အခန်း ၆ ကြင်နာတက်တာကို ဖယ်ရှားလိုက်တာက
မင်းကိုယ်မင်း အကောင်းဆုံး ကာကွယ်လိုက်တာပဲ (၁)
သဘာဝဘေးဒဏ်ခံရသူ
ပိုများလာကြောင်း ကျိရွှေရှန့်က နားလည်နေခဲ့သည်။ ထောင်ဟွားဝူမှအဖွဲ့က
ကောင်းစွာပြင်ဆင်ထားကြောင်း ထိုလူများက သဘောပေါက်နေကြပြီး အဖွဲ့တစ်ခုလုံးက သူ့နောက်သို့
လိုက်နေကြသည်ကို မြင်နေရသောကြောင့် ထိုလူများကလည်း သူတို့နှင့်အတူ လိုက်ရန်
အသင့်ဖြစ်နေပြီဖြစ်သည်။
ကျိရွှေရှန့်က
မျက်မှောင်ကြုတ်လိုက်ပြီး ရပ်တန့်လိုက်ကာ နောက်သို့ ပြန်လှည့်လိုက်ပြီး အော်ပြောလိုက်သည်။
“တာ့နျို၊ ဘယ်ဘက်ခြမ်းကို ကာကွယ်ဖို့ လူနှစ်ယောက် ခေါ်သွာလိုက်။ ယုံခန်း မင်းက ညာဘက်ခြမ်းကို
ကာကွယ်ဖို့ လူနှစ်ယောက်ကို ခေါ်သွား။ လောင်ချီ မင်းက အနောက်ဘက်ကို ကာကွယ်ထား။ ဘယ်သူကိုမှ
ဝင်ခွင့်မပြုနဲ့၊ မင်းတို့နဲ့အတူ လက်နက်တွေပါ ယူသွားကြ၊ ဖောက်ထွင်းဝင်ဖို့
ကြိုးစားတဲ့သူတိုင်းကို တိုက်ခိုက်ရမယ်”
ကျိရှောင်ယင်က
စိတ်ရှုပ်ထွေးနေပုံဖြင့် သူမ၏အစ်ကိုကို လှမ်းကြည့်နေသည်။ သူတို့အားလုံးက ဓားပြတွေ
မဟုတ်ဘဲ ဘေးဒုက္ခခံရသူတွေလေ၊ အစ်ကိုကြီးက ဘာဖြစ်လို့ သူတို့ကို အဲ့ဒီလိုမျိုး
ဆက်ဆံရတာလဲ?
ကျိရွှေရှန့်က
သူ့ခေါင်းကို နောက်သို့ ပြန်လှည့်ကြည့်လိုက်ရာ သူ့ညီမလေးက စကားပြောရန် ပြင်ဆင်နေပြီးမှ
မပြောဘဲ တုံ့ဆိုင်းနေသည်ကို တွေ့လိုက်ရသည်။ သူ့ညီမလေးက ကြင်နာတက်လွန်းပြီး
အပြစ်ကင်းကာ ရိုးစင်းလွန်းသည်ကို သူ နားလည်နေခဲ့သည်။ သို့သော်လည်း ယခုအချိန်တွင်
ကမ္ဘာကြီးပေါ်မှ လူတချို့၏ယုတ်မာသော သဘာဝနှင့် အန္တရာယ်များကို သူမ သိနိုင်ရန်
အချိန်တန်နေပြီ ဖြစ်သည်။ သူက သူ့ညီမလေးကို ကြည့်ကာ မေးလိုက်သည်။ "ရှောင်ယင်၊
မင်းက ဘာလို့ ဒီလူတွေကို အစ်ကိုကြီးတို့နဲ့အတူ မလိုက်ခိုင်းတာလဲလို့ အကိုကြီးကို
မေးချင်နေတာလား?"
