Chapter 15
မြေခွေးမအဖြစ် သရုပ်ဆောင်ခြင်း
လန်ကာက ထန်ချောင်းချောင်း တိုက်ရိုက်ထုတ်လွှင့်မှု စကတည်းက ဝင်ကြည့်နေခဲ့တာ ဖြစ်သည်။ သူမက ထန်ချောင်းချောင်း တစ်ယောက် ဟင်းပွဲများ ချက်ပြုတ်ပြီး ပြင်ဆင်သည်ကို ကြည့်ချင်ခဲ့သည်။ သို့သော်လည်း သူမ မထင်ထားသည်က ထန်ချောင်းချောင်း၏ ဂန္တဝင် ကျရှုံးမှုကြီးကို မျက်မြင်တွေ့လိုက်ရမည်ဟုပင်။
သူမက ထန်ချောင်းချောင်းကို ဆုချနေစဥ်တွင် ဗွီဒီယိုတစ်ခုကို ခပ်မြန်မြန် တည်းဖြတ်ကာ ဝေ့ပေါ်တွင် တင်လိုက်သည်: [ မြန်မြန်လေး ထန်ချောင်းချောင်းရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို သွားကြည့်လိုက်... ငါရယ်ရလွန်းလို့ သေတော့မလိုပဲ... ထန်ချောင်းချောင်းက သူ့လည်ချောင်းထဲက ငရုတ်ကောင်းစေ့အခွံကို ထုတ်ဖို့ နည်းလမ်းပေါင်းတစ်ရာလောက် သုံးပြီး ဖျော်ဖြေနေတယ်... သူက ရူးမိုက်မိုက် မင်းသမီး တစ်လက် ဖြစ်လာတော့မလားပဲ]
လန်ကာ၏ ဝေ့ပေါ် တက်လာလာချင်းပင် ထန်ချောင်းချောင်း၏ တိုက်ရိုက်ထုတ်လွှင့်မှုသည် ရုတ်တရက် ကြည့်ရှုသူများစွာဖြင့် နစ်မြုပ်သွားသည်။ ကြည့်ရှုသူ အရေအတွက်မှာ အစပိုင်းတွင် ရာဂဏန်းသာ ရှိခဲ့ရာမှ ထောင်ပေါင်းများစွာအထိ တက်သွားခဲ့ပြီး ယခုထိ မြင့်တက်နေဆဲပင်။
[ငါရောက်လာပြီ... ချောင်းချောင်း သူ့ရဲ့ ငရုတ်ကောင်းစေ့အခွံကို ထုတ်ပြီးပြီလား]
[ရှုခင်းကြည့် ခရီးလေး စတင်ပါပြီ]
[ကြည့်... ထန်ချောင်းချောင်း သူ့လည်ပင်းထဲ ငရုတ်ကောင်းစေ့အခွံကပ်နေသည် ဆိုတာကြီးက သတင်းခေါင်းစဥ်ကြီး ဖြစ်ပြီ]
[ရယ်ရင်းနဲ့ ငိုနေပါပြီ... ငါ့အိုင်ဒေါလ်မှာ သတင်းခေါင်းစဥ်ကြီးမှာ ပါလာဖို့ ထူးဆန်းတဲ့ နည်းလမ်းတွေရှိတာပဲ]
'သွားပြီ... လူတိုင်းရယ်နေကြပြီ'
ထန်ချောင်းချောင်းမှာ ဝေ့ပေါ်က သတင်းခေါင်းစဥ်တွေကို ဖွင့်မကြည့်ရဲပေ။ သူမ ဖန်တီးရန် ရည်ရွယ်ထားသည့် ချစ်စရာကောင်းပြီး နှစ်လိုဖွယ် မိန်းကလေးပုံရိပ် သည်လည်း ကျဆုံးသွားရလေပြီ။
"မင်း ဘာတွေ လုပ်နေတာလဲ"
ထန်ချောင်းချောင်း သက်ပြင်းချလိုက်လိုက်ချင်း ရှန်းယွဲ့က ဝှီးချဲဖြင့် ရောက်လာခဲ့ပြီး မီးဖိုချောင်တံခါးဝတွင် ရပ်လိုက်သည်။
ကံမကောင်းစွာဖြင့် သူ့အသံက မကျယ်သဖြင့် ဖုန်းထဲတွင် မပါခဲ့ပေ။
ထန်ချောင်းချောင်းက ကြည့်ရှုသူများကို ပြောလိုက်သည်၊ " ကျွန်မ ငရုတ်ကောင်းစေ့အခွံ ထုတ်ဖို့နည်းလမ်း သွားရှာမလို့..
