက်သောအခါ သူမ၏ နှလုံးခုန်သံလည်း ပြန်တည်ငြိမ်လာသည်၊
"ဒီလို ပညာမတတ်တဲ့ အရိုင်းအစိုင်း မိန်းကလေး... နောက်ဆို သူနဲ့ ဝေးဝေးနေ"
ရှန်းလျန့်ကတော့ သူ့အမေကို အထွန့်တက်လိုက်သေးသည်၊
"အမေ့ကို မလာဖို့ ပြောခဲ့တာပဲ... အမေက မရမက သွားချင်နေတာ... အဲ့ဒီမိန်းမက ရူးကြောင်ကြောင်ဖြစ်နေတာ... အခုတော့ ဦးလေးငယ်ကပါ ဆွေမျိုးတွေကို မေ့နေပြီ"
"မင်းက အဲ့လိုပြောဖို့ အရှက်ရှိသေးတယ်လား... ငါမေးပါအုံးမယ်... ထန်ရို့က ဘာတွေ ဖြစ်နေတာလဲ... မင်းတို့ ငါ့ကို လိမ်ရဲရင် ငါရှာတွေ့မှ လွန်လွန်းတယ်လို့ အဆိုးမဆိုနဲ့"
ရှန်းလျန့်က အပြစ်ရှိစိတ်ဖြင့် သူမကို ချေပပြောဆိုလိုက်သည်။ "သူက မိန်းမကောင်းလေးပါ... ဒီလိုကိစ္စမျိုး ဘယ်လိုလုပ် လုပ်နိုင်မှာလဲ... ဒါတွေအားလုံးက ထန်ချောင်းချောင်း မဟုတ်တာတွေ လျှောက်ပြောနေတာ"
ဟူဟုန်က သူ့သားစကားတွေကို မယုံကြည်ခဲ့ပေ။ အချစ်မှာ ပျော်ဝင်နေကြသူများက မျက်ကန်းများသာ ဖြစ်ကြသည်။ သူမက စုံစမ်းကြည့်ဖို့ တစ်ယောက်ယောက်ကို ရှာရမည်ဟု တွေးလိုက်တော့သည်။
ဟူဟုန်: "ဒါဆို သူက တကယ်ပဲ အရန်အကောင့် ဖွင့်ထားတာလား... မင်းသူ့ကို မေးကြည့်ရမယ်... ငါဒီလို လှည့်စားတတ်တဲ့ မိန်းမတွေအများကြီး မြင်ဖူးထားပြီးသား... မင်းက မင်းတို့ဆက်ဆံရေးကို လူတွေသိအောင် မပြောပြချင်လို့ သူက မင်းကို တွန်းအားပေးဖို့ ဒီလို လှည့်စားမှုတွေ သုံးလာနိုင်တယ်"
"ဟမ့်" ဟူဟုန်က ကားတံခါးကို ဖွင့်လိုက်ပြီး ဝင်မထိုင်ခင်ပင် ပြောခဲ့သည်၊
"မင်းသူ့ကို ပြောပြလိုက်... သူသာ အနေအထိုင်မတတ်ရင် ထွက်သွားလိုက်လို့... ငါ အစကတည်းက ထန်မိသားစုကို သိပ်သဘောကျခဲ့တာ မဟုတ်ဘူး... ထန်ချောင်းချောင်းကို ကြည့်လိုက်ရုံနဲ့ သူတို့မိသားစုပုံစံကို သိနိုင်နေပြီ... ပေကျင်းမှာ မိန်းမလှလေးတွေ အများကြီးရှိတယ်... မင်းကို ပိုလှတဲ့ မိန်းကလေးတွေနဲ့ မိတ်ဆက်ပေးမယ်"
ဟူဟုန်က စကားပြောပြီးသွားတော့ သူမကိုယ်တိုင် ကားမောင်းကာ ထွက်သွားတော့သည်။
ရှန်းလျန့် သူ့ခေါင်း နာကျင်လာသလို ခံစားလိုက်ရပြီး သူ့နှလုံးသားထဲက သံသယဖြစ်မှုများကလည်း လေးလံလာတော့သည်။ သူက ထန်ရို့ကို ချက်ချင်း ဖုန်းခေါ်လိုက်သည်။
"မင်းမှာ ဝေ့ပေါ် အရန်အကောင့် ရှိနေတာလား"
ထန်ရို့က ထိတ်လန့်သွားသည်။ သူမက သူ ထိုအကြောင်းကြောင့် ဖုန်းခေါ်လာမယ်လို့ မမျှော်လင့်ထားခဲ့ပေ။
"ဘာလို့ မေးတာလဲ"
ရှန်းလျန့်က စိတ်ပျက်သွားတော့သည်၊ "ရှိလား မရှိဘူးလားဆိုတာပဲ ဖြေစမ်းပါ"
"ဘယ်သူက အရန်အကောင့် မသုံးဘဲ နေလို့လဲ... ဒါ ပုံမှန်ပဲဟာ"
"ဒါဆို မင်းမှာတကယ်ပဲ အကောင့်တစ်ခု ရှိနေတာပေါ့... မင်းအရန်အကောင့်မှာ ဘာတွေ ရေးနေတာလဲ..."