“ဟုတ်ကဲ့” ကျိရှောင်ယင်က ခေါင်းညိတ်လိုက်သည်။
ကျိရွှေရှန့်က
သူ့ညီမလေး၏ ရှင်းသန့်ကြည်လင်နေသော မျက်လုံးတောက်တောက်ကြီးများကို စိုက်ကြည့်နေသည်။
ထိုအရာများကို သူမအား နားထောင်ခိုင်းရမည်ကို သူ တကယ်သည်းမခံနိုင်သော်လည်း သူ့၏စိတ်နှလုံးကလည်း
မာကျောရတော့မည် ဖြစ်သည်။
"ရှောင်ယင်၊ မင်းရဲ့ကြင်နာမှုက တခြားသူတွေအတွက် အသုံးချစရာ လက်နက်တစ်ခု ဖြစ်လာမယ်ဆိုတာကို
မင်း သတိထားတက်ရမယ်။ တကယ်တော့ လူ့တွေရဲ့နှလုံးသားထဲမှာ ရှိနေတဲ့ အတွေးတွေက
ကြောက်စရာအကောင်းဆုံးအရာတွေပဲ၊ မင်း အဲ့တာကို ဘယ်တော့မှ မြင်နိုင်မှာ မဟုတ်ဘူး။
ကြင်နာမှုကို စွန့်ပစ်လိုက်တာကပဲ မင်းအတွက် အကောင်းဆုံး ကာကွယ်မှု ဖြစ်လာလိမ့်မယ်၊
အခု ဒီလူတွေက သဘာဝဘေးဒဏ်ကို ခံနေကြရပြီး
သူတို့ကလည်း သနားစရာကောင်းတဲ့ သူတွေပါပဲ၊ ဒါပေမယ့်
ရက်အနည်းငယ်ကြာလာရင် သူတို့က စာလောင်မှုနဲ့ အအေးဒဏ်ကို မခံစားနိုင်တော့ပဲ ရုန့်ရင်းကြမ်းတမ်းလာလိမ့်မယ်။
အဲ့အချိန်ရောက်လာရင် သူတို့က တိရစ္ဆာန်တွေ၊ နတ်ဆိုးတွေလိုမျိုး ဖြစ်လာပြီး လူမဆန်တဲ့
အရှက်ကင်းမဲ့သူတွေ ဖြစ်လာကြလိမ့်မယ်။ သူတို့က အစ်ကိုကြီးတို့ရဲ့ အစားအစာတွေ ရေတွေနဲ့
သူတို့ လိုချင်တာမှန်သမျှကို လုယူဖို့ အစ်ကိုကြီးတို့ဆီကို ရောက်လာကြလိမ့်မယ်။ အစ်ကိုကြီးတို့က
ဘာမှမပေးရင် သူတို့က အစ်ကိုကြီးတို့ကို သတ်ပစ်ကြလိမ့်မယ်။ ပိုဆိုးတာက သူတို့က
လူသားတောင် စားချင် စားနိုင်သေးတယ်”
ကျိရှောင်ယင်က
သူမအစ်ကို၏စကားကြောင့် ထိတ်လန့်သွားခဲ့သည်။ သူမက မိုးရေများ စိုရွှဲနေသော ဒုက္ခသည်များကို
ကြည့်နေရင်း သူတို့က တကယ်ပဲ နတ်ဆိုးတွေ ဖြစ်လာမလားဟု တွေးနေမိသည်။
ကျိရွှေရှန့် စနစ်တကျ စီစဥ်ထားခဲပြီး သူ ထင်ထားသည့်အတိုင်း
ဒုက္ခသည်များ သူတို့၏အဖွဲ့ထဲသို့ ဝင်လိုသောကြောင့် ရောက်ရှိလာကြသည်။ သို့သော်လည်း ယုံခန်းနှင့်
လောင်ချီတို့က တုတ်များ၊ ပေါက်ပြားများကို ကိုင်ထားကာ သူတို့ကို မောင်းထုတ်ခဲ့ကြသည်။
သူတို့က
