Chapter 5 အခန်း ၅ ကမ္ဘာ့မြေနဂါးကြီး လှည့်လည်နေပြီ
Viewers 106

အခန်း ၅ ကမ္ဘာ့မြေနဂါးကြီး လှည့်လည်နေပြီ

ယခုအချိန်တွင် လူများက အလျင်စလို ထပြေးနေကြပြီး ပရမ်းပတာ ဖြစ်နေကာ အခြေအနေက ရှုပ်ထွေးသွားခဲ့သည်။ တချို့မိဘများက သူတို့၏သားသမီးများကို လိုက်ရှာနေကြပြီး ခေါင်းမပါသော ယင်ကောင်များကဲ့သို့ ဖြစ်နေကြသည်။ ကျိရွှေရှန့်က မျက်မှောင်ကြုတ်ကာ သူ့ကို အေးအေးဆေးဆေး နေခွင့်မပေးသည့် ပြသနာကောင်များကို တစ်ချက်ကြည့်လိုက်သည်။

စူးချင်းကလည်း စည်းလွတ်ဝါးလွတ်ဖြစ်နေသော လူအုပ်ကို တစ်ချက်ကြည့်လိုက်သည်။ လူတစ်ချို့က အထုတ်များကို သယ်ဆောင်ထားပြီး တစ်ချို့က တွန်းလှည်းများနှင့်ဖြစ်ကာ တစ်ချို့က တောင်းများကို ကျောပိုးထားကြသည်။ သူတို့ပုံစံများက ပြောင်းရွှေ့လာကြသူများ သို့မဟုတ် ထွက်ပြေးလာသူများနှင့် ဆင်တူနေသည်။

သို့ရာတွင် ဤလူများက ပိန်ပိန်ပါးပါးနှင့် အဝတ်အစားများ စုတ်ပြဲနေသော သာမန်ဒုက္ခသည်များနှင့် မတူဘဲ သပ်သပ်ရပ်ရပ် ၀တ်စားဆင်ယင်ထားကြပြီး အသားအရေနှင့် ဆံပင်တို့သည်ပင် အလွန်ချောမွေ့နေကြသည်။

စူးချင်းက နောက်သို့ လှည့်ကြည့်လိုက်ပြန်သည်။ ဤသည်က တောင်နှင့် အလွန်နီးကပ်သော လွင်ပြင်တစ်ခု ဖြစ်နေပြီး သူမ မေ့မြောသွားသည့် တောင်ခြေရင်း လုံးဝ မဟုတ်တော့ပေ။

စူးချင်းက ရှောင်ချီလေးကို အသံတိုးတိုးဖြင့် မေးလိုက်သည်။ "ရှောင်ချီ၊  ဒီနေရာက ထောင်ဟွားတောင်နဲ့ ဘယ်လောက်ဝေးလဲ"

ဆယ်လီ” ခုနစ်ယောက်က စိတ်ရှုပ်နေသောအသံဖြင့် ပြန်ဖြေလာသည်။ သူမ မူးမေ့လဲသွားပြီးနောက် သူမက ထောင်ဟွားတောင်နှင့် ဆယ်လီအကွာသို့ အမှန်တကယ် ရောက်နေခဲ့ပြီ ဖြစ်သည်။ စူးချင်းတစ်ယောက် မျက်ခုံးပင့်လိုက်မိသည်။

ငါ ပြန်သွားရဦးမှာလား?

"အစ်မ၊ လှည်းထဲကနေ မထွက်ပါနဲ့!"

စူးချင်း လှမ်းပေါ်မှ ဆင်းခါနီးတွင် ကျိရှောင်ယင်က စိုးရိမ်တကြီး ‌ရောက်လာပြီး သူမကို နောက်သို့ ပြန်ဆွဲခေါ်နေသည်။

ကျိရွှေရှန့်က ရွာသားများ၏ ပစ္စည်းများကို ကူညီထုပ်ပိုးရန် ပြင်ဆင်နေပြီး ထိုအချိန်တွင် သူ့ညီမ၏အော်သံကို ကြားလိုက်ရသည်။ သူက စူးချင်းကို ငုံ့ကြည့်လိုက်သော်လည်း သူမကို မတားခဲ့ပေ။

အခုမှ နိုးလာတာကို သူမက ထွက်သွားချင်နေသေးတယ်။ နိုးပြီ ဆိုမှတော့ သွားချင်တဲ့ဆီကို သွားပေါ့....

