Chapter 14
အမဲသားနှပ်
ထန်အဖေနှင့်အမေက သူမကို အလိုလိုက်ချစ်ခင်နေဆဲ ဖြစ်လျှင်တောင် သူမက သူမဘဝ မလွယ်ကူတော့သလို ခံစားနေရတာကြောင့် ရှန်းလျန့်ကို ခိုင်မြဲစွာ ဖက်တွယ်ထားရပေလိမ့်မည်။ သို့သော်လည်း အိုင်ဒေါလ် တစ်ယောက်အနေဖြင့် သူ၏ အချစ်ရေးကို လွတ်လွတ်လပ်လပ် ထုတ်ပြ၍ မဖြစ်ပေ။ ထို့ကြောင့် သူမက ထိုလှည့်စားမှုလေးကို တွေးမိခဲ့ခြင်း ဖြစ်သည်။
' ထန်ချောင်းချောင်း နင်ထွက်သွားတာတောင်မှ ဘာလို့ နှောင့်ယှက်နေရသေးတာလဲ'
ဟူဟုန်တို့ သားအမိနှစ်ယောက် ထွက်သွားပြီးတော့မှ ထန်ချောင်းချောင်း အပေါ်တက်လာခဲ့တော့သည်။
"ရှင်ကြားလိုက်လား"
သူ့နားတွေက အကောင်းအတိုင်း ရှိနေသေးသည်။
ရှန်းယွဲ့ကတော့ ရေခဲတုံးမျက်နှာ အတိုင်းပင်။ "သူတို့အတွက် ငါ့ရဲ့ အကောင်းစား လက်ဖက်ခြောက်တွေ သုံးရမယ်လို့ မင်းကို ဘယ်သူပြောလိုက်တာလဲ"
ထန်ချောင်းချောင်း: "ကျွန်မက ရှင်မျက်နှာ ပျက်ရမှာ စိုးလို့ပါ.... ပြီးတော့ သူတို့က ရှင့်အမျိုးတွေပဲလေ"
"သူတို့ကို နောက်တစ်ခါကျ ဧည့်ခံစရာ မလိုဘူး"
"ကောင်းပြီလေ... နောက်တစ်ခါကျရင် သူတို့ကို ဂရုမစိုက်ဘဲ ထားလိုက်မယ်" ထန်ချောင်းချောင်းက နာခံစွာပင် ခေါင်းငြိမ့်ပြလိုက်သည်။ သူက သူမကို အကြောင်းသင့် ရှင်းပြလိုက်သည်။
"သခင်မကြီးကလွဲရင် ဘယ်သူ့အတွက်မှ စိတ်ပူစရာမလိုဘူး"
'အိုး.. မိသားစုကြီးမှာ မကျေနပ်ချက်တွေ အများကြီးပါလား'
....
ထန်ချောင်းချောင်းက အသီးအရွက်မျိုးစေ့ တစ်သုတ်ကို အွန်လိုင်းမှ ဝယ်ယူခဲ့ပြီး ခပ်မြန်မြန်ပင် အိမ်အရောက်ပို့လာခဲ့သည်။
ရှန်းယွဲ့က တစ်ခါမှ ဟင်းသီးဟင်းရွက် မစိုက်ဖူးသော်လည်း သူက ထိုအရာများကို ရာသီအလိုက်နှင့် နေရာဒေသအပေါ် မူတည်ပြီး စိုက်ပျိုးရမည်ဖြစ်ကြောင်းတော့ သိလေသည်။ အမျိုးမျိုးသော အသီးအရွက်များက မတူညီသော မြေအမျိုးအစားနှင့် ရေအရည်အသွေးများ လိုအပ်သေးသည်။