ရက်စက်ကြမ်းကြုတ်သည်ကို တွေ့မြင်လိုက်ရသောအခါ ဘေးဒုက္ခမှ ထွက်ပြေးလာသူများက သူတို့အဖွဲ့နှင့်
နီးကပ်စွာ မနေရဲကြပေ။ သို့သော်လည်း သူတို့က ကျိရွှေရှန့်၏အဖွဲ့နောက်သို့
ခပ်လှမ်းလှမ်းမှ လိုက်နေကြဆဲ ဖြစ်သည်။
“အရှိန်မြှင့်မယ်” ကျိရွှေရှန့်က သူ့မျက်နှာပေါ်က မိုးရေစက်များကို
သုတ်လိုက်ပြီး သူ့နောက်မှ လူအုပ်စုကြီးကို လှမ်းအော်လိုက်သည်။
"မြန်မြန်လုပ်၊ လာ ... ဆက်သွားကြမယ်" ထောင်ဟွားဝူမှ လူအိုကြီးချိုးကလည်း
သူ့လူများကို လေးနက်သော အမူအရာဖြင့် အမိန့်ပေးနေသည်။ သူက ဒုက္ခသည်များ၏
ရူးသွပ်မှုကို မြင်နိုင်သောကြောင့် ကျိရွှေရှန့်၏နည်းလမ်းကို သဘောတူခဲ့သည်။ လူများက
အလွန်ဗိုက်ဆာလာလျှင် သူတို့၏ သားသမီးများပင် စားနိုင်ကြသည်။ ထိုလူများ၏
မျက်လုံးများ နီရဲနေပြီး အန္တရာယ်ရှိသော သရဲတစ္ဆေ၊နတ်ဆိုးများ ဖြစ်လာကြသည်။
မိုးရွာထားသောကြောင့်
မြေပြင်က ရွှံ့ပေါက်နေကာ လမ်းလျှောက်ရန် ခက်ခဲလွန်းလှသည်။ အမျိုးသမီးများ၊
ကလေးများနှင့် ထိခိုက်ဒဏ်ရာရသူ အများအပြားသည်လည်း ခက်ခက်ခဲခဲ ရုန်းကန်နေကြရသည်။
တစ်ချို့လူများက တယောက်ပြီး တယောက် မူးမေ့လဲကျနေကြပြီး သူတို့မိသားစုမှ
အမျိုးသားများနှင့် မိသားစုဝင်များက သူတို့ကို တွဲကာ လမ်းဆက်လျှောက်နေကြရသည်။
သို့သော်လည်း
ဘယ်သူမှ မတားရဲကြပေ။ ကမ္ဘာမြေနဂါးကြီးက ဆက်၍ လှည့်လည်နိုင်မလားဆိုသည်ကို မည်သူမျှ
မသိနိုင်ပေ။
ဤသည်မှာ
သူတို့ ထွက်ပြေးလာသော ပထမဆုံးနေ့သာ
ဖြစ်နေသေးသည်။ အနာဂတ်တွင် သူတို့က ရှည်လျားသော ဤလွတ်မြောက်ရေးလမ်းမကြီးထက်တွင် မရေမတွက်နိုင်သော
အခက်အခဲများနှင့် ရင်ဆိုင်ကြရဦးမည် ဖြစ်သည်။ ထောင်ဟွားဝူမှ လူများ၏မျက်လုံးများက မှိန်းဝေနေကြပြီး
သူတို့အားလုံးက ကျိရွှေရှန့်နှင့် အဘိုးကြီးချိုးကို သူတို့၏ ကျောရိုးအဖြစ် သတ်မှတ်ထားကြသည်။
သူတို့ နားမည်ဟု မပြောလျှင် မည်သူမျှ အနားယူချင်သည်ဟု မပြောရဲကြပေ။
တစ်ညလုံး
လမ်းလျှောက်လာကြပြီး နောက်ဆုံးတွင် သူတို့က ယွိချန်၏ နယ်နိမိတ်မှ ထွက်ခွာလာကာ အရုဏ်တက်ချိန်တွင်