ဒါကြောင့် ဒီနေ့ တိုက်ရိုက်ထုတ်လွှင့်တာကို ဒီလောက်နဲ့ပဲ ရပ်လိုက်ပါတော့မယ်... ဘိုင့်" သူမစကားပြောပြီးသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုကို ခပ်မြန်မြန် ပိတ်လိုက်သည်။
ရှန်းယွဲ့က မျင်မှောင်ကြုပ်လျက်သားဖြင့် ဝှီးချဲကို ရွှေ့လာရင်း အနားရောက်လာခဲ့သည်၊ "အချိန်တွေ ဒီလောက်ကြာနေတာကို ဘာလို့ ညစာက အဆင်သင့် မဖြစ်သေးတာလဲ"
ထန်ချောင်းချောင်း မျက်ခုံးကို ပင့်လိုက်သည်၊ " ကျွန်မ လည်ချောင်းထဲ ငရုတ်ကောင်းစေ့အခွံ ကပ်နေလို့"
"တုံးလိုက်တာ" ရှန်းယွဲ့က သက်ပြင်းချလိုက်သည်။
ထန်ချောင်းချောင်းက စိတ်ဒုက္ခရောက်နေရတော့သည်၊ "မတော်တဆပါ... ရှင့်လည်ချောင်းမှာ ငရုတ်ကောင်းစေ့အခွံ မကပ်ဖူးရင်တောင် ငါးအရိုးတော့ စူးဖူးမှာပဲ"
ရှန်းယွဲ့ "မဟုတ်ဘူး... ငါ အရိုးပါတဲ့ငါး မစားဖူးဘူး"
ထန်ချောင်းချောင်း "အရိုးမပါတဲ့ငါးစားရတာ အသက်မပါဘူး"
ရှန်းယွဲ့ "အရိုးမပါတဲ့ငါးက စျေးကြီးတယ်ဆိုတာပဲ သိလား"
ထန်ချောင်းချောင်း: အရမ်းဒေါသထွက်လာပြီနော်...
ရှန်းယွဲ့: "မင်း မသေနိုင်ပါဘူး... ချက်သာချက်စမ်းပါ"
ထန်ချောင်းချောင်းက ဒေါတတကြီး ပြောလိုက်သည်၊ "ကျွန်မအခု ဟင်းချက်နိုင်မဲ့ စိတ်အခြေအနေ မဟုတ်ဘူး... အခု အမဲနှပ်ပဲ လုပ်ရသေးတယ်... ဒါပေမယ့် အစက ပုစွန်အစပ်ဟင်းပါ လုပ်မလို့ပဲ"
'ပုစွန်အစပ်ဟင်းလား'
ဝှီးချဲဘီးကို လှိမ့်နေသော ရှန်းယွဲ့၏ လက်များ ရပ်တန့်သွားသည်။ သူက သူ့ရှေ့မှ အမျိုးသမီးကို တိတ်တဆိတ် စိုက်ကြည့်လိုက်သည်။
"မင်းပါးစပ်ကို ဟလိုက်... ငါကြည့်ပေးမယ်" ထန်ချောင်းချောင်းက ချက်ချင်းပင် ရှန်းယွဲ့ရှေ့တွင် ထိုင်ချလိုက်ပြီး ခေါင်းကိုမော့ကာ သူမပါးစပ်ကို ကျယ်ကျယ်ဟပေးလိုက်သည်၊ "အာ..."