သို့သော်လည်း သူအပေါ်ထပ်မှ ကြည့်လိုက်သောအခါ ထန်ချောင်းချောင်းက အဝါရောင် တစ်ဆက်တည်း ဝတ်စုံကို ဝတ်ထားပြီး ကောက်ရိုးဦးထုပ် တစ်လုံးကိုလည်း ဆောင်းထားသေးသည်။ သူမက ပျားပေါက်လေးကဲ့သို့ပင် အသီးအရွက်ခင်းတွင် တစ်ယောက်တည်း ရှေ့နောက် သွားကာ ဘောလုံးလေးသဖွယ် မြေပြင်ပေါ်တွင် တစ်ချိန်လုံး ကျုံ့ကျုံ့ထိုင်နေခဲ့သည်။ သူမက မြေကို ထိုးဆွကာ ရေလောင်းသည်။ သူမက အသီးအရွက် အစေ့များအားလုံးကို သူမဘာသာ စိုက်ရင်း အလုပ်များနေခဲ့သည်။
ရှန်းယွဲ့သည်ကား သူမပြောနေသည့် အစားအသောက်ကုထုံးက အမှိုက်တစ်စသာ ဖြစ်လာမည့်အကြောင်း ပို၍ပင် သေချာလာခဲ့သည်။
အဆုံးတွင် အပင် တစ်ပင် နှစ်ပင်သာ ရှင်သန်နိုင်မည် ဖြစ်လေသည်။
ထန်ချောင်းချောင်းက သူ့အတွေးများကို မသိခဲ့ပေ။ သူမက အစေ့တစ်စေ့ကို စိုက်ပျိုးသည့်အချိန်တိုင်းတွင် သူမကိုယ်ထဲရှိ ဝိဥာဏ်စွမ်းအင်အချို့ကို အစေ့နှင့်အတူ မြေကြီးထဲသို့ ထည့်သွင်းခဲ့သည်။ သူမမျက်လုံးထဲတွင် ဥယျာဥ်ထဲရှိ မြေနေရာတိုင်း၌ သူမ၏ ဝိဥာဏ်စွမ်းအင်ထုများ သိပ်သည်းနေကြလေသည်။
ဥယျာဥ်ထဲတွင် အပင်များစိုက်ပျိုးခြင်းက သူမအစီအစဥ်၏ ပထမသာခြေလှမ်းသာ ဖြစ်လေသည်။
ဗီလာ၏ အနောက်ဘက်တွင် တောင်ကုန်းမြေတစ်ခုရှိနေပြီး ထိုမြေအကုန်လုံးက ရှန်းယွဲ့အပိုင်သာ ဖြစ်သည်။ အချိန်ကျလာ၍ သူမသာ သူ့ကို သူမ၏ နည်းလမ်းက အသုံးဝင်ကြောင်း သက်သေပြနိုင်လာပါက သူမ၏ စိုက်ပျိုးမွေးမြူရေး အစီအစဥ်ကို တိုးချဲ့မည် ဖြစ်သည်။ ထို့နောက်တွင် သူမက ထိုကုန်းမြေတွင် ကြက်များ၊ ဘဲများကိုပါ မွေးမြူမည် ဖြစ်သည်။
အဆုံးတွင် သူမထံ၌ အသီးအရွက်များ၊ အသားများ၊ ဥများ နှင့် မွေးမြူထားသော ကြက်ဘဲများ ပြည့်စုံလုံလောက်လာမည်ပင်။
ထန်ချောင်းချောင်းထံတွင် အနာဂါတ်အတွက်ရည်မှန်းချက်ကောင်းလေး ရှိလာခဲ့လေပြီ။ သူမက ထရပ်ကာ ခန္ဓါကိုယ်ကို အကြောဆန့်လိုက်၏။ သူမက အချိန်အတော်ကြာ ထိုင်နေခဲ့ရပြီး ခြေလက်များလည်း ထုံကျင်နေခဲ့သည်။