ကောင်းချန်(ကောင်းမြို့)နယ်နိမိတ်သို့ ဝင်ရောက်ခဲ့ကြသည်။
ယွိချန်က
ကြီးစွာသော ကပ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရပြီး ကောင်းချန်ကလည်း ထိခိုက်ခဲစားခဲ့ရသော်လည်း
ယွိချန်လောက်တော့ မပြင်းထန်ပေ။ မြေပြင်က အနည်းငယ်သာ တုန်ခါလှုပ်ရှားခဲ့ပြီး
တစ်ညလုံး မိုးသည်းထန်စွာ ရွာသွန်းခဲ့သည်။
မိုးရွာပြီးနောက်
ကောင်းကင်က ကြည်လင်လာကာ နေမင်းကြီးက တိမ်တိုက်များကို ဖြတ်ကျော်၍ မြေကြီးပေါ်သို့
ထွန်းတောက်နေပြီ ဖြစ်သည်။ လူတိုင်းက ငရဲကနေ လူ့ကမ္ဘာကို ပြန်ရောက်သွားသလို ခံစားလိုက်ကြရသည်။
ကျိရွှေရှန့်က
ခြောက်သွေ့သောမြေနေရာကို ရှာမတွေ့ခဲ့သောကြောင့် ရွာသူရွာသားများက
လမ်းမလျှောက်နိုင်တော့လောက်အောင် ပင်ပန်းနေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူက အတော်အတန်
ပြန့်ပြူးသော နေရာတစ်ခုကို ရှာတွေ့သွားပြီး နောက်သို့ ပြန်လှည့်ကာ လူတိုင်းကြားအောင်
အော်ပြောလိုက်သည်။
“အားလုံးပဲ....
အနားယူကြရအောင်”
အနားယူနိုင်သည်ဟု
ကျိရွှေရှန့် ပြောသည်ကို ကြားလိုက်သောအခါ ထောင်ဟွားဝူမှ လူများက ကြာကြာသည်းမခံကြတော့ပေ။ သူတို့က ကောက်ရိုးမိုးကာများကို
ချွတ်ကာ ရှုပ်ထွေးနေသော မြေကြီးပေါ်သို့ လှဲချလိုက်ကြသည်။
ထိုလူများကို
ပြန်ကြည့်လိုက်လျှင် မနေ့က သူတို့၏တောက်ပနေသော အသွင်အပြင်များက ဘယ်ဆီဘယ်ဝယ်သို့
လွင့်ပြယ်သွားမှန်း မသိနိုင်တော့ပေ။ သူတို့၏ဆံပင်များက ရုပ်ပွနေကာ သူတို့၏မျက်နှာများတွင်
ရွှံ့များ ဖုံးလွှမ်းနေပြီ ဖြစ်သည်။ ယခုအချိန်တွင် သူတို့က ဒုက္ခသည်များ တူညီနေပြီ ဖြစ်သည်။
သို့သော်လည်း
တညလုံး သူတို့နောက်သို့ လိုက်လာခဲ့သော ကပ်ဘေးဒုက္ခသည်များက သူတို့ထက်ပိုဆိုးသော
အခြေအနေတွင် ရှိနေခဲ့သည်။ သူတို့ အနားယူနေသည်ကို မြင်သောအခါ သူတို့လည်း ရပ်တန့်လိုက်ကြသည်။
သို့သော် မည်သူမျှ သူတို့ထံသို့ ချဉ်းကပ်ရန် သတ္တိမရှိကြပေ။ သူတို့ယူလာသော ပစ္စည်းများကိုသာ