ငါ့မှာ လုပ်စရာတွေ ရှိသေးတယ်”

စူးချင်းက ကျိရှောင်ယင်ကို ကျေးဇူးတင်နေမိသော်လည်း သူမက အချိန်အကြာကြီး အေးစက်စွာ နေခဲ့ရပြီး သူမ၏နှလုံးသားက ခံစားချက်မဲ့နေပြီ ဖြစ်ကာ "ကျေးဇူးတင်ပါတယ်" ဟူသော စကားကိုပင် မပြောနိုင်တော့ပေ။

စူးချင်းက ထွက်သွားရန် သူမကိုယ်သူမ တွန်းအားပေးနေသည်ကို မြင်လိုက်သောကြောင့် ကျိရှောင်ယင်က စိတ်ပူနေမိပြန်သည်။

အစ်မ၊ ကမ္ဘာမြေနဂါးကြီးက လှည့်တော့မယ်။ ညီမတို့ မြန်မြန်ထွက်သွားရမယ်။ အစ်မမှာ လုပ်စရာ တစ်ခုခုရှိရင်တောင် ဘေးကင်းပြီး ထွက်သွားလည်း နောက်ကျမှာ မဟုတ်ပါဘူး"

သူမ၏စကားကြောင့် စူးချင်းက ကောင်းကင်ကို မော့ကြည့်လိုက်ရာ မူလက ကြည်လင်‌နေသော ကောင်းကင်ကြီးက ယခုအခါတွင် တိမ်မည်းများဖြင့် ဖုံးလွှမ်းနေပြီး ဖြစ်ကာ နေ့မှ ညအဖြစ်သို့ တခဏချင်း ပြောင်းလဲသွားခဲ့သည်။ ကောင်းကင်ကြီး မှောင်မိုက်သွားသည်ကို မြင်လိုက်ရသဖြင့် လူအုပ်ကြီးက ထိတ်လန့်တကြား အော်ဟစ်ငိုယိုနေကြသည်။

ထူထပ်နက်မှောင်သော တိမ်တိုက်များမှ လျှပ်စီးများ လင်းလက်လာပြီး မိုးခြိမ်းသံများ ထွက်ပေါ်လာသည်။ လေပြင်းများ တိုက်လာပြီး မြေကြီးက ပြင်းထန်စွာ လှုပ်ခါနေကာ တောင်ပေါ်မှ ကျောက်တုံးများက မိုးရွာသကဲ့သို့ ပြုတ်ကျလာကြသည်။

စူးချင်းက ကျိရှောင်ယင်ကို အမြန် လှမ်းဆွဲလိုက်ပြီး ဟင်းလင်းပြင်ဖြစ်နေသော နေရာဆီသို့ အသည်းအသန် ထွက်ပြေးတော့သည်။

တောင်နဲ့ဝေးလေလေ ပိုလုံခြုံလေလေပဲ။ တခြားသူတွေကတော့ သူတို့ထိုက်နဲ့ သူတို့ကံပဲ၊ ငါက သူတို့ကို ကယ်တင်ပေးဖို့ စိတ်မဝင်စားဘူး။

"အစ်ကိုကြီး! အစ်ကိုကြီး!”

ကျိရှောင်ယင်က ကျိရွှေရှန့်ကို ရှာမတွေ့သောကြောင့် ထိတ်လန့်တကြား ‌အော်ခေါ်နေသည်။ သူမက ပြေးလွှားနေသော လူအုပ်ထဲသို့ ကျယ်လောင်စွာ အော်ခေါ်နေသော်လည်း သူမအစ်ကိုကြီးကို မတွေ့ရသေးပေ။ သူမက အလွန်စိုးရိမ်နေပြီး သူ့ကို ရှာရန် လူအုပ်ထဲသို့ ပြေးဝင်ချင်နေသော်လည်း စူးချင်းက သူမကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။