ရှန်းယွဲ့က သူမ၏ နာခံနေပုံလေးကို ကြည့်လိုက်သည်။ သူက စက္ကန့်အနည်းငယ်မျှ ရပ်သွားပြီးနောက် ဝှီးချဲကို သူမဆီ လှိမ့်လာခဲ့သည်။
ထိုအမျိုးသမီးလေးက မျက်လုံးများကို တင်းတင်းပိတ်ထားပြီး သူမ၏ မျက်တောင်ရှည်များက အနည်းငယ် တုန်ယင်နေကြသည်။
အမှန်တကယ်တွင် သူအရာအားလုံးကို မမြင်နိုင်ခဲ့ပေ။ သူမ၏ လည်ချောင်းထဲတွင် သူမ၏ ပန်းနုရောင် လျှာသေးသေးလေးနှင့် ညီညာနေသော သွားတန်းလေးကိုသာ မြင်လိုက်ရသည်။
ပြီးတော့ သူမ၏ ခန္ဓါကိုယ်ပေါ်မှ ချိုမြသော မက်မွန်ပန်းရနံ့လေးကိုပင်။
ထန်ချောင်းချောင်းက မည်သည်က မှားယွင်းနေသည်ကို မသိတော့ပါချေ။ သို့သော်လည်း ထိုယောကျ်ား၏ အသက်ရှူသံက သူမနားကို ရုတ်တရက် ကပ်လာသောအခါတွင် သူမ၏ မျက်နှာက အနည်းငယ်ပူလောင်လာသလို ခံစားလိုက်ရသည်။
အန်တီဝမ်က ယခုအချိန်က 7နာရီကျော်နေပြီ ဖြစ်သော်လည်း ထန်ချောင်းချောင်းက အခုထိ ချက်ပြုတ်၍ မပြီးသေးကြောင်း တွေ့လိုက်ရသဖြင့် သူမက အကူအညီလိုနေသည်လားဟု တွေးမိလိုက်သည်။ သူမ မီးဖိုချောင်တံခါးဝကို ရောက်ရောက်ချင်းတွင် ရှန်းယွဲ့၏ ဝှီးချဲကို မြင်လိုက်ရလေသည်။
ဆရာက တကယ်ကြီး သူ့ဘာသာသူ ဆင်းလာပြီး မီးဖိုထဲကို ရောက်လာတယ်...
အန်တီဝမ်၏ အမြင်တွင် ရှန်းယွဲ့က သူ့ရှေ့တွင် ထိုင်ချနေသော လူတစ်ယောက်ဘက်ကို မျက်နှာမူနေသည်။ ထိုသူမှာ သူ့ဇနီးမှလွဲ၍ အခြားသူဟု အထင်မှားဖွယ် အကြောင်းမရှိပေ။
'သူတို့ ဘာတွေလုပ်နေကြတာလဲ...'
ထန်ချောင်းချောင်း၏ မျက်နှာကို သူမခင်ပွန်းသည်က အပြည့်အဝ ပိတ်ဆို့ထားပြီး သူမ၏ ခေါင်းကလည်း ဘယ်မှညာ ယိမ်းနေသည်။
အန်တီဝမ် ရှက်သွေးဖြာသွားရတော့သည်။ သူမက ဆရာနှင့် မဒမ်တို့ တစ်နေ့တာ မကုန်ခင် အချိန်တွင်ပင် မီးဖိုချောင်ထဲတွင် ထိုကဲ့သို့ ပျော်စရာကိစ္စမျိုး ပြုလုပ်နေကြမည်ဟု မမျှော်လင့်ထားခဲ့ပေ။
သူမက ပြုံးရယ်နေရင်းပင် ကိုယ်ရှိန်သပ်ကာ လှည့်လိုက်ပြီး ထွက်သွားတော့သည်။ သူမက ထိုငယ်ရွယ်သော စုံတွဲ ချစ်ခင်ကြင်နာနေကြသည်ကို အနှောင့်အယှက် မပေးသင့်ပေ။
ထန်ချောင်းချောင်းက သူမမျက်လုံးများကို ပိတ်ထားပြီး အချိန်အတော်ကြာ စောင့်နေခဲ့သော်လည်း မည်သည့်လှုပ်ရှားမှုမျှ မရှိခဲ့ပေ။ ထို့ကြောင့် သူမက မေးလိုက်သည်၊ "ရှင်တွေ့ပြီလား... လည်ချောင်းအပေါ်လေးတင်လေ"
"မတွေ့ဘူး" ရှန်းယွဲ့က ရုတ်တရက်ပင် ခပ်မတ်မတ် ပြန်ထိုင်ကာ သူ့ဝှီးချဲကိုလည်း အနောက်ဆုတ်လိုက်သည်။
ထန်ချောင်းချောင်းက သူ့ဝှီးချဲပေါ်တွင် လက်တင်ထားခဲ့သောကြောင့် သူရုတ်တရက် နောက်ဆုတ်လိုက်သောအခါ သူမတစ်ကိုယ်လုံး ယိုင်သွားပြီး ကြမ်းပြင်ပေါ်သို့ လဲကျသွားတော့သည်။
ပနံသင့်နေသော လေထုက အစအနပင်မရှိတော့ဘဲ ပျောက်ကွယ်သွားတော့သည်။
ထန်ချောင်းချောင်းက မကျေမနပ်ပြောလိုက်သည်၊ "မတွေ့ရင်လည်း မတွေ့ဘူးလို့ ပြောပေါ့... ဘာလို့ရုတ်တရက် နောက်ဆုတ်လိုက်တာလဲ..."