စိတ်အားထက်သန်စွာ ကြည့်နေကြပြီး တစ်ညလုံး မိုးဒဏ်ကို ခံခ့၇သောကြောင့် တုန်ရီနေကြသည်။
"ယုံခန်း၊ လူတွေခေါ်သွားပြီး အိုးတစ်လုံးနဲ့ အစားအသောက်တွေ လုပ်ခိုင်းလိုက်၊
ယာဂုပဲလုပ်၊ အစားအစာကို ချွေတာကြရမယ်” ကျိရွှေရှန့်က သူ့၏ညီအစ်ကိုကောင်း ချိုးယုံခန်းကို
လှမ်းပြောလိုက်သည်။
ချိုးယုံခန်းက
ရွာလူကြီးချိုး၏ မြေးဖြစ်ပြီး သူက ဖြူစင်သော အသားအရေ ရှိသည့် ကြော့ရှင်းသည့် စာသင်သား
တစ်ယောက်ဖြစ်သည်။ သူက အမြဲတမ်း တည်တည်ငြိမ်ငြိမ် နေတက်ပြီး သူ့၏ခံစားချက်များကို
သူ့မျက်နှာတွင် မပြတတ်ပေ။ သူက ပိုင်ကျို့ရှန်း၏ အချစ်ဆုံးတပည့်ဖြစ်သည်။
“အေး”
ချိုးယုံခန်းက
ခေါင်းပြန် ညိတ်ပြလိုက်ပြီး သူ့အမေနှင့် ညီမကို သွားရှာရန် သဘောတူလိုက်သည်။ အဒေါ်ချိုးက
ရွာရှိအမျိုးသမီးများကြားတွင် နာမည်ကောင်းရသောကြောင့် သူမက ချက်ပြုတ်ရန် စီစဉ်ပေးလျှင်
ကျိရွှေရှန့်အတွက် စိတ်ချနိုင်မည် ဖြစ်သည်။
“လောင်ချီ၊ မင်းက လူတွေကို စောင့်ကြည့်ဖို့ တာဝန်ယူလိုက်။ ဘယ်သူ့ကိုမှ
အနားမကပ်စေနဲ့"
ကျိရွှေရှန့်က
သူ့၏ညီအစ်ကိုကောင်း နောက်တစ်ယောက် ဖြစ်သည့် ကျန်းလောင်ချီကို ညွှန်ကြားနေသည်။ ကျန်းလောင်ချီက
အရပ်ရှည်ပြီး သန်မာကာ သူ့စရိုက်က ကြမ်းတမ်းသော်လည်း ရိုးရှင်းသူ ဖြစ်သည်။ သူက ငယ်ငယ်ကတည်းက
ကျိရွှေရှန့်နှင့် ကစားရသည်ကို နှစ်သက်ပြီး ကိုယ်ခံပညာကိုလည်း အတူသင်ယူခဲ့ကြသည်။
သူက
မျက်နှာနီနီဖြင့် “ရတယ်၊ စိတ်ချ၊ ငါ ဒီအနားမှာ ရှိနေရင် ဘယ်သူမှ ဝင်လို့ မရစေရဘူး"
ကျိရွှေရှန့်ထံမှ
အရေးကြီးသော တာဝန်ကို အပ်နှင်းခံရခြင်းအတွက် ကျန်းလောင်ချီက အလွန်ပျော်ရွှင်နေပြီး
အာမခံချက်တစ်ခုပြန်ပေးကာ သူ၏ရင်ဘတ်ကိုသူ ပုတ်ပြနေသေးသည်။
ကျိရွှေရှန့်က
သူ့၏ညီအကိုကောင်းနှစ်ယောက်အတွက် တာဝန်ပေးထားသည်ကို တွေ့လိုက်ရသောကြောင့် လီတာ့နျိုတစ်ယောက်
မစောင့်နိုင်တော့ဘဲ လှမ်းမေးလိုက်သည်။ “ငါက ဘာလုပ်ရမှာလဲ”
လီတာ့နျိုကလည်း