ခဏအကြာ တုန်ခါသွားပြီးနောက် မြေပြင်က ငြိမ်သက်သွားခဲ့သည်။ ထိုနောက်တွင်မူ မြေပြင်က လူများကို မျိုချရန် စောင့်နေသော ပါးစပ်ကျယ်ကြီးများကဲ့သို့ အက်ကွဲနေသော တွင်းကြီးများ ဖြစ်ပေါ်နေခဲ့သည်။ တောင်ခြေရင်းတွင် အပျက်အစီးများ ပြည့်နှက်နေပြီး ကျောက်တုံး၊ ကျောက်ခဲများ စုပုံနေကာ အချို့သော ဒုက္ခသည်များက ကျောက်တုံးများ ထိမှန်ခံရပြီး ခေါင်းကွဲသွားကြကာ ဒဏ်ရာမှ သွေးများ ထွက်နေသည်။

ယောက်ျားသားများက လူများကို ကယ်တင်ပြီး ပစ္စည်းများ ထုပ်ပိုးရန် အလုပ်ရှုပ်နေကြချိန်တွင် လှည်းကို ဆွဲလာသော တစ်ကောင်တည်းသော ကျွဲကြီး စိတ်မသက်မသာ ဖြစ်နေပုံဖြင့် အော်ဟစ်မြည်ကျွေးနေသည်။ သို့သော်လည်း ထိုအော်သံက အထိတ်တလန့် ထွက်ပြေးနေသော လူအုပ်ကို မထိုးဖောက်နိုင်ဘဲ ပျောက်ကွယ်နေခဲ့သည်။  နေရာတိုင်းလိုလိုတွင် ငိုကြွေးသံများဖြင့် ပြည့်နှက်နေပြီး ကမောက်ကမ ဖြစ်နေခဲ့သည်။

မိုးခြိမ်းသံက လူတို့၏နှလုံးသားကို ရိုက်ခတ်နေသော ဗုံသံများကဲ့သို့ မရပ်မနား မြည်ဟီးနေသည်။

စူးချင်းက ကျိရှောင်ယင်နှင့်အတူ အဝေးသို့ ပြေးသွားခဲ့ပြီး ပြိုကျလာသော ကျောက်တုံးများက သူမတို့ကို မထိခိုက်ခဲ့သလို သူမတို့ ရပ်နေသည့်နေရာတွင်လည်း အက်ကွဲကြောင်းများ မရှိသောကြောင့် ၎င်းက အတော်လေးလုံခြုံနေသည်။

"အစ်ကိုကြီး! အစ်မချိုးယွဲ့၊ အဘိုးချိုး၊ အ‌ဒေါ်လီ! မင်းတို့ အားလုံးဘယ်မှာလဲ?!" ကျိရှောင်ယင်က လူအုပ်ထဲသို့ လှမ်းအော်နေပြီး သူမက အပြေးအလွှား သွားကာ ကူညီချင်နေသော်လည်း စူးချင်းက သူမကို နောက်ပြန်ဆွဲနေကာ “နောက်ဆက်တွဲ ငလျင်တွေ ရှိနေသေးတယ်။ ဒီမှာပဲ နေ"

သူမ ပြောပြီးသည်နှင့် တပြိုင်နက် မြေပြင်က ယခင်ကထက် ပို၍ပင် ပြင်းထန်စွာ တုန်ခါလာပြန်သည်။

ကျိရှောင်ယင်၏ခြေဖဝါးအောက်တွင် အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်လာပြီး အထိတ်တလန့်အော်ဟစ်သံနှင့်အတူ သူမ ပြုတ်ကျသွားတော့သည်။ စူးချင်းက သူမကို အမြန်ဖမ်းဆွဲထားပြီး အက်ကွဲကြောင်းထဲမှ ပြန်ဆွဲတင်နေသည်။ သူမက သူမ၏အင်အားကို အလွန်အမင်း သုံးစွဲနေရပြီး ကျိုးသွားသော နံရိုးများက နာကျင်လွန်းလှသဖြင့် ဆွဲဆွဲငင်ငင် ညည်းတွားလိုက်မိသည်။ သို့သော်လည်း သူမက ကျိရှောင်ယင်၏လက်ကို မလွှတ်ဘဲ တင်းတင်း ဆုပ်ကိုင်ထားဆဲပင်။

စူးချင်းက သူမကိုယ်သူမ ထူးဆန်းနေကြောင်း အထိတ်တလန့် နားလည်လိုက်ရသည်။ သူမထံတွင် အေးစက်ပြီး စိတ်ခံစားမှုကင်းမဲ့သော ကိုယ်ရည်ကိုယ်သွေး ရှိသော်လည်း ယခုအချိန်တွင် သူမက သူမ တစ်ခါမှ မတွေ့ဖူးသော မိန်းကလေးကို ကယ်တင်ရန် သူမကိုယ်သူမ ဒုက္ခဖြစ်စေခဲ့သည်။