သူမက ခေါင်းကို မော့ကြည့်လိုက်ချင်းပင် ဒုတိယထပ်ရှိ ပြင်သစ်ဒီဇိုင်း ပြတင်းပေါက်ခပ်ကျယ်ကျယ် ဘေးမှ အောက်သို့ကြည့်နေသော ရှန်းယွဲ့ကို တွေ့လိုက်ရသည်။ ထို့ကြောင့် သူမလက်ကို အားပါးတရ လွှဲပြလိုက်သည်၊ "ဟိုင်း"
ရှန်းယွဲ့က သူမကို ဗလာအကြည့်တို့ဖြင့် ကြည့်လိုက်ပြီး သူ့ဝှီးချဲကို လှည့်ကာ သူမကို လျစ်လျူရှုလိုက်တော့သည်။
ထန်ချောင်းချောင်း၏ လက်က လေထဲတွင် တန့်သွားရတော့သည်: "... အရင်းရှင်သူဌေးဆိုးကြီးလိုပဲ"
ထန်ချောင်းချောင်းက တစ်နေ့ခင်းလုံး အလုပ်များနေခဲ့ပြီး အလွန် ဗိုက်ဆာနေခဲ့သည်။ ထိုအချိန်မှာ သူမက တစ်ခုခုကို စားချင်လာခဲ့လေသည်။
သူမက ဖန်တွေက သူမကို တိုက်ရိုက်ထုတ်လွှင့်စေချင်ကြောင်း ပြောခဲ့သည်ကို သတိရလိုက်သည်။ ထို့ကြောင့်ပင် သူမက လက်ဆော့ကာ အချိန်အကြာကြီး လေ့လာပြီးနောက် ဝေ့ပေါ် တိုက်ရိုက်ထုတ်လွှင့်မှုကို ဖွင့်လိုက်သည်။
ထန်ချောင်းချောင်းက တိုက်ရိုက်ထုတ်လွှင့်မှုကို မကြေညာထားခဲ့ပေ။ ထို့ကြောင့် အစပိုင်းတွင် ဝင်ကြည့်သူ သိပ်မရှိခဲ့။ သို့သော်လည်း တိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ကြည့်ကြသူများအားလုံး ပထမဆုံး မြင်တွေ့လိုက်ရသည့် ပုံရိပ်သည်ကား ထန်ချောင်းချောင်း၏ မျက်နှာသာ ဖြစ်လေသည်။
အပြစ်ရှာမရတဲ့ မျက်နှာလေး...
သူမမျက်နှာပေါ်တွင် မည်သည်မျှ မလိမ်းခြယ်ထားပေ။ ထို့အပြင် ကင်မရာနှင့်လည်း အလွန်နီးကပ်နေသေးသည်။ သို့သော်လည်း သူမ၏ အသားအရည် ဖွေးဖွေးလေးပေါ်တွင် မည်သည့် အစက်အပျောက်ကိုမှ မတွေ့ခဲ့ရ။ သူမ၏ သဘောကျဖွယ် မျက်လုံးလေးများက ပတ်ပတ်လည် လှိမ့်နေပြီး သူမ၏ ပန်းနုရောင် နှုတ်ခမ်းလေးက ခပ်ဟဟလေး ပွင့်နေကာ သူမ၏ သွားလေးများကို တစ်ပိုင်းတစ်စ ဖော်ပြနေသည်။
[အားးးးးးးးး... ချောင်းချောင်းက တကယ်ကြီး တိုက်ရိုက်လွှင့်တယ်တဲ့... ဖန်တွေ ပျော်လိုက်ကြတော့]
[ဖာ့ခ် ... လှလိုက်တာဟေး... ငါ့နှလုံးသားလေး ထိသွားပြီ]
[ချောင်းချောင်းရဲ့ လက်ဖဝါးအရွယ်ပဲ ရှိတဲ့ မျက်နှာလေးက တန်ဖိုးရှိလိုက်တာ... ငါသာဆို ဖုန်းမျက်နှာပြင်နဲ့ ဆံ့မှာ မဟုတ်ဘူး...