ကျိရွှေရှန့်၏ ညီအစ်ကိုကောင်းတစ်ယောက်ဖြစ်ပြီး သူ့နာမည်က အချည်းနှီးရလာခဲ့ခြင်း
မဟုတ်ပေ။ သူက ငယ်ငယ်လေးကတည်းက ကျင်တစ်ထောင်ကို အမူအရာမပျက် မြှောက်တင်နိုင်ခဲ့သည်။
သူကလည်း ပိုင်ကျို့ရှန်းထံမှ ကိုယ်ခံပညာကို သင်ယူခဲ့သည်။ သူ့ထံတွင် မျက်ခုံးထူထူနှင့်
ကြီးမားသော မျက်လုံးကြီးများရှိပြီး သူက ရွှင်လန်းသော အကျင့်စရိုက်ရှိကာ အမြဲတမ်း ပျော်ပျော်နေတက်သည်။
"ငါးဖမ်းဖို့အတွက် မင်းနဲ့အတူ လူနှစ်ယောက်ကိုခေါ်ပြီး မြစ်ထဲသွားလိုက်"
ကျိရွှေရှန့်က
မဝေးသောနေရာမှ မြစ်ကို ညွှန်ပြနေသည်။ မနေ့ညက မိုးသည်းထန်စွာ ရွာသွန်းပြီးနောက်
မြစ်ရေက လှုပ်ရှားထကြွနေပြီး ရေကလည်း မြင့်တက်နေသောကြောင့် ငါးများ အများအပြား ရှိနေနိုင်သည်။
လီတာ့နျိုက
ခေါင်းကုတ်နေပြီး စိတ်ရှုပ်ထွေးနေသည့်အမူအရာဖြင့် ကျိရွှေရှန့်ကို လှမ်းကြည့်နေကာ "ငါးဖမ်းပိုက် မရှိဘူး!"
“ငါးဖမ်းဖို့ နွယ်ပင်တွေကို သုံးလို့ရတယ်၊ နွယ်ပင်တွေကို ခုတ်ဖို့
တောင်ပေါ်ကို အရင်သွားလိုက်”
ကျိရွှေရှန့်က
လီတာ့နျိုကို စိုက်ကြည့်နေသည်။ ဒီကောင်က ပြဿနာတစ်ခုခု ကြုံလာတိုင်း
ခေါင်းသုံးတက်တဲ့ကောင် မဟုတ်ဘူး၊ အဲ့တာက သူရဲ့အဓိက ပြဿနာကြီးပဲ။
"ငါ ဘာလို့ အဲ့လို မတွေးခဲ့တာလဲ? ရွှေရှန့် မင်းက
အံ့သြစရာကောင်းလောက်အောင် တော်လွန်းနေယ်”
လီတာ့နျိုက
ကျိရွှေရှန့်ကို လက်မထောင်ပြပြီး သဘောကျမှုများ ပြည့်နေသော မျက်နှာဖြင့် သူ့ကို
မြှောက်ပင့်ပေးလိုက်သည်။
ကျိရွှေရှန့်က
သူ့ကို လျစ်လျူရှုလိုက်သည်။ သူက အားလုံးနှင့် ညှိနှိုင်းပြီးနောက် မနေ့က သူတို့ ကယ်တင်ထားခဲ့သည့်
အမျိုးသမီးကို ပြန်သွားကြည့်လိုက်သည်။ သူမက တစ်ညလုံး သတိလစ်နေခဲ့သည်။
"အစ်ကိုကြီး၊ ညီမတို့ ဘာလုပ်သင့်လဲ။ ဒီအစ်မက မနိုးသေးဘူး” ကျိရှောင်ယင်က
ခါးသီးသောအမူအရာဖြင့် သူမ၏အစ်ကိုကြီးကို လှမ်းမေးလိုက်သည်။
သူမက
စူးချင်း၏မျက်နှာပေါ်မှ မိုးရေများကို သုတ်ပေးနေသော်လည်း သူမကို ထိခိုက်စေမည်ကို
စိုးရိမ်နေသဖြင့် အားကို အလွန်အကျွံ အသုံးမပြုဝံ့ပေ။