သူမရဲ့ရေအိတ်ကြောင့် ဖြစ်လား? ဒါမှမဟုတ်ရင်တော့ ဒီကောင်မလေးရဲ့သန့်ရှင်းစင်ကြယ်တဲ့ မျက်လုံးလေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ငါ ဒီကလေးမလေးကို မသေစေချင်ဘူး။

ကျိရှောင်ယင်က  လူတစ်ဦးကို အလွယ်တကူ မျိုချနိုင်သည့် အက်ကွဲကြောင်းကြီးကို ကြောက်ရွံ့ထိတ်လန့်စွာ ပြန်ငုံကြည့်နေသည်။ ထိုနေရာက အောက်ခြေကို မမြင်နိုင်လောက်အောင် နက်နဲလှသည်။

ငါ ပြုတ်ကျသွားရင် ငါ့ အသက်ရှင်နိုင်တော့မှာ မဟုတ်ဘူး။

သူမက စူးချင်းကို ကျေးဇူးတင်စွာ ကြည့်နေပြီး "အစ်မ၊ ညီမကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်"

"ရှောင်ယင်၊ မင်း အဆင်ပြေရဲ့လား"

ကျိရွှေရှန့်က ခြေလှမ်းကျယ်ကြီးများဖြင့် ပြေးလာခဲ့သည်။ သူ့ညီမလေး အက်ကွဲကြောင်းထဲသို့  ပြုတ်ကျသွားသည့် မြင်ကွင်းကို သူ မြင်လိုက်ရပြီး သေမတက် ကြောက်လန့်သွားရသည်။ ကံကောင်းထောက်မစွာဖြင့် ထိုအမျိုးသမီးက သူ့ညီမလေးကို ကယ်တင်ပေးခဲ့သည်။ ကျိရွှေရှန့်က ကျေးဇူးတင်နေသော အမူအရာဖြင့် စူးချင်းကို ကြည့်လိုက်သည်။ သူမက နံရိုးနေရာကို ဆုပ်ကိုင်ထားပြီး နာကျင်စွာ ညည်းညူနေသည်ကို မြင်လိုက်ရသောကြောင့် သူမ၏ဒဏ်ရာများကို ပြန်တွေးလိုက်မိသည်။

သူ့ညီမ၏အသက်ကို ကယ်တင်ပေးခဲ့သည့်အတွက် ပြန်ပေးဆပ်ရန် တွေးလိုက်မိသော ကျိရွှေရှန့်က စူးချင်းကို ကြည့်လိုက်ပြီး “ငါ့ရဲ့ညီမလေးကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ မင်းရဲ့ ဒဏ်ရာတွေကို ငါ အကောင်းဆုံး ကုသပေးပါ့မယ်"

စူးချင်းက သူ့ကို အေးစက်စွာ ကြည့်နေပြီး “မလိုဘူး၊ ငါတို့က အတူတူပဲ"

ကျိရှောင်ယင်ကို ပြန်ကြည့်လိုက်သောအခါ သူမ၏အကြည့်များက ကျိရွှေရှန့်ကို ကြည့်နေသည့် အကြည့်များကဲ့သို့  အေးစက်မနေတော့ပဲ အလွန်နူးညံနေခဲ့သည်။

"မိန်းခလေး နောက်မှ ပြန်ဆုံကြမယ်"

စူးချင်းက မတ်တပ်ထရပ်လိုက်ပြီး ထောင်ဟွားတောင်တန်းဆီသို့ လျှောက်သွားလိုက်သည်။ သူမ၏နံရိုးများက သည်းမခံနိုင်လောက်အောင် နာကျင်နေပြီး သူမ ခက်ခက်ခဲခဲ လျှောက်လှမ်းနေရသော်လည်း သူမက ထောင်ဟွားတောင်သို့ မရောက်မည်ကို ပို၍ပင် စိုးရွံ့နေခဲ့သည်။ သူမက အမြဲတမ်း ကြံ့ခိုင်သန်မာသော အခြေအနေဖြင့် နေခဲ့ရသောကြောင့်  ယခုကဲ့သို့ အားနည်းနေသော အခြေအနေကို သူမ သည်းမခံနိုင်ပေ။