အားကျတယ်... မနာလိုတယ်... မုန်းတယ်]
[filterမပါ မိတ်ကပ်မပါနဲ့ပေါ့... ဘိုင့်]
ထန်ချောင်းချောင်း ကင်မရာကို အချိန်အတော်ကြာ ချိန်ညှိနေခဲ့ပြီးနောက် နောက်ဆုံးတွင် နံရံကပ်စင်လေးပေါ်တွင် ဖုန်းကို တပ်ဆင်ထားလိုက်ကာ တိုက်ရိုက်ထုတ်လွှင့်မှုမှ မှတ်ချက်များကို တွေ့လိုက်ရသည်။
"မကြာခင် လူတွေ များလာတော့မှာပါ"
သူမက သူမနားများကို ကိုင်လိုက်ပြီး ပြုံးပြလိုက်သည်၊ "ဖန်တစ်ချို့က ကျွန်မ ဟင်းချက်တာကို တိုက်ရိုက်လွှင့်ပေးပါလို့ ပြောကြလို့လေ... ဒါကြောင့် ဒီနေ့စမ်းကြည့်မလို့... ကင်မရာချိန်ထားတာ သိပ်တော့မကောင်းဘူး... ရှင်တို့မကြိုက်တာမျိုး မရှိရင်တော့ ကြည့်ပေးကြပါ"
[မကြိုက်တာ မရှိဘူး... မကြိုက်တာ မရှိဘူး
.. ဘယ်လိုပဲ ဖြစ်ဖြစ် ရိုက်သာရိုက်]
[ချောင်းချောင်းက ဒီနေ့ ဘယ်လို အစားအစာမျိုး လုပ်ပြမှာလဲ... တရုတ်စာလား... အနောက်တိုင်းလား]
ထန်ချောင်းချောင်းက အေပရွန်ကို ဝတ်ပြီး လက်များကို ဆေးကြောကာ ယနေ့ည ချက်ပြုတ်မည့် ပါဝင်ပစ္စည်းများကို ထုတ်လိုက်သည်။
"ဒီနေ့ ကျွန်မလုပ်ပြမှာကတော့ အမဲသားနှပ်နဲ့ ပုစွန်အစပ်ပါ... သူတို့နှစ်မျိုးလုံးက ညစာအတွက် အဆင်ပြေတယ်"
ထန်ချောင်းချောင်းက အသားကောင်းသည့် အမဲသား ခြေထောက်ပိုင်းကို ထုတ်လိုက်သည်။ ထိုအသားက နူးညံ့ကာ အရွတ်လည်းနည်းလေသည်။
သူမက အမဲသားကို ရေဖြင့်ဆေးကြောလိုက်ပြီး အလွှာပါးပါးလေးများအဖြစ် လွှာလိုက်သည်။ အရသာအတွက် ဆား၊ ဟင်းချက်ဝိုင်၊ ကစီဓါတ်တို့ကို အသားနူးသွားစေရန်အတွက် ထည့်လိုက်သည်။
ထန်ချောင်းချောင်းက ကင်မရာကို ကောင်တာမှ ချိန်ထားသောကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုမှ ကြည့်ရှုသူများက အမဲသားကို ညင်သာစွာဖြင့် ခပ်ဖြည်းဖြည်းနယ်နေသော ဖြူဖွေးပြီး သွယ်လျနေသော လက်တစ်စုံကို တွေ့နေရသည်။ သူမ၏ အင်္ကျီလက်များကို ပင့်တင်ထားပြီး သူမ၏ ပေါ်ထွက်နေသော လက်ကောက်ဝတ်လေးများက အချိုးညီကာ မျက်စိမလွဲချင်စရာပင်။
သင်ထားသော ဆလတ်ရွက်များနှင့် ပဲပင်ပေါက်များကို ပန်းကန်လုံးအောက်ခြေတွင် စီစီရီရီ ဖြန့်ခင်းထားသည်။
သူမက ဒယ်အိုးထဲတွင် ဆီပူကို ထည့်ကာ ကြက်သွန်နီ၊ ဂျင်းနှင့် ကြက်သွန်ဖြူတို့ဖြင့် ဆီသတ်ပြီး ပဲအနှစ်နှင့် ငရုတ်သီးခြောက်များကို ချက်လိုက်သည်။ ငရုတ်သီး၏ ခပ်စပ်စပ်အရသာက ရုတ်တရက်ပင် သူမ၏ နှာခေါင်းထိပ်သို့ တိုးဝင်လာကြပြီး ထန်ရှောင်းရှောင်း ပို၍ပင် ဗိုက်ဆာလာရတော့သည်။