“နောက်မှ ရေနည်းနည်း တိုက်ထားလိုက်။ အစ်ကိုကြီးက ဆေးပင်တွေ ရှာဖို့
တောင်ပေါ်ကို သွားလိုက်မယ်”
ကျိရွှေရှန့်က
စူးချင်း၏ သွေးခုန်နှုန်းကို ထပ်စမ်းလိုက်ပြီး သူ့၏မျက်လုံးများက ပိုလေးနက်လာသည်။
ဒီအမျိုးသမီးရဲ့
အခြေအနေက မနေ့ကထက် ပိုပြင်းထန်တယ်။ သူမက ငါ့ညီလေးရဲ့ကယ်တင်ရှင်ဖြစ်နေပြိး ငါက သူမကို
ကုပေးမယ်လို့ ပြောထားပြီးသားမို့ ကတိဖျက်လို့ မဖြစ်ဘူး။
မနေ့ညက
မြေကြီးနဂါးက လှည့်လည်ခဲ့ပြီး သူတို့အဖွဲ့မှ လူလေးဦး ဒဏ်ရာရခဲ့သည်။ မိုးရေထဲတွင်
တစ်ညလုံး ရေစိမ်ခဲ့ရသော သက်ကြီးရွယ်အိုများနှင့်
အားနည်းသူများကလည်း အအေးမိသွားခဲ့ကြသည်။ သူတို့အားလုံးက ဆေးဝါးများ အရေးတကြီး
လိုအပ်နေပြီး သူ တောင်ပေါ်ကို သွားရတော့မည် ဖြစ်သည်။
"အစ်ကိုကြီး၊ သတိထားနော်" ကျိရှောင်ယင်က သူမ၏အစ်ကိုကို စိုးရိမ်တကြီး မှာကြားနေသည်။
ဤတောင်က အလွန်မြင့်မားပြီး တောင်ပေါ်တွင် ရက်စက်ကြမ်းကြုတ်သော သားရဲများ ရှိနေနိုင်သောကြောင့်
သူမက သူမ၏အစ်ကိုအတွက် စိတ်ပူနေခဲ့သည်။
"အစ်ကိုကြီးက အဆင်ပြေပါတယ်" ကျိရွှေရှန့်က သူ့ညီမလေးကို
နှစ်သိမ့်လိုက်သည်။
သူက
လေးတစ်လက်၊ မြှားတစ်ဘူးနှင့် တောင်းတစ်လုံးကို ယူကာ ဓားရှည်ကို ထမ်းပြီး
အခြားလူနှစ်ယောက်ကို ခေါ်ကာ တောင်ဆီသို့ ဦးတည်လိုက်သည်။
"အစ်ကိုကြီးရွှေရှန့်"
အပြာရောင်ဝတ်စုံဝတ်ထားသည့်
ချိုးယွဲ့က သူတို့ဆီသို့ လျှောက်လာနေသည်။ ချိုးယွဲ့က ရွာလူကြီးချိုး၏ မြေးဖြစ်ပြီး
ချိုးယုံခန်း၏ညီမ ဖြစ်သည်။ သူမက သိမ်မွေ့သောအသွင်အပြင်နှင့် နူးညံ့သိမ်မွေ့သော
ကိုယ်ရည်ကိုယ်သွေးရှိသည်။ မိသားစုနှစ်စုက အိမ်နီးချင်းဖြစ်သောကြောင့် သူမက ကျိရှောင်ယင်ခေါ်သလို
လိုက်ခေါ်ကာ သူ့ကို အစ်ကိုကြီးရွှေရှန့်ဟု ခေါ်ခဲ့သည်။
ချိုးယွဲ့က အထည်အိတ်သေးသေးတစ်လုံးကို ကျိရွှေရှန့်ထံ လှမ်းပေးလိုက်ပြီး နူးညံ့သောအသံဖြင့် “မနေ့က အိမ်ကထွက်လာတုန်းက ပန်ကိတ်တွေ လုပ်ခဲ့တယ်။ တောင်ပေါ်မှာ စားဖို့ ယူသွားလိုက်ပါ!”
✍️✍️✍️