ထန်ရို့က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားခဲ့သည်၊ "ဘာမှ မရေးပါဘူး... တစ်ခါတစ်ရံ ဝင်ကြည့်ရုံပါပဲ"
ရှန်းလျန့်: "မင်းကိုယ်တို့အကြောင်းနဲ့ ပတ်သက်တာ ဒါမှမဟုတ် တစ်ခုခု ရေးတင်ခဲ့သေးလား"
"ဘယ်လိုလုပ်..." ထန်ရို့၏ အသံတိတ်သွားခဲ့သည်။
ရှန်းလျန့်က သူမ၏ အသံအနေအထားက တစ်ခုခု မှားနေတာကို သတိထားမိသွားပြီး ဒေါသထွက်လာတော့သည်၊
" အိုင်ဒေါလ်ရဲ့ အချစ်ရေးကို ဖန်တွေ ရှာတွေ့သွားတဲ့အခါ အကျိုးဆက်က ဘယ်လောက်ပြင်းထန်သလဲ ဆိုတာ မင်းသိရဲ့လား... ကိုယ့်အလုပ်ကို ဘယ်လောက်တောင် ထိခိုက်နိုင်မလဲ... မင်းကိုယ့်ကို နားလည်ပေးသင့်တယ်"
"ဘယ်သူပြောတာလဲ... ရှင် ကျွန်မရဲ့ အရန်အကောင့်မှာ ရေးချင်သလို ရေးထားတာတွေ ရှင်တွေ့ ခဲ့လို့လား...ရှင် ကျွန်မကို နည်းနည်းလေးတောင် ယုံကြည်မှု မရှိဘူးလား..."
ထန်ရို့က အက်ကွဲနေသော အသံဖြင့် ပြောလိုက်သည်။
ရှန်းလျန့်သည်လည်း သူ ထန်ချောင်းချောင်းကို အလွန်ဒေါသထွက်နေသောကြောင့် အပြောလွန်သွားကြောင်း ခံစားလိုက်ရသဖြင့် တန့်သွားသည်။
"ကိုယ် စိတ်လိုက်မာန်ပါ ပြောမိသွားတယ်... ဒါပေမယ့် မင်းလည်း သတိထားသင့်တယ်... ရူးကြောင်ကြောင်ကိစ္စတွေ မရေးနဲ့... မင်းကို ရှာတွေ့မှာ မဟုတ်ဘူးလို့ မထင်လိုက်နဲ့... ထန်ချောင်းချောင်းတောင် မင်းရဲ့ အရန်အကောင့်အကြောင်းသိနေတာ... တခြားသူတွေလည်း ရှာတွေ့သွားနိုင်တယ်"
"ဘာ..." ထန်ချောင်းချောင်းက ဘယ်လိုသိသွားတာလဲ။ထိုအရန်အကောင့်ကို သူမက ထန်မိသားစု၏ သမီးအရင်း မဟုတ်မှန်း သိသွားသော အချိန်ကတည်းက ဖွင့်ထားခဲ့ခြင်းဖြစ်သည်။
Xxxxxx