ထို့နောက် သူမက ဆူပွက်နေသော ဆီအနှစ်ကို လောင်းချလိုက်ကာ မီးဖိုကို အရှိန်လျှော့လိုက်ပြီး လှီးထားသော အမဲသားများကို အိုးအတွင်းသို့ ဖြန့်ခင်းလိုက်သည်။ အမဲသားက အလွန်နူးညံ့သောကြောင့် တစ်ဖက်တွင် အရောင်ပြောင်းပြီးသွားသည်နှင့် ဆယ်ယူလိုက်တော့သည်။ သူမက ထိုအမဲသားကို အသီးအရွက်များထည့်ထားသော ပန်းကန်လုံးထဲသို့ လောင်းထည့်လိုက်သည်။
ထန်ချောင်းချောင်းက ငရုတ်ကောင်းစေ့အနည်းငယ်နှင့် ငရုတ်သီးမှုန့်တို့ကို ယူလိုကြပြီး အမဲသားပေါ်တွင် ဖြူးလိုက်သည်။ နောက်ဆုံးတွင် တရှဲရှဲ မြည်နေသော ဆီပူကို လောင်းထည့်လိုက်လေသည်။
[အရောင်နဲ့အနံ့က စားချင်စဖွယ်လေး... အစပ်အရသာလေးတောင် အနံ့ရလာသလိုပဲ... စားချင်လိုက်တာဟယ်]
[ငါပထမဆုံးအကြိမ်အဖြစ် အမဲနှပ်မှာထားတယ်... နောက်မှ ချောင်းချောင်းနဲ့ အတူတူစားရမယ်]
[အပေါ်ထပ်က မန့်တဲ့သူက ဥာဏ်ကောင်းလိုက်တာနော်... ငါလည်း အပြင်ကမှာစားဖို့ အချိန်ရှိသေးတယ်]
ထန်ချောင်းချောင်းက သူမ၏ အမဲသားနှပ်ကို ကင်မရာအနီးသို့ တိုးပြလိုက်ပြီး သူမက တူကို ကိုင်ကာ အမဲသားနှပ်တစ်ဖတ်ကို သူမပါးစပ်ထဲသို့ ထည့်လိုက်သည်။
"အမဲသားက အိပြီး နူးနေပြီ... ပြီးတော့ အစပ်အရသာ ပြင်းပြင်းကို မရပ်မနား ရနေတယ်... ဒီတစ်ခါတော့ ထမင်းတစ်ပန်ကန်လောက် လိုလာပြီ" ထန်ချောင်းချောင်းက စားနေရင်းပင် တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသော ဖန်များကို ရှင်းပြနေသည်။
ဖန်များက လောဘတကြီး သွားရည်ကျနေကြချိန်တွင် ထန်ချောင်းချောင်းက သူမလည်ပင်းကို ကိုင်ကာ ချောင်းထဆိုးတော့သည်။
[ဘာဖြစ်တာလဲ... ဘာလို့ ချောင်းဆိုးနေတာလဲ]
[ချောင်းချောင်း ဖြည်းဖြည်းစားလေ.. ရေမြန်မြန်သောက်လိုက်]
[မြန်မြန် Heimlich Maneuver လုပ်လေ]
[T/N အစာနင်ရင် အနောက်ကနေ လူတစ်ယောက်က ပွေ့ပြီး နင်တဲ့အစာ ပြန်ထုတ်အောင် လုပ်တာပါ]
....
ရှက်စရာကောင်းစွာပင် သူမ၏ လည်ချောင်းထဲ၌ ငရုတ်ကောင်းစေ့အခွံ ကပ်နေခဲ့လေသည်။
သင့်လည်ပင်းမှာ ငရုတ်ကောင်းစေ့အခွံ ကပ်နေသည်ထက် ပို၍ နေရခက်သည့်အချိန် ရှိနိုင်ပါသလား။
အဟုတ်ပင် ငရုတ်ကောင်းစေ့အခွံတစ်ဝက်က သင့်လည်ချောင်းတွင် ကပ်နေသည့်အချိန်တွင် ဖြစ်သည်။
ငရုတ်ကောင်းစေ့အခွံက လျှာအရင်းအောက်ခြေတွင် ရှိနေပြီး ကင်းမွန်၏ လက်တံများကဲ့သို့ တင်းတင်းကြပ်ကြပ် ကပ်တွယ်နေသည်။ ထိုအရာက လည်ချောင်းတွင်ငါးအရိုးစူးသကဲ့သို့ မနာကျင်သော်လည်း ပြင်ပအရာတစ်ခု၏ တည်ရှိမှု အကြွင်းအကျန်လို အောင့်သက်သက် ဖြစ်နေသည်။