"မင်းပါးစပ်က နံလို့"
"အဓိပ္ပါယ် မရှိတာ... နတ်သမီးတွေရဲ့ ပါးစပ်က ဘယ်လိုလုပ် နံမှာလဲ..." ထန်ချောင်းချောင်းက ဒေါသတကြီး ထခုန်မိတော့မလိုပင်။ "အိုး... နေအုံး"
"အဟွတ် အဟွတ် အဟွတ်..." သူမက တစ်ခဏလောက် ချောင်းဆိုးနေခဲ့ပြီးနောက် ဝမ်းသာအားရ ပြောလိုက်သည်၊ "ကျသွားပြီ... ငရုတ်ကောင်းစေ့အခွံကို မျိုချလိုက်ပြီ"
ရှန်းယွဲ့၏ နှုတ်ခမ်းများက အနည်းငယ် တွန့်ကွေးသွားခဲ့သည်၊ "အားလုံး ငါ့ကျေးဇူးကြောင့်ပဲ... ဒါပေမယ့် မင်းငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး... အရိုးမပါတဲ့ ငါးဟင်းတစ်ပွဲသာ ထပ်ချက်ပေး"
"ရှင့်မှာလည်း အရှက်မဲ့တဲ့ ဘက်ခြမ်းရှိတယ်ဆိုတာ သိသွားပြီ"
အဆုံးတွင် ထန်ချောင်းချောင်းက ပုစွန်အစပ်ဟင်းအပြင် ငါးအသားလုံးစွပ်ပြုတ်ကိုပါ လုပ်ပေးခဲ့သည်။ ငါးအသားကို အလုံးစုံ နူးညံ့သွားသည်အထိ ထုထောင်းထားသဖြင့် အရသာက ချောမွေ့ပြီး နူးအိနေသည်။ သေချာပေါက်ကတော့ ငါးအသားလုံးစွပ်ပြုတ်တစ်ပွဲက ရှန်းယွဲ့၏ အစာအိမ်အတွင်းသာ များများ ဝင်သွားခဲ့ခြင်း ဖြစ်ပေသည်။
........
"ကျွန်မသရုပ်ဆောင်ရမဲ့ နေရာရှိတယ်တဲ့လား"
ထန်ချောင်းချောင်းက သူမမှာ အမှန်တကယ်ပင် ဇာတ်ညွှန်းတစ်ခု ရှိလာသည့်အကြောင်း သိလိုက်ရပြီးနောက် ရှင်းမပြနိုင်အောင်ပင် စိတ်လှုပ်ရှားသွားရသည်။ မူလကိုယ်က ပွဲဦးထွက်စကတည်းက နေရာတစ်ခုမှာမှ သရုပ်မဆောင်ခဲ့ဖူးပေ။
အစ်ကိုချမ်သည်လည်း သူ၏ စိတ်လှုပ်ရှားမှုကို ဖုံးကွယ်မနေတော့ပေ။ ထန်ချောင်းချောင်းက သူ့လက်ထဲတွင် နှစ်နှစ်နေခဲ့ပြီး လူတိုင်းက သူမကို အမှိုက်တစ်စဟုသာ တွေးခဲ့ကြသည်။ ရလဒ်အနေဖြင့် သူမ၏ ငရုတ်ကောင်းစေ့အခွံ လည်ချောင်းတွင်ကပ်နေခဲ့သည့် တိုက်ရိုက်ထုတ်လွှင့်မှုက ရေပန်းစားသော သတင်းတစ်ခု ဖြစ်လာခဲ့ပြီး ပိုများသော အသိအမှတ်ပြုမှုများ သူ့ထံသို့ ရောက်လာခဲ့သည်။