 မိန်းခလေး၊ တောင်က ပြိုနေပြီ။ အရမ်းအန္တရာယ်များတယ်”

စူးချင်းက တောင်ပေါ်သို့ ပြန်သွားနေသည်ကို တွေ့လိုက်ရသောကြောင့်  ကျိရွှေရှန့်က လှမ်းအော်လိုက်သည်။ သို့သော် စူးချင်းက နောက်ပြန်မလှည့်ဘဲ ရှေ့သို့သာ တရွေ့ရွေ့ ဆက်လျှောက်သွားခဲ့သည်။

မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာပြီး လူတိုင်း၏ နှလုံးသားများကို တုန်လှုပ်စေခဲ့ကာ မြေပြင်က ပြင်းထန်စွာ တုန်ခါလာပြန်သည်။ စူးချင်းက ဟန်ချက်ပျက်သွားပြီး သူမ၏ဘေးတစ်ဖက်တစ်ချက်မှ မြေပြင်ကလည်း အက်ကွဲသွားခဲ့သည်။ ကျိရွှေရှန့်က ထိုအခြေအနေကို လှမ်းမြင်လိုက်ပြီး အပြေးအလွှား ရောက်သွားကာ စူးချင်းကို အက်ကြောင်းထဲမှ ဆွဲထုတ်လိုက်သည်။ စူးချင်းကတော့ သူမ၏ ဒဏ်ရာဆီမှ ထွက်ပေါ်နေသော နာကျင်မှုများကြောင့် သတိလစ်သွားပြန်သည်။

ကျိရွှေရှန့်လည်း သတိလစ်နေသော စူးချင်းကို တစ်ချက်ကြည့်လိုက်ပြီး သူ့ညီမရှိနေသည့်ဘက်သို့ ပြန်သယ်ရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။ ကျိရှောင်ယင်ကလည်း သေမတက်ကြောက်လန့်နေပြီး သူမ၏အစ်ကိုကြီးက ထိုအစ်မကို ကယ်တင်ခဲ့သည်ကို မြင်လိုက်သောအခါ သူမလည်း အလျင်အမြန် ပြေးသွားခဲ့သည်။ ကျိရွှေရှန့်က စူးချင်းကို သစ်သားတွန်းလှည်းပေါ် ပြန်တင်လိုက်ပြီး သူ့ညီမလေးကို အမိန့်ပေးလိုက်သည်။ "မင်းရဲ့ကောက်ရိုးအင်္ကျီကို မြန်မြန်ဝတ်ပြီး ဝါးခမောက်ကို ဆောင်းထားလိုက်"

သူ့၏မွေးစားဖခင်က ကမ္ဘာ့မြေနဂါး လှည့်လည်ပြီးလျှင် မိုးသည်းထန်စွာ ရွာလိမ့်မည်ဟု  ပြောထားခဲ့သောကြောင့် သူတို့ ထွက်ပြေးလာချိန်တွင် လူတိုင်းက ကောက်ရိုးအင်္ကျီနှင့် ဝါးခမောက်များကို သယ်ဆောင်လာခဲ့ကြသည်။

အားလုံးပဲ ကောက်ရိုးမိုးကာတွေကို ၀တ်ထားကြတော့၊ ဒီနေရာကနေ မြန်မြန်ထွက်သွားရအောင်”

"တာ့နျို၊ ယုံခန်း၊ သူတို့ကို သွားကူညီပေးလိုက်”

ကျိရွှေရှန့်က ဖရိုဖရဲဖြစ်နေသော လူအုပ်ကို လှမ်းအော်လိုက်ပြီး သူ့၏ညီအကိုကောင်း နှစ်ယောက်ကို ကောက်ရိုးမိုးကာအင်္ကျီများ ဝတ်ဆင်စေကာ ပစ္စည်းများထုပ်ပိုးခြင်းတွင် ကူညီပေးရန် အမိန့်ပေးလိုက်သည်။ ထိခိုက်ဒဏ်ရာရသူများကို ရိုးရှင်းသော ပတ်တီးများ ပတ်ထားရန် စေခိုင်းလိုက်သည်။