နှာချေချင်သော်လည်း နှာမချေထုတ်နိုင်ပေ။ အလွန်နေရခက်သော်လည်း အကူအညီမဲ့နေရသည်။
ကြည့်ရှုသူများ ထန်ချောင်းချောင်း ငရုတ်ကောင်းစေ့အခွံ နင်နေသည်ကို သိလိုက်သောအခါ တိုက်ရိုက်ထုတ်လွှင့်မှုရှိ လူထုကြီးက တစ်ခဏမျှ တိတ်ဆိတ်သွားပြီးနောက် တက်ကြွလှုပ်ရှားလာသော "ဟားဟားဟား" ဟူသည့် စကားလုံးကသာ ဖုန်းမျက်နှာပြင်ကို ကျော်၍ ပေါ်ထွက်လာတော့သည်။
[ဟားဟား... ထန်ချောင်းချောင်းရဲ့ ပထမဆုံး တိုက်ရိုက်ထုတ်လွှင့်မှုမှာ ဂန္တဝင်မြောက် ကျရှုံးမှုကြီးပဲဟေ့... သူ့ရဲ့ ကျရှုံးမှု အကြောင်းအရင်းကလည်း ရယ်စရာ ကောင်းချက်ပဲ]
[ငါလည်း ထပ်တူခံစားရပါတယ်... တစ်ခါတုန်းကလည်း ငါ့လည်ချောင်းထဲ ငရုတ်ကောင်းစေ့အခွံ တစ်လလောက်ကပ်နေခဲ့တာ]
[ချောင်းချောင်း... နားထောင်... ထမင်းတစ်လုတ်လောက် မြန်မြန်လေး မျှိုချလိုက်... မျှိုချလိုက်]
[အသုံးမဝင်ဘူး... ငရုတ်ကောင်းစေ့အခွံက သေးလွန်းတယ်... မင်းလည်ချောင်း တုန်ခါသွားအောင် "ဟေးထူ" လို့ပြောကြည့်... ဒီနည်းလမ်းက ထိရောက်တယ်]
[အလုပ်မဖြစ်ရင် ဆေးရုံသာ ပြေးပေတော့... အချိန်ကြာရင် မင်းမျက်နှာကြီး နီလာတော့မှာ (ငါမရယ်ဘူးလို့ ကတိပေးတယ် ဟားဟားဟား)]
ထန်ချောင်းချောင်းက မှတ်ချက်များကို ဖတ်ကာ မျက်မှောင်ကြုပ်လိုက်သည်။ ထို့နောက်တွင် ကြည့်ရှုသူများက သူမ ထမင်းတစ်ပန်းကန်မျှိုချလိုက်သည်ကို တွေ့လိုက်ရပြီး ထို့နောက်တွင် ရေတစ်ခွက် သောက်လိုက်သည့်နောက် ခေါင်းကို အပေါ်နှင့်အောက် ခါယမ်းလိုက်သော်လည်း ငရုတ်ကောင်းစေ့အခွံက ကျမသွားသည်ကို တွေ့လိုက်ရသည်။ ဆန့်ကျင်ဘက်အနေဖြင့် သူမ၏ မျက်နှာသေးသေးလေးက နီရဲလာကာ မျက်လုံးများကလည်း ရဲလာပြီး မျက်ရည်များသာ ကျလာတော့သည့်အတွက် တော်တော်လေး သနားစရာ ကောင်းပုံပေါ်သွားသည်။
ထန်ချောင်းချောင်း မျက်ရည်မကျဘဲ ငိုချင်လာရတော့သည်၊ "တစ်ခြား နည်းလမ်းရှိသေးလား"
သူမက ပထမဆုံးအကြိမ်အဖြစ် သူမ၏ ချက်ပြုတ်မှုကို တိုက်ရိုက်ထုတ်လွှင့်၍ ကျော့ရှင်းသော မိန်းကလေး ပုံရိပ်ကို ပြချင်ခဲ့သည်။ ဘာလို့ ဒီလိုတွေ ဖြစ်သွားရတာလဲ... သူမကို ပို၍ ရှက်သွားစေရသည်ကား ထိုကိစ္စ ပြီးနောက် တိုက်ရိုက် ထုတ်လွှင့်မှုတွင် ပြနေသည့်အရာမှာ
[ရှောင်ရှောင်က ရွှေဒင်္ဂါးတစ်ပြား ဆုချပါသည်]
[ပျင်းနေတဲ့ သိုးကလေးက မီးရှူးမီးပန်းများ လက်အပြည့် ဆုချပါသည်]
[ချောင်းချောင်းရဲ့ ဟင်းပွဲတွေ စားချင်တဲ့ လန်ကာလေးက အသဲ အခု50 ဆုချပါသည်]
ထန်ချောင်းချောင်း: '...ကြည့်ရှုသူတွေက တကယ် အဆိပ်ပြင်းတာပဲ'
Xxxxxxxx