"ဒါက အွန်လိုင်းဒရာမာမှာ ဖြတ်လျှောက်လောက်ပဲ ဆိုပေမယ့် မင်းရဲ့ သရုပ်ဆောင်လမ်းကြောင်းအတွက် စမှတ်တစ်ခု ဖြစ်လာမှာပဲ... အနာဂါတ်မှာ မင်းက အောင်မြင်တဲ့ ဒရာမာကားတွေ ရိုက်နိုင်လာပြီးတော့ အကောင်းဆုံး သရုပ်ဆောင်ဆုရပြီး ဘုရင်မတစ်ဆူ ဖြစ်လာလိမ့်မယ်"
အကိုချမ်က ထပ်ပြီး ဝင့်ကြွားနေလေပြီ။
ထန်ချောင်းချောင်း: "ကျွန်မကတော့ ရုပ်ရှင်ဘုရင်မ ဖြစ်လာဖို့ စိတ်ကူးမထားပါဘူး... လူတွေ ကျွန်မကို သဘောကျနေသ၍ လုံလောက်ပါပြီ"
"ဟုတ်တယ်... ဒါက အနာဂါတ်မှာ သတင်းထောက်တွေ မင်းကို အင်တာဗျူးရင် မင်းပြောသင့်တဲ့စကားပဲ... မင်း အရမ်းတော်တယ်" အစ်ကိုချမ်က ကျေနပ်အားရမှုတို့ဖြင့် ခေါင်းတဆတ်ဆတ်ငြိမ့်လိုက်သည်။ ထန်ချောင်းချောင်းက ဥာဏ်ကောင်းတာကို သူအရင်က မသိခဲ့ရပေ။
ထန်ချောင်းချောင်းနှင့် အစ်ကိုချမ်တို့ ရိုက်ကူးရေးလုပ်မည့်ရက်ကို ဆွေးနွေးပြီးသောအခါတွင် ထန်ချောင်းချောင်းက ရှန်းယွဲ့ကို ထိုသတင်းကောင်းအကြောင်း ပြောပြလိုက်သည်။
"ကျွန်မအခု ရုပ်ရှင်ရိုက်ရတော့မယ်... အခု သရုပ်ဆောင် ဖြစ်သွားပြီ"
"ဘယ်လို ဒရာမာလဲ"
အဲ့တာက.... "နတ်ဆိုးဘုရင်ကြီး၏ အချစ်မျိုးဆက်သုံးဆက်" လို့ ခေါ်တာလားပဲ... နတ်လောက ဒရာမာမျိုးလေ... ကျွန်မက နတ်သမီးလား ဒါမှမဟုတ်ရင် အနည်းဆုံး ဘုန်းတော်ကြီးနေရာလောက်တော့ သရုပ်ဆောင်ရမှာပါ" ထို့နောက်တွင် သူမက သူမ၏ ပုံစံ အစစ်အမှန်ဖြင့် သရုပ်ဆောင်နိုင်ပြီ ဖြစ်သည်။
ရှန်းယွဲ့က သူ့အတွေးများအကြောင်း သူမကို မပြောပြခဲ့ပေ။ သူက နာမည်ကြားရုံမျှပင် မည်ကဲ့သို့ အမှိုက်သရိုက် အမျိုးအစားမှန်းကို သိထားပြီးသားပင်။ ဒီလို ဆိုးဆိုးဝါးဝါးတွေမှာ ဘယ်လိုလုပ်ပြီး နေရာကောင်းကောင်းမှာ သရုပ်ဆောင်နိုင်ပါ့မလဲ...
...
...