အချိန်တစ်ခုစာလောက် ရုန်းရင်းဆန်ခတ် ဖြစ်နေပြီးနောက်တွင် လူအုပ်စုကြီးက သူတို့၏ခရီးကို အမြန်ပြန်စတင်လိုက်ကြသည်။ ယခုတကြိမ်တွင် ခရီးက အရင်ကထက် ပိုခက်နေပြီး ပြင်းထန်သော လေပြင်းများကို ရင်ဆိုင်ရသဖြင့် ရှေ့သို့ လျောက်ရန်ပင် ခက်ခဲနေခဲ့သည်။ မိုးကလေး အချိန်မရွေး သည်းထန်စွာ ရွာသွန်းနေပြန်သည်။ ကံကောင်းထောက်မစွာဖြင့် လူတိုင်းက မိကို အကာအကွယ်ပေးနိုင်သည့်ပစ္စည်းများကို ယူဆောင်လာခဲ့ကြသည်။ မဟုတ်လျှင် အကျိုးဆက်ကို မှန်းဆ၍ပင် ရနိုင်တော့မည် မဟုတ်တော့ပေ။ သက်ကြီးရွယ်အိုများ၊ အားနည်းသူများ၊ မကျန်းမာသူများနှင့် မသန်စွမ်းသူများက မိုးမိသွားလျှင် နေမကောင်းဖြစ်မည်မှ သေချာနေခဲ့သည်။

လူတိုင်းတွင် အမိုးအကာများ ရှိနေကြပြီး ကျိရွှေရှန့်သာလျှင် ကောက်ရိုးမိုးကာနှင့် ဝါးခမောက် မဆောင်းထားသော တစ်ဦးတည်သောသူ ဖြစ်သည်။ သူ၏ ကောက်ရိုးမိုးကာနှင့် ဝါးခမောက်ကို သူ့၏ညီမဖြစ်သူက ထိုအမျိုးသမီးကို ဝတ်ဆင်ပေးထားသည်။

မုန်တိုင်းထဲတွင် အချိန်အတော်ကြာ လမ်းလျှောက်နေကြပြီးနောက် သေခြင်းတရားကို ကြောက်ရွံ့နေသော လူများက ပင်ပန်းနွမ်းနယ်မှုကိုပင် မေ့လျော့သွားကြတော့သည်။ မည်သူမှ ပင်ပန်းသည်ဟု မပြောခဲ့သလို မည်သူကမှလည်း အနားမယူချင် ကြတော့ပေ။ မတော်တဆ လဲကျသွားလျှင်တောင် သူတို့က ကုန်းရုန်းထကာ သက်မဲ့အရုပ်များကဲ့သို့ ရှေ့သို့သာ ဆက်လျှောက်နေကြသည်။ သို့သော်လည်း လူတိုင်း၏ မျက်လုံးများတွင် ကြောက်ရွံ့မှုနှင့် စိုးရိမ်မှုများ ပြည့်နှက်နေခဲ့သည်။

သူတို့ ယွိချန်(ယွိမြို့)သို့ ရောက်သောအခါတွင် သူတို့ တွေ့လိုက်ရသော ကြေကွဲဖွယ်မြင်ကွင်းက လူတိုင်းကို ပို၍ပင် ကြောက်လန့်စေခဲ့သည်။ အိမ်များက ပြိုကျနေပြီး မြို့တံခါး မျှော်စင်ပင် ပြိုကျနေခဲ့သည်။ ယွိချန်၏အလံကြီးက ရွှံ့ရေထဲတွင် လဲကျနေကာ ယခင်က ဝံ့ကြွားခဲ့ဖူးသော သူ့၏ဂုဏ်သိက္ခာပင် ပျောက်ဆုံးနေတော့သည်။

မြို့တွင်း မြို့ပြင်မှ လူများစွာ ပြေးလွှားနေကြပြီး မြို့တော်က အော်ဟစ်ငိုကြွေးသံများဖြင့် ပြည့်လျှံနေသည်။ ထွက်ပြေးလာသူတွေ ပိုများလာသော်လည်း ထိုဒုက္ခသည်များက ကျိရွှေရှန့်နှင့် သူ့၏လူစုလောက်တော့ ကောင်းကောင်း မပြင်ဆင်ထားနိုင်ကြပေ။ သူတို့က အခြေခံအားဖြင့် လက်ဗလာနှင့် ထွက်ပေးလာကြရပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အဝတ်များပင် စိုရွှဲနေခဲ့ကြသည်။

✍️✍️✍️