"ကျွန်မက မြေခွေးမလို သရုပ်ဆောင်ရမှာလား"
ထန်ချောင်းချောင်း အံ့သြသွားရသည်။ မြေခွေးနတ်ဆိုးသည်ကား သူမ၏ မူလကမ္ဘာတွင် မကျော်ကြားသော နတ်မျိုးနွယ် ဖြစ်သည်။ ထိုသူများက အခြားသူများ၏ အဆီအနှစ်များကို စုပ်ယူစားသောက်ရင်း နေထိုင်ကြသည်ကို လူတိုင်းက သိကြလေသည်။
ပရိုဂျူဆာက ရှင်းပြလိုက်သည်၊ "အကြောင်းကတော့ ငါတို့တွေက မင်းဆီမှာ ထူးခြားပြီး ဆွဲဆောင်မှုရှိတဲ့ ညှို့ဓါတ်ရှိတာကို တွေ့ခဲ့ရတယ်... မင်းက ဒီဇာတ်ကောင်နဲ့ တော်တော်လိုက်တယ်"
"ကောင်းပြီလေ... ဒါဆို ကျွန်မ မြန်မြန်လေး မိတ်ကပ်သွားပြင်လိုက်အုံးမယ်" သူမက 'ဆွဲဆောင်မှုရှိပြီး ညှို့ဓါတ်ပြင်းသည့်' မြေခွေးမိစ္ဆာပုံစံကို သရုပ်ဆောင်ရန် ဆန္ဒရှိလေသည်။
ထန်ချောင်းချောင်းက နတ်ဆိုးလောကတွင် အခြေတည်ထားသည့် ထို"နတ်ဆိုးဘုရင်ကြီး၏ အချစ်မျိုးဆက်သုံးဆက်"ဟု ခေါ်သော ဒရာမာမှ အမျိုးသမီး ဇာတ်လိုက်၏ ရှစ်ယောက်မြောက် ညီမအဖြစ် သရုပ်ဆောင်ရမည် ဖြစ်သည်။
ရှစ်ယောက်မြောက် ညီမက အမျိုးသားဇာတ်လိုက်နှင့် အမျိုးသမီးဇာတ်လိုက်တို့ ခံစားချက်များတိုးပွားလာမှုကို မြှင့်တင်ရန်အတွက် အသုံးချပစ္စည်းတစ်ခုကဲ့သို့ သရုပ်ဆောင်ရမည် ဖြစ်သည်။ သူတို့ အဆက်အခဲများနှင့် တွေ့ကြုံရသည့်အခါတိုင်းတွင် သူမက သူတို့ကို ကူညီပေးရန်အတွက် ပေါ်ထွက်လာမည်ဖြစ်လေသည်။
ပထမဆုံရိုက်ချက်တွင် အမျိုးသမီးဇာတ်လိုက်က အမျိုးသားဇာတ်လိုက်အတွက် ကပြဖျော်ဖြေနေသည်။ မြေခွေးနတ်ဆိုးမိသားစုမှ လူများက ပွဲကြည့်သူများသာ။
အမျိုးသမီးဇာတ်လိုက်က အဝါရောင် သားမွှေးများပြည့်နေသော ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက ဘယ်လက်နှင့် ညာလက်ကို ဝှေ့ယမ်းနေပြီး ပိုးဖလံလေးကဲ့သို့ ခုန်ပေါက်နေသည်။
ထန်ချောင်းချောင်းက အမျိုးသားဇာတ်လိုက်ကို လေးစားသွားရသည်။ ထိုသူက တမ်းတမ်းစွဲဖြစ်သော မျက်လုံးများကို ဖော်ပြနေရဆဲပင်။
'သရုပ်ဆောင်ဘဝက မလွယ်ပါလား'
ထန်ချောင်းချောင်းက တံခါးဝအနီးတွင် ထိုင်နေသည်။ သူမက လူတိုင်း၏ မျက်လုံးများက အမျိုးသမီးဇာတ်လိုက်အပေါ်တွင် ရှိနေကြောင်းတွေ့လိုက်ရသဖြင့် သူမအကြည့်များက သူမရှေ့မှ ညစာပန်းကန်ပြားကို ရောက်ရှိသွားသည်။
ကြက်ခြေထောက်ကင်တစ်ချောင်းကို ကိုက်ကြည့်လိုက်ပြီးနောက် ထိုအရာက အကျက်လွန်ပြီး သစ်သားချောင်းကဲ့သို့ ဖြစ်နေလေသည်။ ခရမ်းသီးဟင်းကလည်း ချွဲကျိလွန်းနေသည်။ သခွားသီးများကတော့ မဆိုးရွားဘဲ စပျစ်သီးများက အတော်လေး ချိုသည်။
ထန်ချောင်းချောင်းက တစ်ကိုက်မျှကိုက်ပြီး ကြည့်လိုက်ပြီးနောက် နောက်တစ်ကိုက် ကိုက်စားလိုက်သည်။ သို့သော်လည်း ကင်မရာတစ်ခုက သူမကို ချိန်ရွယ်ထားသည်ကို မသိခဲ့ပေ။
Xxxxxxx